Breaking News

ခွန်ဆိုုုုုင်း - ကိုဗစ် ဒိုင်ယာရီ -၂




ခွန်ဆိုုုုုင်း - ကိုဗစ် ဒိုင်ယာရီ -၂

(မိိုးမခ) မတ် ၂၀၊ ၂၀၂၀

ဘုရင်မကြီးက ကိုဗစ် ကို ရင်ဆိုင်နေတဲ့ သိပ္ပံပညာရှင်တွေ ဆရာဝန်ဆရာမတွေ ဌါနဆိုင်ရာ အရာထမ်းအမှုထမ်းတွေကို ကျေးဇူးတင်တဲ့အကြောင်း တကူးတက ပြောတာတွေ့တယ်။ သူလဲသူ့တာဝန် ။

အစိုးရက သူ့ စစ်သား ၂သောင်း ကို အဆင်သင့် ပြင်ထားပြီတဲ့ ။ ရဲနဲ့ ဆေးဝန်ထမ်းတွေကို လိုအပ်တဲ့ နေရာတွေမှာ ကူညီဘို့ တဲ့ ။

ဝန်ကြီးချုပ်ဘောရစ် ကတော့ ဗြိတိန် ကို နောက် ၁၂ပတ်ကြာရင်ထိန်းချုပ်လို့ ရနိုင်ကောင်းပါတယ်လို့ မယုတ်မလွန်လေး ဒီနေ့ပြောနေတာ သတိထားမိတယ်။အရင်အပတ်ကပြောလိုက် တုန်းက နောက် ၄ပတ်ကြာရင် အီတလီလို ဖြစ်လာနိုင်တယ် ပြောမိလို့ လူတွေ အထိတ်တလန့်ဖြစ်ကြတယ်။ ဒါကြောင့် ခုလိုပြင် ပြောတာလား ။ ဘာမှ မသေချာဘူး ။ ၁၂ပတ် ဆိုတာ တကယ်တော့ ၃လတောင် ။ ရနိုင်ကောင်းပါတယ်လို့ သာ သူ ပြောနေတာ ။ ဒီနေ့ အတည်ပြုလူနာစာရင်း တွေ အတော်တက်လာတယ်။ အခု လူနာ အစစ် ၃၀၀၀ ကျော်သွားပြီ။စောင့်ကြည့်တွေ စစ်ဆေးဆဲတွေ တပုံကြီး ။ တပတ်လောက်ဆို တသောင်းလောက်များဖြစ်နေမလား၊ ဘယ်သူမှ မပြောနိုင်ဘူး။ အမေရိကန်သမတလဲ ဒီရောဂါကို လိုကယ် Local ပါကွာ ။ ဂလိုဘယ် Global မဟုတ်ဘူး ဆိုပြီး တရုတ်ကို ခပ်နှိမ်နှိမ် ပြောတာပဲ ။ Pandemic မဟုတ်ဘူး ထင်ခဲ့ တာပဲ ။ တရုတ်မှာစ နေတော့ ငါ့တိုင်းပြည်နဲ့ မဆိုင်ဘူး ငါ့ကိစ္စမဟုတ်ဘူး ထင်ခဲ့တာပဲ ။ မဲဆွယ်မပျက်ခဲ့ဘူးလေ ။

ဗြိတိန်က ရောဂါ ဟုတ်မဟုတ် စစ်ဆေးနိုင်စွမ်း တရက်ကို လူ နှစ်သောင်းခွဲ အထိ စစ်ဆေးပေးနိုင်စွမ်းရှိပြီ။ မြှင့်တင်ထားပြီးပြီ။ ဒီနေ့ အဖိတ်အစင် က ၄၀။ ပြဿနာက လန်ဒန်ထဲမှာ လျင်လျင်မြန်မြန်ပျံ့နေတာ။ ဟုတ်လောက် တယ်။ မြေအောက်ဘူတာ ရုံ ၄၀ ကို ပိတ်လိုက်ပြီလို့ကြေငြာ။ မင်္ဂလာဆောင်ကို လူငါးယောက်ပဲ တက်ခွင့်ပြုမယ် ။ ဘာတတ်နိုင်သေးလဲဟင် ။ လူတွေ ။ ဒီမိုကရေစီတွေ ။

လူဦးရေ ၈သန်းခွဲကျော်ရှိတဲ့ ဒီလို မြို့ကြီး ကို ဒီလို ထိန်းချုပ်မှ ရမှာပေါ့။ ဘယ်လောက်အထိ ဆက်ကူးပြီးသွားပြီဆိုတာလဲ ဘယ်သူမှ မသိဘူး ။ ဒီကောင် က နင်ဂျာဗိုင်းယပ်စ် ။ လူတွေ မသိသေးတာတွေ လျှို့ဝှက်ချက်တွေ လှည့်စားထားနိုင်တာတွေ များလှသေးတယ်။ ဒီဗိုင်းယပ်စ်ကို အကောင်ကြီးတယ် အလေးချိန်စီးတယ်။ ဒါကြောင့်သူလေထဲမှာ ကိုယ်ဖေါ့ မနေနိုင်ဘူး။ အရင်ရက်တွေက ပြောနေခဲ့ တာ။ အခုကျတော့ လေထဲမှာ ၃နာရီ တောင် နေနိုင်တယ် ပြောနေပြန်ရော။ပူရင် အသက်သိတ် မရှင်နိုင်ဘူး ။ သတ္တု လို မျက်နှာပြင်ပေါ် ဆို ၁၀ နာရီကြာ အသက်ရှင်နိုင်တယ်ပြောခဲ့ပြီး အခုတခါကျတော့ ၃ရက်တောင် အသက်ရှင်နေနိုင်တယ် ပြောလာကြ ပြန်ရော။ဒီအတိုင်းဆို ဒီကောင် အတော်အသက်ပြင်းတဲ့ ကောင်ပါလား ။ ရောဂါပျိုးရက်ကလဲ ကြာသေး တယ်။ ဖြစ်တဲ့ရက်ကလဲ လူကို လချီပြီး ဒုက္ခပေးနိုင်တယ်။ တုတ်ကွေး လေးဆလောက်ကြာမလား ။

အီတလီ လို ထိန်းမနိုင်သိမ်းမရတွေ ဖြစ်လာမှာလား ။ အခု အီတလီက တရုတ်ထက် အဖြစ်ဆိုးသွားပြီ ။ဒီနေ့ တက်တဲ့ စာရင်းမှာ သေတဲ့ လူက တရုတ်ထက်များသွားပြီ။ ဆရာဝန်ဆရာမ ၂၀ ရာခိုင်နှုန်းလဲ အကူးခံနေရပြီတဲ့ ။ ဘယ်လောက် ကြောက်စရာကောင်းလိုက်ပါလိမ့် ။

ဝမ်းသာအားတက်စရာ သတင်းကတော့ ဇာတ်လမ်းစလိုက်တဲ့ တရုတ်ပြည်ကြီး ။ ပထမဆုံး အကြိမ် ရောဂါဖြစ်နေတဲ့ လူနာ စာရင်း မတိုးပဲ ဇီးရိုးဖြစ်သွားတာ ။ ရပ်သွားတာပဲ ။ နိုင်ငံခြားက ပြန်လာတဲ့ လူ ၂၀ မှာပဲ ရောဂါ စစ်ဆေးတွေ့ရှိတယ်။ လူဦးရေ ၁၁ သန်းရှိတဲ့ ဝူဟန်မှာ ဆက်မဖြစ်တော့ဘူးတဲ့။ ထိန်းချုပ်လိုက်နိုင်ပြီတဲ့ ။

ကိုရိုနာ- နင်ဂျာရေ ။ နင် ဝူဟန်မှာ တပ်ဦးကျိုးသွားပြီ။ ရှုံးနိမ့်သွားပြီ။ ကျဆုံးနေပြီ ။ ဝမ်းသာလိုက်တာ ။ တရုတ်တွေ တကယ် ချီးကျူးဘို့ကောင်းတယ်။ သူတို့ မြို့ကို ပိတ်ချလိုက်တာက အနောက်နိုင်ငံသားတွေ လိုက်မလုပ်နိုင်တဲ့ နည်းမျိုး။ အကြမ်းပတမ်းနည်း ။ အာဏာရှင်နည်းပေါ့ ။ မထွက်ဆို အိမ်တွေက တယောက်မှ မထွက်နဲ့ ။ အာဏာပိုင်တွေက ၂လလုံးလုံး အပြတ် ပိတ်ထားတာအပြင် အိမ်တွေကို အိမ်ပေါက်စိ လိုက်စစ်သေးတာတဲ့ ။ ကိုယ်ပူနေတဲ့ လူ တွေ့ရင် အတင်းမိသားစုဆီက ခွဲထုတ်ပစ်တာ။မိသားစု အတူမထားဘူး တဲ့။ သတင်းတခုမှာဆို ရောဂါဖြစ်နေတဲ့ တအိမ်သားလုံး ကို အတင်းခေါ်ထုတ်သွားလို့ မစွမ်းမသန်လေးတယောက် ပဲ ကျန်ခဲ့တာ ငတ်သေသွားတယ် ဆိုပဲ ။ သတင်း မှန်မမှန်တော့ မသိဘူး။ ချဲ့ကားတာလဲ ဖြစ်နိုင်တယ်။ အီတလီမှာ ကုရတာ မနိုင်မနင်းဖြစ်နေလို့ အသက် ၈၀ကျော်တွေ ဆိုရင် မကုတော့ပဲ ပစ် ထားလိုက်တယ် ဆိုတဲ့ သတင်းတက်လာတာမျိုး ။ ဒီသတင်းကလဲ တခုတလေ ဖြစ်တာကို သတင်းသမားတွေ ချဲ့ကားတာဖြစ်နိုင်တာပဲ ။ အီတလီမြို့သားတွေက အိမ်တွေတိုက်တွေ ထဲက မထွက်ရပေမယ့် ပြုတင်းပေါက်တွေက အကုန်ထွက်ပြီး အမျိုးသားသီချင်းတွေ ဆို- အချင်းချင်းအားပေးနေကြတာ ။ ဆရာဝန်ဆရာမတွေကို ဂုဏ်ပြုနေကြတာ။ စိတ်ဓါတ်မြှင့်တင်နေကြတာ တွေ့တာပဲ ။ ဒီလူမျိုးလဲ ခတ်ညံ့ညံ့ လူမျိုးတော့မဟုတ်ပါဘူး။

ဝူဟန် လိုမြို့ကို ပိတ်ဆို့ ပြီး ဗိုင်းယပ်စ်ကို အစာဖြတ်ရေဖြတ် အသေသတ်တဲ့နည်းက အီတလီမှာ မရနိုင်ဘူး။ စပိန် ဂျာမဏီ ပြင်သစ် ကာလီဖိုးနီးယား ။ အဲဒီနေရာတွေမှာ မရနိုင်ဘူး ။ နိုင်ငံရေးပြဿနာ အကြီးကြီး ရှိတယ်။

ဗီဒီယိုဖိုင်တွေထဲမှာ အမေရိကန်နိုင်ငံသားတွေ ခုမှ ကြောက်နေကြတာတွေ့တယ်။ တရုတ်၊ တရုတ်မတွေကို အပြစ်ပုံချနေတယ်။ အာရှကို အပြစ်တင်နေတယ်။ အမေရိကန်မှာ ပေါက်တဲ့ တရုတ်တွေတောင် ခြိမ်းခြောက်ခံနေရတဲ့ အထိပဲ ။ ဒီရောဂါ တရုတ်တွေဆီက လာတာ။ ရွံဖို့ကောင်းတဲ့ လူတွေ ။ အစားသရမ်းတဲ့ လူတွေ။ သူတို့သမတ ထရမ်ကိုယ်တိုင် တရုတ်ဗိုင်းယပ်စ်လို့ တွစ်တာကနေ တွစ်တာ။ မဆီမဆိုင် ငါတို့ဆီက ရောက်သွား တဲ့ ချင်း သားအဖ ၃ယောက် ကို အာရှက ဆိုပြီး ဓါးထိုးခံရတဲ့ အထိ ။
ဇာတ်လမ်းအစ တုန်း က တရုတ်ကို ဟ ဟ ပေးတဲ့ အမေရိကန်တွေ ။ အခု သူတို့ အကြောက်တရားကို အာရှဘက်ဆီ ထိုးချ။ W.H.O က ( COVIT-19 ) ကိုဗစ် နိုင်တင်းလို့ မျှမျှတတ နံမည်ပေးထားတာကို ထရမ်ကိုတိုင်က The Chinese Virus တရုတ်ဗိုင်းယပ်စ် ။ သူ့လက်ထောက် ပွန်ပီယိုက ဝူဟန် ဗိုင်းယပ်စ် ။ Wuhan Virus ။ တရုတ်ကလဲ ဒီဗိုင်းယပ်စ် က ဝူဟန်ကို လာကစားတဲ့ အမေရိကန် အားကစားအဖွဲ့ သယ်လာတာ လို့ ပြန်စွတ်စွဲ ။ တရုတ်နဲ့ အမေရိကန် ဒီလို အပြန်အလှန် နိုင်ငံရေး အိုးမဲသုတ်တဲ့ ကိစ္စတွေလဲ တမှောင့် ။

ဝူဟန်မှာ အောင်ပွဲခံတဲ့ သတင်းကြောင့် တော့ ငါ ပျော်မိတယ်။ ဝူဟန် ဟာ ဒီ- ကိုရိုနာ ကမ္ဘာ့စစ်ပွဲကြီး မှာ ရှေ့တန်းစစ်မျက်နှာပဲ ။အဲ ဒီမှာ ကိုရိုနာထိုးစစ် တပ်ဦး ကျိုးသွားပြီ။ ဒါ လူသားတွေအောင်မြင်မှု ။ ကွန်မြူနစ်တွေ အောင်ပွဲ - အရင်းရှင်တွေ အောင်ပွဲ မဟုတ်ဘူး။ လူသားတွေအောင်ပွဲ ။

လူနာအ သစ်စာရင်းမတက်တဲ့ တရုတ်ပြည်။ သူတို့ မျက်နှာတွေမှာ မျက်နှာဖုံးတွေ ကို ၂လလောက် ကြပ်ကြပ်စည်းထားခဲ့ရလို့ အစင်းကြောင်းတွေထနေတဲ့ ။ မျက်နှာမှာ သွေးချေဥနေတဲ့ ဆရာမလေးတွေ ရဲ့ဓါတ်ပုံတွေ တက်လာတာ တွေ့တယ်။ သူတို့ ဘယ်လောက်လူကော စိတ်ကော ပင်ပန်းဆင်းရဲခဲ့ရှာကြမလဲ ။ ပင်ပန်းလွန်းလို့ ဆေးရုံ ကုလားထိုင်တွေပေါ်မှာ ကြမ်းပြင်တွေပေါ်မှာ အခန်းထောင့်တွေ မှာ ခွေခေါက်အိပ်မောကျနေတဲ့ပုံတွေ။

အခုသူတို့ တာဝန်တွေ က ခဏ အနားယူနိုင်ကြပြီ ။ သူတို့ မိသားစုတွေဆီ ပြန်နိုင်ကြပြီ။ မြို့သားတွေက နှုတ်ဆက်နေကြတာ။ အလေးပြုနေကြတာတွေ တွေ့ရတယ်။ ဝမ်းသာတယ်။ သာဓု အကြိမ်ကြိမ် ခေါ်ပါတယ်။ အလေးပြုပါတယ်။ အဝေးက မေတ္တာပို့ပါတ ယ်။ ဆရာဝန်ဆရာမ ၂၀၀ ကျော် ရောဂါ အကူးစက်ခံပြီး တိုက်ပွဲ ဝင်ခဲ့ကြသတဲ့ ။ သူတို့ ဘက်လောက်အသက်ပေးခဲ့ကြရပါလိမ့်။

တချိန်ထဲမှာ ဖေဖဝါရီလတုန်းက ဝူဟန်မှာ ကျဆုံးသွားတဲ့ မျက်စိဆရာဝန်လေး ဒေါက်တာလီကို သတိရနေမိတယ်။ အသက် ၃၀ ကျော်မှာ အရင်ဆုံး ကျခဲ့တဲ့ ဒေါက်တာလီ။ ဗိုင်းယပ်စ် ရောက်နေပြီ ။ မြို့ကို စတင် တိုက်ခိုက်နေပြီလို့ ကမ္ဘာကို သံချောင်းခေါက်ခဲ့တဲ့ ဒေါက်တာလီ ။ ဒေသအာဏာပိုင်တွေ ရဲတွေ က ခြိမ်းခြောက်တာကို ခံခဲ့ရတဲ့ ဒေါက်တာလီ။ အခု သူ့ကို ဝူဟန် ဗဟိုပြည်သူ့ဆေးရုံကြီး က မော်ကွန်းထိုးရတော့မယ်။ မြို့သူမြို့သားတွေ က ထာဝရ အလေးပြုရတော့မယ်။

အီတလီမှာ ကုသရေး အဖွဲ့ခေါင်းဆောင် ရောဘတ်တို စတဲလားလဲ ဝူဟန်က ဒေါက်တာလီလိုပဲ တပ်ဦးမှာ ကျသွားခဲ့ပြီ ။သူကျဆုံး တော့အသက် ၆ရ နှစ် ။ ဒီရောဂါ ဖြစ်ရင် အသက်ကြီးတဲ့လူတွေ ပိုသေဘို့များ တယ်ဆိုပေမယ့် သူက ထွက်ပြေးတဲ့ အစားထဲမှာ မပါဘူး။ ဗြိတိန်က ဆရာဝန်မ တယောက် အင်တာဗျူးလဲ နားထောင်မိတယ်။ သူက ရောဂါဖြစ်ပြီး နလံပြန်ထလာတာ။ အလုပ်ပြန်ဝင်တော့မယ်တဲ့ ။ သူက သူ့မှာ ကိုယ်ခံအား ရသွားပြီ ဆိုတော့ လူနာတွေကို ပို ပြီး ကုရဲသွားပြီတဲ့ ။ ကိုရိုနာကို သူကြောက်စရာမလိုတော့ဘူးတဲ့ ။ လက်နက်မကိုင်ပဲ ဘယ်လောက်သတ္တိ ကောင်းသလဲ ။ ဘယ်လောက် နှလုံးရည် ပြည့်သလဲ ။

ကိုရိုနာဗိုင်းယပ်စ် က တရားလဲ အပေးကောင်းတယ်။မာနတထောင်ထောင်- လတ်ယားလတ်ယား လန်ဒန်သားတွေကို ခုမှ တရားပြ ကာစ ရှိဦးမယ်။

လန်ဒန် သွေးပျက်စပြုနေပြီ ။ ခုတပတ်ကုန်ရင် ပိတ်ချလိုက်တော့မယ်လို့ ဒီနေ့ သတင်းတွေဖြစ်နေတယ်။ အကူးမြန်နေပြီ ဆိုပဲ ။

ငါ့ချက်ဘောက်ထဲမှာတော့- ရွှေဗမာတွေ ပျော်လို့ရပြီ ကြက်သွန်နီစားရင် ကယ်လို့ရပြီ ဆိုတဲ့ မတ်စေ့တွေ ခုထိဝင်နေတုန်း။ စိတ်ညစ်တယ် ၊ ကာကွယ်ဆေး Vaccine ကို တနှစ်လောက် စောင့်ရပါမယ်လို့ နားလည်တဲ့ ဆရာဝန်တွေက ရှင်းပြနေပေမယ့်လဲ ကာကွယ်ဆေး ဟိုမှာ ရပြီ ဒီမှာ တွေ့ ပြီဆိုတဲ့ မက်ဆေ့ချ်တွေ ငါ့ဆီ ရောက်နေတုန်းပဲ ။ သီလရှင်တွေ စုပေါင်း အန္တရာယ်ကင်း ပရိတ်ရွတ်နေတဲ့ ဖိုင်ကိုလဲ စိတ်လေးလေး နဲ့ ကြည့်နေမိတုန်း။

ခုထိတော့ ကူးစက်ရောဂါ တိုက်ဖျက်ရေး ရှေ့တန်းတိုက်စစ်မှူး မြန်မာဆရာဝန်တွေ လူနာ ဇီရိုး ( Zero Patient ) ကို အပြင်းအထန် ပိုက်စိတ်တိုက် ရှာနေကြတုန်းပဲ ။ သူလွတ်သွားရင်တော့ မြန်မာပြည်တနံတလျား ဒုက္ခ စပြီပဲ ။ တိုက်ပွဲတွေနေရာအနှံဖြစ်လာမှာပဲ ။ အတုံးအရုံးလဲ ပုံနေမှာပဲ ။ အင်္ဂလန်က မြန်မာပြည်မှာ ရောဂါ မတွေ့သေးတာကို မယုံတဲ့ပုံ ။ သူတို့သတင်းစာ ဂါဒီးယန်းသတင်းစာ မှာ ပုဂ္ဂိုလ်ရေး ပါးပါးနဲ့ ခပ်ထေ့ထေ့ ရေးထားတယ် ။

ခွန်ဆိုင်း ( ၂၀-၀၃- ၂၀၂၀ )