Breaking News

မောင်စွမ်းရည် - မန်းတက္ကသိုလ်ထွက် စာရေးဆရာများ



မောင်စွမ်းရည် - မန်းတက္ကသိုလ်ထွက် စာရေးဆရာများ

(မိုးမခ) မတ််၂၀၊ ၂၀၂၀ 

တက္ကသိုလ်ဆိုတာ လူငယ်လူရွယ်တွေ စိတ်အားထက်ထက်သန်သန်နဲ့ စုဝေးပညာသင်ယူ ဆည်းပူး ကြတဲ့နေရာမှာ ဖြစ်ပါတယ်။ ပျိုရွယ်သူတွေဆိုတော့ ကိုယ်စွမ်း ဉာဏ်စွမ်း ဘက်စုံ ထက်သန်နေတဲ့ အရွယ် မဟုတ်လား။ ဒါကြောင့် ဒီအရွယ်မှာ ဘာပဲလုပ်လုပ် ထက်ထက်သန်သန် လုပ်ဆောင်လေ့ရှိ ကြပါတယ်။ ဝါသနာတူ၊ ချစ်ခင်သူတွေ စုပေါင်းနေကြတာဖြစ်လို့ တဦးနဲ့တဦး ကိုယ့်စိတ်ကူး သူ့ကို ပြော၊ သူ့စိတ်ကူး ကိုယ့်ကိုပြောပြီး တိုင်ပင်နှီးနှောရင်း သူ့ဆီကလည်း ကိုယ်ယူ၊ ကိုယ့်ဆီကလည်း သူယူနဲ့ တဦးနဲ့တဦး ဖြည့်ဆ်းပေးကြတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီအရွယ်၊ ဒီနေရာ မှာ ဝါသနာတွေ၊ စေတနာတွေ ဝေဖြာဖွံ့ဖြိုးစေပါတယ်။

မန္တလေးတက္ကသိုလ် စတင်ဖွင့်လှစ်စမှာ ရန်ကုန်တက္ကသိုလ်ရဲ့ လက်အောက်ခံ ကောလိပ်ကျောင်းခွဲ‌ လေးတခုအနေနဲ့ စတင်ဖွင့်လှစ်ခဲ့ရပါတယ်။ မြန်မာပြည် လွတ်လပ်ရေးရပြီးလို့ ဆယ်နှစ်လောက် ကြာမှ သီးခြားတက္ကသိုလ်ရယ်လို့ ဖြစ်လာပါတယ်။ သီးခြားတက္ကသိုလ် ဖြစ်စမှာပဲ ကျွန်တော်တို့ တတွေ မန်းတက္ကသိုလ်ကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒေသအမျိုးမျိုးက လာကြတဲ့ လူငယ် လူရွယ်တွေဟာ တနေရာတည်းမှာ လာပြီးစုဝေးနေထိုင်ကြတယ်။ ဒါပေမဲ့ သင်ယူတဲ့ ဘာသာချင်း လည်းတူ၊ အတန်းချင်းလည်း တူသည့်တိုင်အောင်၊ စာသင်ခန်းထဲမှာ ဆုံကြတာ အလွန်နည်းပြီး လက်ဖက်ရည်ဆိုင်နဲ့ စာအုပ်ဆိုင်တွေမှာ ဆုံကြတာက ပိုပြီးများကြတယ်လို့ ထင်ပါတယ်။ ကျောင်းသားသမဂ္ဂ၊ ကျောင်းသားညီညွတ်ရေးတပ်ဦးအဖွဲ့၊ ဒီမိုကရက်တစ်ကျောင်းသားများအဖွဲ့၊ မြန်မာစာအသင်း စတဲ့ ဘာသာရပ်အသင်းအဖွဲ့ကလောင်ရှင်အသင်း၊ အားကစားအသင်းအဖွဲ့ စတဲ့ ဝါသနာပါအသင်းအဖွဲ့၊ ဒီလို အသင်းအဖွဲ့တွေမှာ ဝါသနာတူရာ စုမိကြပြီး ဝါသနာဖွံ့ဖြိုးရေးအတွက်ပဲ လုံးပန်းနေကြတာ များပါတယ်။

ဒီလို တက္ကသိုလ်ကပဲ ထူးချွန်ထင်ရှားတဲ့ အားကစားသမားတွေ၊ အနုပညာရှင်တွေလည်း ပေါ်ထွက် လာခဲ့ပါတယ်။ ကျောင်းကို လာရောက်ကြတာကတော့ ဒါတွေ ထူးချွန်အောင် လုပ်ဖို့ရယ် မဟုတ်ကြ ဘူးပေါ့။ ဆရာဝန်ဖြစ်ဖို့၊ အင်ဂျင်နီယာဖြစ်ဖို့၊ စီးပွားရေးပညာရှင် ဖြစ်ဖို့၊ စိုက်ပျိုးရေးပညာရှင် ဖြစ်ဖို့ စတဲ့ ရည်မှန်းချက်တွေ အသီးသီးနဲ့ မိဘက လွှတ်လိုက်တာပါပဲ။ တချို့ဆို ဘာဘွဲ့မှ မရဘဲ နိုင်ငံကျော် ပန်းချိဆရာ၊ နိုင်ငံကျော် ကဗျာဆရာ၊ နိုင်ငံကျော် လက်ဝှေ့သမား စသဖြင့် ဖြစ်ပြီး ပုံမှန် ကျောင်းနေခွင့်ရချိန်ထက် လေး၊ ငါးနှစ် ပိုနေပြီးမှ ထွက်လာခဲ့ကြသူတွေလည်း ရှိကြပါတယ်။ ဘွဲ့မရ ပေမယ့် ထူးချွန်မှုတခုခု ရခဲ့တဲ့ သဘောပေါ့။ ဘာမှ မရခဲ့လည်း တသက်တာ ပေါင်းသင်းရမယ့် အပေါင်းအသင်း၊ စီးပွားဖက် မိတ်ဆွေတွေ ရခဲ့တာလည်း ရှိသလို ပညာမရ၊ ကြင်ရာရခဲ့ ဆိုတာမျိုး လည်း ရှိခဲ့ပေသပေါ့။

မန္တလေးကောလိပ် ဖွင့်စမှာ မန္တလေးမြို့ပေါ်က ကျောင်းသားတွေအပြင် မန္တလေးဝန်းကျင် အညာဒေသက မုံရွာ၊ မိတ္ထီလာ၊ မြင်းခြံ စစ်ကိုင်း၊ ရွှေဘို၊ တောင်ကြီး စတဲ့ မြို့တွေက ကျောင်းသား တွေပဲ အလာများကြမှာကတော့ ဓမ္မတာပေပဲပေါ့။ တချို့ကတော့ ရန်ကုန်ကိုပဲ တန်းသွားကြသူတွေ လည်း ရှိတာပေါ့။ ဒါပေမဲ့ မန္တလေးမှာ နှစ်နှစ်ပဲ နေရတာပါ။ ဥပစာတန်း ခေါ် အိုင်အေ၊ အိုင်အက်စီ ပထမနှစ်နဲ့ ဒုတိယနှစ် နှစ်နှစ်ပဲ နေကြတာပါ။ နှစ်ခါကျရင် ကျောင်းထွက်၊ သုံးခါကျရင် ကျောင်းထွက် ဆိုတဲ့ စနစ်တွေကတော့ ၁၉၅၀ ခုနှစ်လောက်မှာ ကျောင်းသားတွေကလည်း ကျောင်း နဲ့ မဆံ့အောင် များလွန်းလာလို့ ပေါ်လာရတဲ့စနစ်တွေပေါ့။ နောက်တော့လည်း စစ်တွေ၊ မော်လမြိုင်၊ မကွေး စသဖြင့် ‘ဒေသကောလိပ်’တွေလည်း ဖွင့်ပေးလာရပါတယ်။

ဒီလိုအခါကျတော့လည်း သူ့ဒေသအလျောက် ထက်မြက်ထူးချွန်သူတွေကတော့ အနည်းနဲ့ အများ ပေါ်ထွက်မြဲပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးခေတ်မှာ မန်းကောလိပ်သိပ္ပံ ပထမခေတ်က ပုဂ္ဂိုလ်တွေဆို စာပေဆု ရကြပါတယ်။

မန်းကောလိပ်သိပ္ပံကျောင်းက ပထမဦးဆုံး ထွက်ပေါ်ခဲ့တဲ့ စာရေးဆရာများကတော့ တက်ဘုန်းကြီးသိန်းဖေ ခေါ် ဦးသိန်းဖေမြင့်၊ အင်းလျားဆောင်သူ မအမာ ခေါ် လူထုဒေါ်အမာ၊ ဇေယျာမောင် ခေါ် စစ်ကိုင်းဇာတိ မန်းတက္ကသိုလ်ကျောင်းအုပ် ဖြစ်လာသူ ဦးကိုလေး၊ သပိတ်မှောက် ကျောင်းသူအဖြစ် ဒေါ်အမာနဲ့အတူ ကျော်ကြားခဲ့သူ အမ်-အေမအုန်းဘွဲ့ခံ ပါဠိပါမောက္ခ ဒေါ်အုန်း၊ ဝတ္ထုရှည် စာပေဗိမာန်ဆုရ ဆရာဝန်ဦးထွန်းရွှေ(ဒေါက်တာထွန်းရွှေ)တို့ ဖြစ်ပါတယ်။ ဦးသိန်းဖေမြင့်၊ ဒေါ်အမာ၊ ဇေယျာမောင်၊ ဒေါက်တာထွန်းရွှေတို့က စာပေဗိမာန်ဆု(အမျိုးသားစာပေဆု) ရကြသူတွေ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ မြန်မာပြည်ကို စစ်ရောက်လာပြီး ဂျပန်ခေတ်ကို ဖြတ်သန်းကြရပါ တယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးတော့ မြန်မာပြည်ဟာ ဗြိတိသျှလက်အောက်က လွတ်မြောက်လာ ပြီးမှာ ပထမဝန်ကြီးချုပ်ဦးနု တည်ထောင်ခဲ့တဲ့ စာပေဗိမာန်အသင်းကြီးက ပေးတဲ့ နိုင်ငံတော်အဆင့် စာပေဆု ဖြစ်ပါတယ်။

သခင်နု ခေါ် ဦးနုမှာ ‘နဂါးနီ’ ခေါ် ဘာသာပြန်အသင်းကိုလည်း တည်ထောင်ခဲ့သူတဦး ဖြစ်ပြီး မြန်မာ စာပေတိုးတက်ရေးကို များစွာအကျိုးပြုခဲ့သူတဦး ဖြစ်ပါတယ်။ ဦးနု လက်ကနေ နိုင်ငံတော်အာဏာ ကို စစ်တပ်က သိမ်းပြီးတဲ့ကာလ ၁၉၆၂ နောက်ပိုင်းမှာတော့ စာပေဗိမာန်ဆုဟာ အမျိုးသားစာပေဆု လို့ အမည်ပြောင်းသွားခဲ့ရပါတယ်။ (ကိုလိုနီခေတ် မန်းကောလိပ် ကျောင်းသားကြီးတွေ စာပေဆု ရကြတယ် ဆိုတာ လွတ်လပ်ရေးခေတ်ရောက်မှ ရကြတဲ့ဆုတွေ ဖြစ်ပါတယ်။)

လွတ်လပ်ရေးခေတ် ရောက်တော့ မန်းတက္ကသိုလ်မှာ ကောလိပ်သိပံ္ပကျောင်းခွဲအဖြစ် ခဏရပ်တည်ခဲ့ ရပြီးနောက် ၁၉၅၈ ခုနှစ်လောက်မှာ သီးခြားတက္ကသိုလ် ဖြစ်လာခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် လက်အောက်က လွတ်ကင်းပြီး သီးခြားပြဋ္ဌာန်းခွင့်၊ သီးခြားစာမေးပွဲစစ်ခွင့်၊ သီးခြားဘွဲ့ပေးခွင့်ရှိတဲ့ တက္ကသိုလ် ဖြစ်လာခဲ့ပြီး ကျောင်းသားတွေ အလွန်တိုးပွားများပြားလာခဲ့လို့ မန်းတက္ကသိုလ်ကလည်း ကျောင်းခွဲကောလိပ်တွေ ထပ်မံခွဲပြီး ဖွင့်လှစ်ပေးခဲ့ရပြန်ပါတယ်။ မန်းတက္ကသိုလ် ကျောင်းသားထဲက စာရေးဆရာတွေလည်း အများအပြား ထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။ မန်းမြို့ ဗဟိုတက္ကသိုလ်မှာပဲ စာရေးဆရာတွေလည်း အများအပြား ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ ကဗျာဆရာ မောင်ပေါက်စည် (မန်းတက္ကသိုလ်) ဆိုရင် နောင်အခါ ခရစ်ယာန် သာသနာပိုင်ချုပ်အဖြစ်နဲ့ပါ ထင်ရှားပါတယ်။ သူနဲ့ အတူ မောင်သိင်္ဂါ(မောင်သာနိုး)၊ မောင်အောင်သျှန်၊ တက္ကသိုလ်နွယ်ထွန်း၊ တက္ကသိုလ်မောင်ထွန်းဝေ၊ တက္ကသိုလ်မြတ်သူ၊ တက္ကသိုလ်ဝင်း၊ ဘုတလင်ချစ်လေး၊ မုံရွာတင်ရွှေ၊ ဝင်းမောင်သန်း၊ ဥဿာစစ်သူ များ ဖြစ်ပါတယ်။ အများအားဖြင့် ကဗျာရေးသူတွေချည်းလိုလိုပါပဲ။ မုံရွာတင်ရွှေ၊ တက္ကသိုလ်နွယ်ထွန်း၊ တက္ကသိုလ်ဝင်းတို့ပဲ စကားပြေ ရေးသူတွေ ဖြစ်ပါတယ်။ မုံရွာတင်ရွှေက အတ္ထုပ္ပတ္တိ အရေးများပါတယ်။ တက္ကသိုလ်ဝင်းက သတ်ပုံဆောင်းပါး အရေးများပါတယ်။ တက္ကသိုလ်နွယ်ထွန်း(ထွဏ်း?)က ရှေးစာပေအကြောင်း အရေးများပါတယ်။ မောင်သိင်္ဂါက ပထမပိုင်းမှာ မောင်ပေါက်စည်တို့နဲ့အတူ ကဗျာပဲ အရေးများခဲ့ပြီး ကျွန်တော်တို့နဲ့ကျတော့ နိုင်ငံခြား ကဗျာ ဘာသာပြန်တွေ အရေးများပါတယ်။ စာပေ စာမျိုးစုံရေးသူတွေ ရှိခဲ့ပါတယ်။ ကျောင်းသူထဲက စာရေးတာ မော်မော်လှိုင်တယောက်ပဲ မှတ်မိပါတယ်။

မန်းတက္ကသိုလ်ကို စစ်ပြီးခေတ်မှာ ဒုတိယမျိုးဆက်လို့ ဆိုနိုင်သူများကတော့ ကျွန်တော်တို့အုပ်စု ဖြစ် ပါတယ်။ ၁၉၅၆ မှာ မောင်မိုးသူ (မန္တလေး စိန့်ပီတာကျောင်းထွက်များ)၊ ကြည်အောင်(ကြည်လင်)၊ လေးမောင်(မြင်းခြံ)၊ ညွန့်အေး(အင်းဝ)၊ ကသာဝင်းကြွယ်(ခင်မောင်ဝင်း)၊ မောင်စွမ်းရည်၊ မောင်မျက်ရှင်၊ ရေဦးမြင့်မောင်၊ မောင်စန်းသော်(ဒေါက်တာခင်မောင်ရီ) စသူတွေ ဖြစ်ပါတယ်။ ကျောင်းသူထဲကဆိုရင် ပင်းယဌေး၊ ပင်းယဖွေး(တင်ဌေးလှ၊ တင်မွှေးလှ ညီအစ်မ)၊ အရိုင်း (ရွှေမန်းညာမြေ၊ အမည်ရင်း ခင်စုလှိုင်)၊ ရွှေဘိုတူးမာ၊ တင်မိုး (အမည်ရင်း မောင်ဘဂျမ်း)၊ မောင်သိန်းနိုင် (ဂုဏ်ထူးသိန်းနိုင်)၊ ကျော်အောင်၊ မောင်မိုးသူ၊ ကြည်အောင်၊ လေးမောင်၊ ညွန့်အေး၊ မောင်စွမ်းရည်တို့ရဲ့နောက် တနှစ်နောက်ကျပြီး ၁၉၅၇ ခုနှစ်မှ ရောက်လာတဲ့အခါ ကလောင်ရှင် အသင်း လှုပ်ရှားမှုတွေနဲ့ စာအုပ်ထုတ်ဝေမှုတွေကတော့ သူတို့နှစ်ဦး ရောက်လာပြီးမှ အရှိန်မြင့်တက် သွားခဲ့တာ ဖြစ်ပါတယ်။ ဇော်ဇော်အောင်က ကျွန်တော်တို့အရင် စောရောက်ပြီး ကျွန်တော်တို့နဲ့ တနှစ် အတူနေရပြီး နောက်တနှစ်မှာ ရန်ကုန်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ သူနဲ့အတူ မုံရွာကပဲ စောလွင် ဆိုတဲ့ ကဗျာဆရာလည်း ရန်ကုန်ပြောင်းသွားပြီး ရန်ကုန် စာနယ်ဇင်းလောကမှာ အတော်အတန် ဝင်ဆံ့နေခဲ့ပါသေးတယ်။ ဘွဲ့ရပြီး ရှေ့နေလုပ်ရင်း မုံရွာ ပြန်လာပြီး စောစော ကွယ်လွန်သွားခဲ့ရှာပါတယ်။ မောင်ဆီလာ ဆိုတဲ့ ကဗျာဆရာလည်း ကျွန်တော်တို့နဲ့အတူ တက္ကသိုလ် ရောက်ပြီး ရွှေဘိုတူးမာနဲ့ အိမ်ထောင်ကျပြီး မေမြို့မှာ အခြေတကျ နေကြပါတယ်။ မုံရွာဝင်းဖေ၊ မောင်သန်းထေွး၊ မောင်မျိုးမြင့်တို့က ကျွန်တော်တို့ တက္ကသိုလ်က ထွက်မှ ရောက်လာကြသူတွေပါ။

မြန်မာစာဌာနမှာ တင်မိုး၊ မောင်သိန်းနိုင်တို့နဲ့အတူ မြန်မာစာ ဂုဏ်ထူးတန်းတက်နေကြသူတွေထဲမှာ ကလောင်သွေးလာကြသူတွေလည်း ရှိကြပါတယ်။ တင်မိုး၊ မောင်သိန်းနိုင်၊ မောင်စွမ်းရည်၊ ကြည်အောင်တို့လို ကလောင်ရှင်အသင်းမှာ လှုပ်လှုပ်ရှားရှား လုပ်နေကြသူတွေက အစိုးရ မကြိုက် တဲ့ ကျောင်းသားညီညွတ်ရေးတပ်ဦးနဲ့ ကျောင်းသားသမဂ္ဂတို့မှာလည်း ပါဝင်လှုပ်ရှားနေကြသူတွေ (ထောင်စာတွေ) ဖြစ်ကြပါတယ်။ ဒါကြောင့် မြန်မာစာဌာနက ကျောင်းသားများက ကျွန်တော်တို့နဲ့ သိပ်မရောရဲကြပါ။ ဒီအထဲကပဲ တမ္ပဝတီမောင်ငွေစန်း၊ အင်းလေးဌေးမြင့်နွယ်၊ စောလူ(စောထွန်း) စသူတွေက စာပေရှေ့တန်းကို တိုးထွက်လာကြတာလည်း ရှိလာပါတယ်။

မန်းတက္ကသိုလ်မှာ ကျောင်းသားတွေ ကျောင်းဝင်စကတည်းက ရှေးထုံးစံအတိုင်း ကောက်ခံတဲ့ ကျောင်းဝင်ကြေးထဲမှာ တက္ကသိုလ်နစ်လည်မဂ္ဂဇင်းကြေးလည်း ပါရှိပါတယ်။ တက္ကသိုလ်မော်ကွန်း ထိန်းရုံးကပဲ ကောက်ခံထိန်းသိမ်းထားပါတယ်။ ကျောင်းသားသမဂ္ဂက ခန့်အပ်တဲ့ မဂ္ဂဇင်း တာဝန်ခံ က မဂ္ဂဇင်းထုတ်ဝေရေးအဖွဲ့ (မဂ္ဂဇင်းကော်မတီ) ဖွဲ့စည်းပြီး သူက အတွင်းရေးမှူး၊ မြန်မာစာ ပါမောက္ခက ဥက္ကဋ္ဌအဖြစ် ပါဝင်ကာ မြန်မာစာ စာတည်း၊ အင်္ဂလိပ်စာ စာတည်းတို့ကိုပါ ရွေးချယ် ခန့်ထားရပါတယ်။ မဂ္ဂဇင်းထွက်လာတဲ့အခါ ကျောင်းသားတိုင်းကို တအုပ်စီ ထုတ်ပေးရပါတယ်။ ဥပမာ ကျွန်တော်က ကျောင်းသားသမဂ္ဂက ခန့်အပ်တဲ့ မဂ္ဂဇင်းကော်မတီ အတွင်းရေးမှူးတာဝန်ယူရ စဉ်က မြန်မာစာ စာတည်းက မောင်သိန်းနိုင်၊ အင်္ဂလိပ်စာ စာတည်းက ကြည်အောင်။ မောင်သိန်းနိုင် က မြန်မာစာပါမောက္ခ ဦးချမ်းမြ (ခေတ်စမ်းစာဆို မြကေတု)နဲ့ တွဲရပြီး ကြည်အောင်က အင်္ဂလိပ်စာ ပါမောက္ခ မစ္စတာမူနီနဲ့ တွဲရပါတယ်။ အဲဒီကာလမှ စာရေးဆရာ အကျော်အမော် တက္ကသိုလ်ဘုန်းနိုင် (စိတ်ပညာဌာန ကထိက ဦးခင်မောင်တင့်) ရှိပေမယ့် သူက မြန်မာစာဌာနက မဟုတ်လို့ မဂ္ဂဇင်း ကော်မတီမှာ တာဝန်မယူခဲ့ရပါ။ ဆရာတက္ကသိုလ်ဘုန်းနိုင်က ရန်ကုန်တက္ကသိုလ်က ပြောင်းလာသူ ဖြစ်ပါတယ်။ ဆရာက မန်းတက္ကသိုလ်ကျောင်းသားများနဲ့ ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေ ဆက်ဆံလေ့ ရှိပါတယ်။ ဒါပေမဲ့ ဆရာ့ရဲ့ နာမည်ကျော်ဝတ္ထု ‘ညီမလေးရယ် စိုးရိမ်မိတယ်’ ဆိုတာက တက္ကသိုလ် နောက်ခံဝတ္ထု ဖြစ်ပြီး ကျောင်းသားသမဂ္ဂ မဲနိုင်အဖွဲ့အစည်း ဖြစ်တဲ့ ကျောင်းသားညီညွတ်ရေးတပ်ဦး အဖွဲ့ကို မြေပေါ်မြေအောက် ကွန်မြူနစ်ပါတီများရဲ့ ကိုယ်စားလှယ်တွေအဖြစ် သူတို့နဲ့ မပတ်သက် သင့်ကြောင်း ရေးထားတဲ့ဝတ္ထု ဖြစ်လို့ အများစု တက္ကသိုလ်ကျောင်းသားတွေက တပ်ဦးအဖွဲ့ ပါဝင် ထောက်ခံနေကြသူတွေ ဖြစ်ထားကြောင်း၊ ဆရာတို့နဲ့ ကျောင်းသားအများနဲ့ ဆက်ဆံရေးမှာ ခပ်ကျဲကျဲ ဖြစ်နေခဲ့ရပါတယ်။ တက္ကသိုလ်ထဲရှိ ဆရာ့အိမ်ကလည်း ဒိအက်စ်အို ခေါ် ကျောင်းသား ထောက်ခံမှု အလွန်နည်းတဲ့ (တည်မြဲအစိုးရ) ကိုယ်စားလှယ်ကျောင်းသားများရဲ့ စုရပ်ဖြစ်နေတဲ့ အတွက် ကျွန်တော်တို့နဲ့ ဆက်ဆံရေးကျဲခံရတာ ဖြစ်ပါတယ်။ ဆရာရော ကျွန်တော်တို့ရော ကျောင်းပြင်ရောက်ပြီး ရှစ်လေးလုံးကာလလွန်မှ အထူးရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံခဲ့ကြပါတယ်။ နိုင်ငံရေးကိစ္စတွေကြောင့် ဆရာ တပည့် ဆက်ဆံရေးကျဲခဲ့ရတာတွေ၊ ကျောင်းသားချင်း ကွဲခဲ့ရတာ တွေဟာ ကျွန်တော်တို့ခေတ်ရဲ့ အရုပ်ဆိုးခဲ့ရတဲ့ ဖြစ်ရပ်ဖြစ်စဉ်တွေပါပဲ။ နိုင်ငံရေး ဆိုတော့လည်း ဒီလို ဖြစ်မြဲပဲ မဟုတ်လား။ (ဇော်ဇော်အောင်က အဲဒီ(နိုင်ငံရေး)ကို စိတ်ပျက်ကြောင်း နောင်တရစာတမ်း ရေးခဲ့ဖူးပါတယ်။)

မန္တလေးမြို့ပေါ်မှာ လူထုသတင်းစာတိုက်အပြင် ပဟိုရ်စည်၊ မန်းခေတ် မြန်မာ့လမ်းစဉ် စသဖြင့် သတင်းစာတိုက်တွေ ရှိကြပေမယ့် မဂ္ဂဇင်းတိုက် မရှိ။ ဒါပေမဲ့ တက္ကသိုလ်မှာလို သဘောကွဲလွဲမှုမျိုး လည်း မရှိပါ။ စာပေသမားတွေအများစုဟာ စစ်အစိုးရကို အာဏာရှင်အစိုးရ ဖိနှိပ်တဲ့ အစိုးရအဖြစ် ဗြောင်ဆန့်ကျင်ကြတာ များတဲ့အတွက် သင်းကွဲရယ်လို့ လုံးဝမရှိဘဲ အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းဆိုပြီး အသင်းအဖွဲ့တစ်ခုတည်းသာရှိခဲ့ပြီး နှစ်စဉ် စာဆိုကြီးများ ကန်တော့ပွဲနဲ့ စာပေစာတမ်း ဖတ်ပွဲများကို စာဆိုတော်နေ့တိုင်း နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြတာဟာ ဆယ်နှစ် တာမျှရှိခဲ့ပြီး စစ်အစိုးရက အဖွဲ့အစည်းများ မဖွဲ့ရလို့ ပိတ်ဆို့လိုက်မှ ရပ်သွားခဲ့ရပါတယ်။ မြန်မာနိုင်ငံ လုံးဆိုင်ရာ စာရေးဆရာညအသင်းကြီးက မလုပ်နိုင်တာတွေကို အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းက အောင်မြင်စွာ လုပ်နိုင်ခဲ့ကြကြောင်းဆိုတာ သမိုင်းဖြစ်ခဲ့ပါပြီ။

ညီညွတ်ရေးသည် အင်အားပါပဲ။

မောင်စွမ်းရည်
၂၀၂၀ ဇန်နဝါရီ ၂၁ ရက်
နယူးယောက်