မောင်စွမ်းရည် - မန်းတက္ကသိုလ် ဂုဏ်ရည်တဦး - ကိုလေး(အင်းဝဂုဏ်ရည်)
မောင်စွမ်းရည် - မန်းတက္ကသိုလ် ဂုဏ်ရည်တဦး - ကိုလေး(အင်းဝဂုဏ်ရည်)
(မိိုးမခ) မတ် ၂၇၊ ၂၀၂၀‘အမျိုးသားစာပေဆု’ ကို ပေါ်ခါစက ‘စာပေဗိမာန်ဆု’လို့ ခေါ်တယ်။ ‘စာပေဗိမာန်’ဆိုတာ ဝန်ကြီးချုပ် ဦးနု တည်ထောင်ထားတာဖြစ်လို့ ဗိုလ်နေဝင်း အာဏာသိမ်းပြီးနောက် ‘အမျိုးသားစာပေဆု’လို့ နာမည်ပြောင်းသွားခဲ့ပါတယ်။ စာပေဗိမာန်ဆုမှာ ကဗျာစာအုပ်ကို စတင်ဆုပေးတာဟာ တင်မိုးရဲ့ ‘ဖလ်မီးအိမ်ကဗျာများ’ (၁၉၅၈-၅၉) က စတယ်လို့ပဲ မှတ်သားထားခဲ့ပါတယ်။ (အမှတ်မှားရင် ပြင်ပေးကြပါ။ ကျေးဇူးပါ။)
အဲဒီတုန်းက ‘ဖလ်မီးအိမ်’လို့ ‘ဖလ်’ကို ‘လ်’နဲ့ ရေးပါတယ်။ ‘ဖလ်မီးအိမ်’ ကဗျာစာအုပ်ကို မန်းတက္ကသိုလ် ကလောင်ရှင်အသင်း စာစဉ် (၁) အဖြစ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ တင် မိုး ဆိုတဲ့ အမည်ကလည်း ဖလ်မီးအိမ် ကျမှ စတင်အသုံးပြုတဲ့ ကလောင်နာမည်ပါ။ စာပေဆု ကြေညာတော့ ဆုရသူ တင်မိုး ဆိုတဲ့ ကလောင်နာမည်ကလည်း အသစ်၊ မန်းတက္ကသိုလ် ကလောင်ရှင်အသင်း စာစဉ် ဆိုတဲ့ ထုတ်ဝေသူကလည်း အသစ်။ ဒါကြောင့် စာပေလောကမှာ အတော်ဂယက်ရိုက်ခဲ့ပါ တယ်။
တင်မိုး ဆိုတာ အမည်ရင်း ‘ဘဂျမ်း’ပါ။ ကလောင်နာမည်ဟောင်းကတော့ ‘ကိုရင်ဂျမ်း’တဲ့၊ ‘ကန်မြဲနန်းမြင့်နွယ်’တဲ့။ ၁၉၅၀ လောက်ကစပြီး လူထုဂျာနယ်မှာ အသုံးပြုခဲ့တဲ့ ကလောင်နာမည်ပါ။ တက္ကသိုလ်ရောက်တော့မှ တင်မိုး ဖြစ်လာခဲ့ပါတယ်။ တင်မိုးက ပထမဆုံး စာပေဗိမာန် ကဗျာဆုကို ရတယ်။ ကလောင်ရှင်အသင်းက နောက်တနှစ်မှာ ကြည်အောင်ရဲ့ ကဗျာစာအုပ်ကို ထုတ်တော့ နိုင်ငံတော်ကပေးတဲ့ဆုကို ရပြန်တယ်။ နောက်တနှစ်မှာ မောင်စွမ်းရည်ရဲ့ ကဗျာစာအုပ်တအုပ်ကို လည်း မန်းတက္ကသိုလ် ကလောင်ရှင်အဖြစ်နဲ့ ရေးသားထုတ်ဝေခဲ့ပေမယ့် ထုတ်တဲ့တိုက်က တင်မိုးရဲ့ ‘သပြေစာအုပ်တိုက်’က ဖြစ်ပါတယ်။ နောက်တနှစ်မှာ ကိုလေး(အင်းဝဂုဏ်ရည်)ရဲ့ ကဗျာစာအုပ်၊ နောက်တနှစ်မှာ ဘုတလင်ချစ်လေးရဲ့ ကဗျာစာအုပ်ပါ။ ဒီလိုနဲ့ မောင်သန်းဌေး၊ မောင်မျိုးမြတ်၊ မုံရွာဝင်းဖေ၊ မောင်တင်စိုး(သစ်ရာကောက်)အထိ ဆိုပါတော့။ မန်းတက္ကသိုလ် ကဗျာဆရာတွေဟာ အမျိုးသားစာပေဆုကို ရရှိခဲ့ကြပါတယ်။ ဆိုကြပါစို့။ ‘တင်မိုးမှသည် တင်စိုးအထိ’။ ဒီဆုရသူတွေ စာရင်းမှာ ကိုလေး(အင်းဝဂုဏ်ရည်) ဆိုတာလည်း ပါတယ်။
အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းဟာ စာဆိုတော်နေ့ အထိမ်းအမှတ်ပွဲကို မန္တလေးမှာ နှစ်စဉ် ကျင်းပခဲ့ပါတယ်။
ကျွန်တော်တို့ မန်းတက္ကသိုလ်ကျောင်းသားတွေ အုပ်စုလိုက် ပါဝင်ပြီး ဆောင်ရွက်ကြတာကတော့ ၁၉၆၃-၆၄ လောက်မှ စတင်ခဲ့တယ်လို့ မှတ်သားမိပါတယ်။ အဲဒီတုန်းက ရန်ကုန်မှာ မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီးက လုပ်လေ့ရှိသလို ပြဇာတ်တွေ ဘာတွေ ကလိုက်ကြပါသေးတယ်။ ပြဇာတ်ကတာဟာ နှစ်စဉ် ပျော်ကြတာပဲရှိပြီး အဖတ်မတင်ဘူးလို့ အဖွဲ့သားများက ဆုံးဖြတ်ကြပြီး စာပေပြိုင်ပွဲတွေနဲ့ စာတမ်းဖတ်ပွဲတွေကို လုပ်ကြတာ ဖြစ်ပါတယ်။ နောက်တော့ စာတမ်းဖတ်ပွဲနဲ့ သက်ကြီးစာဆိုများ ကန်တော့ပွဲကိုသာ လုပ်ဖြစ်ကြပါတယ်။ ၁၉၆၄-၆၅ လောက်က စာပေပြိုင်ပွဲ လုပ်တော့ ကဗျာဆုကို ‘ကိုလေး’ ဆိုသူက ဆွတ်ခူးခဲ့ပါတယ်။ ကဗျာအမည်က ‘လမ်းသစ်’တဲ့။ အဲဒီကစပြီး ကိုလေးက ‘အင်းဝဂုဏ်ရည်’ ဘွဲ့ခံပြီး စာပေလောကထဲကို ပြန်ဝင်လာပါတယ်။ ‘လမ်းသစ်’ ခေါင်းစီးက အသင်းကပေးတဲ့ ပြိုင်ပွဲဝင်ဖို့ ခေါင်းစီးပါ။
ကိုလေးက ကျွန်တော်တို့၊ ကြည်အောင်၊ မောင်မိုးသူတို့အရင် နှစ်နှစ်လောက်စောပြီး တက္ကသိုလ် ရောက်ခဲ့ပေမယ့် အလုပ်ထွက်ပြီးလုပ်နေလို့ ကျွန်တော်တို့နဲ့ မဆုံလိုက်ရပါဘူး။ ကျွန်တော်တို့ စာပေ ပြိုင်ပွဲတွေ ဘာတွေ လုပ်တော့မှ (ကလေးကလား) ဝင်ပြိုင်တာပါ။ အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းက ဆုရတဲ့ ‘လမ်းသစ်’ကဗျာကို အကြောင်းပြုပြီး ‘လမ်းသစ်’ ဆိုတဲ့ ကဗျာစာအုပ်တအုပ်ကို မောင်မိုးသူရဲ့ စာအုပ်တိုက်က ထုတ်ခိုင်းပါတယ်။ ထုတ်တဲ့စာအုပ်ကို အမျိုးသားစာပေဆုပြိုင်ပွဲကို တင်လိုက်ပါသေးတယ်။ ဒီမှာတင် နိုင်ငံတော်အဆင့် ဆုရပြန်ရော။ ဒီစာအုပ်နောက် ဆုရတာက ဘုတလင်ချစ်လေးရဲ့ ‘ကချေသည်’ ကဗျာစာအုပ်ပါ။ ဦးချစ်လေးကလည်း ကျောင်းကထွက်ပြီး ကျောင်းဆရာ လုပ်နေပါပြီ။ သူ့စာအုပ်ကိုလည်း မန်းတက္ကသိုလ်ကလောင်ရှင်အသင်း စာစဉ်ကပဲ ထုတ်ဝေခဲ့ပါတယ်။ အသင်း အတွင်းရေမှူး မောင်စွမ်းရည်က တာဝန်ယူ ထုတ်ဝေခဲ့တာပါ။ တင်မိုးက ကလေးကဗျာစာအုပ် ထုတ်တော့လည်း ဆုရပါတယ်။ ဒီကာလမှာ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း မန်းတက္ကသိုလ်ကို ပြောင်းလာတော့ ရန်ကုန်တက္ကသိုလ်က စာရေးဆရာ အကျော်အမော်ဖြစ်တဲ့ သိန်းသန်းထွန်းလည်း သမိုင်းကျောင်းသားအဖြစ် လိုက်ပါလာခဲ့ပါတယ်။ ကျွန်တော်တို့နဲ့လည်း သူငယ်ချင်းပါ။ ကျောင်းသားသမဂ္ဂနဲ့ပတ်သက်ပြီး မန္တလေး၊ ရန်ကုန် ကျောင်းသားတွေဟာ ပညာရေးနှီးနှောဖလှယ်ပွဲတွေ၊ အားကစားပွဲတော်တွေ၊ ယဉ်ကျေးမှုပွဲတော် တွေ လုပ်ကြရင်းက ခင်မင်ရင်းနှီးခဲ့တာပါ။
တင်မိုးက ဆုရပြန်တော့ ကလေးကဗျာ သူလည်း ရေးတတ်ပါတယ်ဆိုပြီး လက်စွမ်းပြ ရေးပါတယ်။ နေ့ချင်းညချင်း စာအုပ်တအုပ်စာ ရလာပြီး တင်မိုးရဲ့ စာအုပ်တိုက်က ထုတ်ပေးပါလို့ တောင်းဆို တယ်။၊ စာအုပ်ထွက်လာတော့ ဆုမရပါဘူး။ သူက ကလေးအဖေ မဖြစ်သေးလို့နဲ့ တူပါတယ်။ ကဗျာ ဆိုတာက စပ်နည်းတတ်ရုံနဲ့ ကဗျာမဖြစ်ဘူးလေ။ စေတနာ၊ မေတ္တာပါမှ ‘ရသ’ကလည်း လိုက်လာတာ။ သိန်းသန်းထွန်းက အလေးအဖေ မဟုတ်သေးတော့ မိဘရသ မထည့်နိုင်ခဲ့ဘူးလို့ ယူဆပါတယ်။ (ဒါက ကြုံကြိုက်နေလို့ ပြောလိုက်ရတာပါ။) တဆက်တည်း ပြောရရင် ဒီနောက် မန်းတက္ကသိုလ်က မောင်သန်းဌေးတို့၊ မောင်မျိုးမြတ်တို့ ညီအစ်ကိုက ကလေးကဗျာတွေ ရေးကြတော့ ဆုရပါတယ်။ သူတို့က ကလေးအဖေတွေ ဖြစ်နေကြပြီမို့နဲ့ တူပါတယ်။
ကိုလေး ကဗျာစာအုပ်ထုတ်တော့ သူ့အမည် ‘ကိုလေး’ရဲ့ နောက်က ‘အင်းဝဂုဏ်ရည်’ကို ထည့်ပါတယ်။ ကိုလေးက အင်းဝသားပါ။ ဂျပန်ခေတ်မှာ မန္တလေးက ဒေါ်အုန်း တို့၊ ဦးကြည်မြ တို့လည်း ဗုံးဘေးလွတ်ရာ အင်းဝဘက်ကို ခိုလှုံခဲ့ကြသတဲ့။ ဒေါ်အုန်း ဆိုတာ လူထုဒေါ်အမာနဲ့ တက္ကသိုလ်အတူတက်ခဲ့ပြီး ကိုနု၊ ကိုအောင်ဆန်းတို့နဲ့အတူ သပိတ်မှောက်ခဲ့ကြသူတွေပေါ့။ ကျွန်တော်တို့တတွေ တက္ကသိုလ်ရောက်တော့ အမ်အေ-ဒေါ်အုန်း အမည်နဲ့ စာရေးဆရာမကြီး ဖြစ်နေရာက တက္ကသိုလ်မှာ ပါဠိဌာန ပါမောက္ခ ဌာနမှူး ဖြစ်နေပါပြီ။ ကျွန်တော်တို့ကို သားသမီးတွေ လို ဂရုစိုက်ခဲ့ပါတယ်။ ဦးကြည်မြကတော့ မြို့မျက်နှာဖုံး သတင်းစာဆရာကြီးပါ။ သူကလည်း ၁၃၀၀ ပြည့် အရေးတော်ပုံကာလမှာ ကျောင်းတွေ သပိတ်မှောက်ကြတော့ မန္တလေး၊ ပေါက်မြိုင်ကျောင်းက သတ္တမတန်း ကျောင်းသားလေးတဦးအနေနဲ့ သပိတ်မှောက်ရာမှာ ဦးဆောင်ပါဝင်ခဲ့သူလေ။ သူတို့က ဂျပန်ခေတ်မှာ ‘အင်းဝဂုဏ်ရည်’ ဆိုတဲ့ ကျောင်းကလေး ထူထောင်ပြီး စစ်ကြီးဖြစ်လို့ ကျောင်းတွေ ပျက်နေချိန်မှာ စာသင်ပျက်နေတဲ့ ကလေးတွေကို စာသင်ပေးခဲ့ကြသတဲ့။ အဲဒီကျောင်းမှာ ကိုလေးတို့ က ကျောင်းတက်ခဲ့ရတဲ့အတွက် သူ့ကလောင်နာမည်ရဲ့ နောက်က ‘အင်းဝဂုဏ်ရည်’ ဆိုတဲ့ ဂုဏ်ထူး ဝိသေသနပုဒ်ကို ထည့်ခဲ့တာဆိုပဲ။
ကဗျာဆရာ ကြည်အောင်ကလည်း အင်းဝသား ဆိုတော့ ကိုလေးနဲ့ ကြည်အောင်တို့ အင်းဝသား စာပေသမားချင်း တွဲမိကြတာပေါ့။ တကယ်တော့ သူတို့မှာလည်း ကိုလေး၊ ကြည်အောင်နဲ့ ညွန့်အေး (အမည်ရင်း ကံညွန့်)ဆိုပြီး ကဗျာဆရာသုံးဦး တွဲခဲ့ပါတယ်။ နောက်တော့ ညွန့်အေးက ကျောင်းဆရာ ဖြစ်ပြီး ဝေးကွာသွားခဲ့ပါတယ်။
ကျွန်တော်တို့မှာလည်း မြင်းခြံသား၊ ကဗျာဆရာ သုံးယောက်ပါပဲ။ တင်မိုး၊ မောင်စွမ်းရည်နဲ့ လေးမောင်။ လေးမောင်က ကြည်အောင် ထိုးဖို့ သံချောင်းတို့နဲ့တွဲပြီး စစ်တပ်ဆန့်ကျင်ရေး မြေအောက်နိုင်ငံရေးလုပ်ကြလို့ အဖမ်းခံရပြီး ကိုကိုးကျွန်း အကျဉ်းစခန်းမှာ အစာငတ်ခံ တိုက်ပွဲဝင် ရာက သူရဲကောင်းအဖြစ် ကျဆုံးသွားခဲ့ရှာပါတယ်။ ကြည်အောင်က အပြေးကောင်းလို့ လွတ်သွားပါ တယ်။ ဖိုးသံချောင်းလည်း ကျွန်းက လွတ်ပေမယ့် ထပ်ဖမ်းဖို့ လူထုတိုက်ကို စစ်တပ်ဝိုင်းလာတော့ နောက်ဖေးပေါက်က လွတ်အောင် ထွက်ပြေးရင်း တောထဲ ရောက်သွားခဲ့ရာက ဒီနေ့အထိပဲ ဆိုပါတော့။ အိမ်ကို ပြန်မကပ်နိုင်တော့ဘူး။ ခု ဒီမိုကရေစီအစိုးရက တိုင်းရင်းသား သူပုန်အဖွဲ့တွေကို ဖိတ်ခေါ်ဆွေးနွေးသလို ဗ.က.ပ ကိုတော့ ဖိတ်ခေါ်ခြင်း မရှိသေးဘူး။ စစ်တပ်က ကွန်မြူနစ်တွေကို မြေပေါ်မှာ မမြင်ချင်ဘူးလေ။ ဒီလိုနဲ့ အတွဲတွေ ပျက်သွားခဲ့ပြီး ကိုလေး၊ ကြည်အောင်- အင်းဝ ကဗျာဆရာနှစ်ဦး တတွဲ၊ တင်မိုး၊ မောင်စွမ်းရည် - မြင်းခြံ ကဗျာဆရာနှစ်ဦး တတွဲ။
ကြည်အောင်က အရှော်ငအတိမ်းကော်ငးလို့ လွတ်နေခဲ့တာပါ။ အများအားဖြင့် မီးရထားပေါ်မှာ ခေါင်းပေါင်းကြီး ပေါင်းပြီး လျှောက်လည်နေတာ များပါသတဲ့။ တင်မိုးလည်း တသက်လုံး လွတ်လာ ရာက ကျောင်းသားဘဝမှာ အဖမ်းမခံခဲ့ရဘဲ အလုပ်က အငြိမ်းစားယူပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ဝင်လုပ်တော့မှ အဖမ်းခံရရှာပါတယ်။ မောင်စွမ်းရည်က အစိုးရဝန်ထမ်းအဖြစ် လွတ်နေရာက ထောက်လှမ်းရေးက နှစ်ခါ ခေါ်စစ်တော့ နယ်သာလန်နိုင်ငံမှာ စာပေညီလာခံတက်ဖို့ အကြောင်းရှာ ထွက်ခဲ့ရာက အမေရိကန်ပြည်ထောင်စုကို လစ်ထွက်သွားခဲ့ပါတယ်။ ကိုလေးနဲ့ ကြည်အောင်က အဖွဲ့ချုပ်မှာ လှုပ်ရှားပြီး ကျန်ရစ်ပါတယ်။ ပြည်ပမှာ တင်မိုး ကွယ်လွန်သွားတော့ မောင်စွမ်းရည် တယောက်တည်း ရာမ-လက္ခဏ အတွဲပျက်သလို၊ ပြည်တွင်းမှာလည်း ကြည်အောင် ကွယ်လွန်သွား ပြန်လို့ ကိုလေး တယောက်တည်း ကျန်ရစ်ရှာပါတယ်။ ဒါပေမဲ့ ဦးလေးလှက ဦးဝင်းတင် တယောက်တည်း ‘မန္တလေးကို ဟံသာဝတီသတင်းစာ ဖတ်ပြီး တက်လာတော့ အားပေးစကား ပြောသလို ပြောရရင် ‘တကောင်တည်းပေမယ့် ခြင်္သေ့ဟဲ့’လို့ ပြောပြီး အားပေးစကား ပြောရတော့မှာ ပဲပေါ့။
အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက စာတမ်းဖတ်ပွဲတွေကို ၁၉၆၃-၁၉၇၃ လောက်အထိ ဗိုလ်နေဝင်းက အသင်းရော၊ စာတမ်းဖတ်ပွဲတွေရော ပိတ်ပစ်သည့်တိုင် ဆယ်နှစ်လောက် ဆက်တိုက် ပွဲကျင်းပခဲ့ပါတယ်။ စာဆိုတော်နေ့ အခမ်းအနားမှာ သက်ကြီးစာဆိုများ ကန်တော့ပွဲနဲ့အတူ ကျင်းပ ခဲ့တာပါ။ ဒီပွဲတွေမှာ စာတမ်းဖတ်ကြတော့ ကိုလေးနဲ့ ကြည်အောင်တို့ရဲ့ နာမည် လုံးဝမပါခဲ့လို့ စာပေမိတ်ဆွေများက သူတို့ ဘာလို့ မပါသလဲလို့ ကြုံရင် ကြံသလို မေးလေ့ရှိကြပါတယ်။ သူတို့ ဝရမ်းပြေးနေလို့ပါလို့ ဖြေရလေ့ရှိပါသည်။ ကြည်အောင်က ကျွန်တော်နဲ့ ၁၉၆၄ လောက်က ကဗျာ တွဲထုတ်ခဲ့သူတွေပါ။ လူချင်း ရင်းပေမယ့် အင်းဝကို အလည်ခေါ်လေ့မရှိပါ။ သူတို့က ဘကြီးတော် လက်ထက်က သုံ့ပန်းအဖြစ် ပါလာခဲ့တဲ့ ‘ကသည်းမျိုး’တွေဆိုကိုး။ သူတို့ အသက်မွေးဝမ်းကျောင်း အလုပ်တွေကို မသိစေချင်ဘူးတဲ့။ မဖိတ်ခေါ်ဘဲ ကျွန်တော် တယောက်တည်း သူတို့ဆီကို သွားခဲ့ရာ က ကိုလေးတို့အိမ်အထိ ရောက်ခဲ့ပါတယ်။ ကိုလေးတို့အိမ်ကတော့ သပိတ်လုပ်တယ် ထင်ပါရဲ့။ သပိတ်တွေ တွေ့ခဲ့ရတယ်။ သပိတ်တေွကြားမှာ လူကို မနည်းရှာယူရပါတယ်။
“ကိုရင်စွမ်း” လို့ ထနှုတ်ဆက်တော့မှ လူကို တွေ့ရပါတယ်။ လူကတော့ ကြည်အောင်ထက် ခင်စရာ ကောင်းတယ်။ ကြည်အောင်က ဖက်လှဲတကင်း မနေတတ်ဘူး။ သူ့အိပ်ရာ သူများ ဝင်အိပ်တာ၊ သူ့ စာအုပ်တွေကို ကိုင်တာလည်း မကြိုက်ဘူး။ ဒီနေရာမှာတော့ ကျောက်ဆောက်သာနိုးနဲ့ တူသလိုလို ပဲ။ ဒါပေမဲ့ သူက ကသည်းက လာတာဆိုတော့ မှူးမတ်မျိုးနဲ့ မနူးမနပ်မျိုး မတူ ခြားနားတာပေါ့။ တင်မိုး တို့၊ သိန်းနိုင် တို့က လူတွေ့ရင် လည်ပင်းဖက်ရမှ ဆိုတော့။ ထားပါတော့.. အင်းဝက အပြန်မှာ ကိုလေးက စက်ဘီးအတုတ်ကြီးပေါ်တင်ပြီး လိုက်ပို့လို့ တသက်နဲ့ တကိုယ် ဒီတခါပဲ အသံမြည်တဲ့ စက်ဘီးအတုတ်ကြီးကို စီးဖူးပါတော့တယ်။ စက်ဘီးအတုတ်ကြီး ဆိုတာ လူထုအယ်ဒီတာ တက္ကသိုလ်ဝင်း ကျောင်းတက်တော့ စီးတဲ့ ဆိုင်ကယ်အတုတ်ကြီးကို ဆလင်းဘြီးဘက်က တောသား မောင်သိန်းနိုင်က ခေါ်တဲ့ အခေါ်အဝေါ်ပါ။ တောသားချင်းအတူတူ ကျွန်တော်က ကိုလေးရဲ့ ကျေးဇူးနဲ့ တမူးသားခဲ့ပါကြောင်း။ စက်ဘီးအတုတ်ကြီး စီးဖူးပြီကိုး။
ကြည်အောင် မရှိတော့မှ ကိုလေးနဲ့ ပိုပြီးတွဲခွင့်သာခဲ့ပေမယ့် တင်မိုးနဲ့ မောင်စွမ်းရည်က ရှစ်လေးလုံး အပြီး ကိုးသုံးလုံး (၁၉၉၉) မှာ အမေရိကကို ဝရမ်းပြေးခဲ့ရလို့ တဖန် ပြန်ကွဲခဲ့ရပြန်ပါတယ်။ ကိုလေးနဲ့ ကွဲရတာ ကျွန်တော်တို့အဖို့ နစ်နာပါတယ်။ ကဗျာဆရာတွေထဲမှာ သူတယောက်တည်းပဲ တယောထိုး တတ်သူရှိတာ မဟုတ်လား။ သူက လူမချောတောင် တယောကတော့ အချောသားခင်ဗျ။ သူသာ ကျွန်တော်တို့နဲ့ တက္ကသိုလ်ကတည်းက အတူရှိခဲ့ရင် ရွှေမန်းဆောင်(တက္ကသိုလ်က အမျိုးသမီး ဆောင်)ရှေ့မှာ ညနေတိုင်း သူက တယောထိုး၊ ကျွန်တော်တို့က သီချင်းဆို ဘယ်လောက်ကောင်း မလဲ။ လသာတဲ့ညတွေမှာ တက္ကသိုလ်ရဲ့ အဆောင်မကြီး (မိန်း-ဘီလ်ဒင်) လှေကားတွေပေါ်မှာ ဆိုကြ၊ တီးကြရတာဟာလည်း ဘယ်အရာနဲ့မှ မတူအောင် ယောမနသိကာရ ဖြစ်ဖွယ်ကောင်းလှပါ တယ်။ တင်မိုးက ဂီတဝါသနာ အလွန်ကြီးသူပါ။ တခါတရံ သူ့အိမ်မှာ တယောတွေ သုံး လေးလက် ချိတ်ထားပါတယ်။ သူ သေတဲ့အချိန်အထိ တယောနဲ့ မခွဲဘဲ တသက်လုံး သင်ထိုးပဲ ထိုးနေခဲ့တာပါ။
ကြည်အောင်ကတော့ ဂီတနဲ့ အဝေးဆုံး ထင်ပါရဲ့။ လက်ခုပ်တီးတာ၊ လေချွန်တာတောင် မတွေ့ရဖူး ပါ။
ကျွန်တော်က ဂီတဝါသနာပါပေမယ့် ရွာက ဂီတဝိုင်းအနီးကို သွားခွင့်မရခဲ့ပါ။ တယောထိုးသူတွေက ကိုယ်ရေပြားရောဂါသည်တွေမို့ ကျွန်တော့်မိဘများက ဂီတဝိုင်းနား ကပ်ခွင့်မပေးပါ။ တခါတရံ သရက်ပင်စောင့်သွားရင်း သူတို့တီးဝိုင်းရှိတဲ့ သရက်ပင်ရဲ့ခွကြားမှာ ထိုင်ပြီး မိဘတွေ မသိအောင် သွားရောက် နားထောင်ရတာတွေတော့ ရှိခဲ့ဖူးပါတယ်။ အမှန်ကတော့ စာပေသမား (အထူးသဖြင့် ကဗျာသမားများ)ဟာ ဂီတနဲ့တွဲမှ ကောင်းတာပါ။ ဂီတနားယဉ်နေသူ ကဗျာရေးရင် ကဗျာအသံ ချိုတယ်လို့ ဆိုလေ့ရှိတယ်။ ဒီအဆိုကို လက်ခံပါသလား။
ဂီတသမား တင်မိုးရဲ့ ကဗျာတွေဟာ အသံချိုတယ်လို့ ဖတ်မိသူတိုင်း မှတ်ချက်ချတာ ခံရပါတယ်။ ဒါပေမဲ့ ဆရာဒဂုန်တာရာဟာ ဂီတသမားပါပဲ။ သူ့ကဗျာတွေကတော့ အသံထောင့်ရာမှာ နာမည်ကြီး ပါတယ်။ အမျိုးမျိုး စဉ်းစားစရာပါပဲ။ ကိုလေးက သူကိုယ်တိုင် တယောဆရာ ဆိုတော့ အထူးပြောစရာ မရှိ။ ဦးဩဘာသ တပည့်။
ခု ကိုလေးနဲ့ မောင်စွမ်းရည်တို့ဟာ အသက် ၈၀ ကျော်နေကြပါပြီ။ ဟိုနှစ်ယောက်က ဘာဖြစ်လို့ ဆယ်နှစ်လောက်စောပြီး လက်တွဲဖြုတ်သွားကြရသလဲ။ ကျွန်တော့်အထင် ပြောရရင် ကျွန်တော်တို့ နှစ်ယောက်က ဆေးလိပ်မသောက်ကြဘူး။ တင်မိုးနဲ့ ကြည်အောင်က မိုးလင်း မိုးချုပ် ဆေးလိပ်ကို လက်ကြားက မဖြုတ်ကြဘူး။ အိပ်ရာထဲအထိ ဆေးလိပ်သောက်ကြတုန်းပဲ။ ဆေးလိပ်ဟာ အသက်တိုစေတဲ့ အကြောင်းတခု ဆိုတာကိုတော့ ယုံလိုက်ပါ။ အဆုတ်၊ အသည်း၊ နှလုံး စတဲ့ အတွင်း ကလီစာတွေကို ဆေးလိပ်က မှိုင်းတိုက်ပြီး ညစ်နွမ်းစေတာ မဟုတ်လား။
အမေလူထုဒေါ်အမာနဲ့ မောင်သာနိုးတို့ဟာ ဆေးလိပ် အစောကြီးဖြတ်ခဲ့ကြလို့ အသက်ရှည်ကြတယ်လို့ ယူဆပါတယ်။ တချို့ရင်းနှီးသူတွေက ဘာဖြစ်လို့ ဆေးလိပ် လုံးဝမသောက်တဲ့ ဦးလေးက အသက်တိုရသလဲတဲ့။ မေးဖူးတယ်။ ဟုတ်ကဲ့… ဦးလေးက အဝလွန်မှာစိုးလို့ အစား ဆင်ခြင်ရာက အစာအိမ်အနာ (ဂက်စ်ထရစ် အာလ်ဆာ) ရဲ့ပါတယ်။ ဒါကြောင့် ဗိုက်နာတာကို ဧည့်သည်နဲ့ စကားပြောရင်းက အမှတ်တမဲ့နဲ့ အစာအိမ်ရောဂါနဲ့ မသင့်တဲ့ အက်စ်ပီရင်ဆေးပြားတွေကို စားလိုက်မိလို့ အစာအိမ်ပေါက်ပြီး သွေးယိုစီးထွက်ရာက ကွယ်လွန် သွားခဲ့ရတာ ဖြစ်ပါတယ်။ အဲသလို ဆေးစားမမှားရင် ဦးလေးက ဒေါ်ဒေါ်ထက် အသက်ရှည်နိုင်သူပါ။ ငယ်စဉ်ကတည်းက နေ့စဉ် လမ်းလျှောက်ပြီး ကျန်းမာရေးကို အထူးစောင့်ရှောက်ခဲ့သူ မဟုတ်လား။ ဗုဒ္ဓဘာသာဝင်တွေ ပြောလေ့ရှိတယ်လေ။ ‘ကံ၊ စိတ်၊ ဥတု၊ အာဟာရ’တဲ့။ တပါးပါး ဖောက်ပြန်ရင် ဖောက်ပြန်တဲ့ အတိုင်းအတာအလျောက် အနည်းနဲ့အများ ကျန်းမာရေး ထိခိုက်ရတော့တာ မဟုတ်လား။
ကျွန်တေ်ာတို့ ငယ်သူငယ်ချင်းတွေထဲမှာ ထူထူထောင်ထောင် ရှိနေတာက ကိုလေးနဲ့ မောင်စွမ်းရည် အပြင် မောင်သိန်းနိုင်လည်း ရှိပါသေးတယ်။ ဆရာနိုးနဲ့ ဆရာမိုး(မောင်မိုးသူ)တို့ နှစ်ယောက်က အကြောင်းကြောင်းနဲ့ လမ်းမလျှောက်နိုင်ကြရှာဘူး။ မောင်သိန်းနိုင် ဖန်တီးပေးလို့ သူ့အိမ်မှာ ကိုလေးနဲ့ သုံးယောက် ဆုံမိခဲ့ကြပေမယ့် တခြား ဧည့်သည်တွေလည်း ပါနေလို့ စကားလက်ဆုံမကျ နိုင်ခဲ့ပါ။ ပန်းချီဝင်းဖေတယောက် ပါလာလို့ အတူထိုင်ပြီး စကားနည်းနည်းပြောခဲ့ရပါတယ်။ သူလည်း ကိုလေးနဲ့အတူ တက္ကသိုလ်ကို စောရောက်သူပါ။ စာပေအုပ်စုထဲ မပါဘဲ ပန်းချီပဲ ဆွဲတာပါ။ နောက်တော့ ရန်ကုန်ဆင်းပြီး ကင်မရာနဲ့ ပန်းချီဆွဲရတဲ့ ရုပ်ရှင်ထဲဝင်ရာက ဖလင်ပြတ်တော့ ဝတ္ထုတို ရေးလို့ စာရေးဆရာ စာရင်းဝင်သွားခဲ့ပါတယ်။ ပြိုင်ပွဲဝင်ရတဲ့ခေတ်မို့ ဝတ္ထုဆုမရလိုက်တာ ထင်ပါ တယ်။ သူ့ဝတ္ထုတိုတွေက သူနဲ့အတူ ရေးကြတဲ့ ဝတ္ထုတွေထက် သာပါတယ်။ သူက နိုင်ငံတကာဝတ္ထု တွေကို ဖတ်ထားသူပါ။ မြန်မာဝတ္ထုရေးဆရာတွေက နိုင်ငံခြားစာပေဖတ်သူ အလွန်နည်းပါတယ်။ ဒါကြောင့် သူတို့က ဇာတ်လမ်းလောက်ပဲ အားကိုးပြီး ရေးလေ့ရှိပါတယ်။ စာပေအရေးအသားကို မလိုက်နိုင်ကြတာ များပါတယ်။ ကဗျာဆရာ အများစုကလည်း နိုင်ငံခြား ကဗျာဖတ်သူ နည်းပါးလှ ပေမယ့် ခုတော့ မောင်သာနိုးရဲ့ ဘာသာပြန်တွေက အများကြီး အထောက်အကူဖြစ်ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတစုမှာ အဲသလို တဦးနဲ့ တဦး အပြန်အလှန် ထောက်ကူစရာ ကဗျာ၊ ဝတ္ထု၊ ဂီတ၊ ပန်းချီဘာသာပြန် စသဖြင့် အစုံရှိနေတာ ကံထူးပါတယ်။ ကိုလေးကလည်း အခြား မန်းတက္ကသိုလ် ကျောင်းသား စာပေးသမားတွေကို ရှေးစာပေတွေ နှုတ်ဆက်ရတာ များပေမယ့် နိုင်ငံတကာ စာပေ လေ့လာဖို့ကျတော့ အားနည်းသူ(အများနည်းတူ) ပါပဲ။ ပိုပြီးလေ့လာသူက ပိုပြီး ရှေ့တန်းကို ထိုးထွက်လာပါလိမ့်မယ်။
ထူးခြားမှုတခုလို့ ပြောရမလား။ မန်းတက္ကသိုလ် အနုပညာအုပ်စုဟာ နိုင်ငံရေး (ဒီမိုကရေစီရေး) ကိစ္စ ကြုံလာတော့လည်း မညှိကြရဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံ ကြပါတယ်။ အမေ လူထုဒေါ်အမာကအစ ကိုလေး၊ ကြည်အောင်၊ တင်မိုး၊ မောင်စွမ်းရည်၊ မောင်မိုးသူ၊ မောင်သိန်းနိုင်၊ ဝင်းဖေ၊ ပေါ်ဦးသက်၊ တင်မိုးနဲ့ မောင်စွမ်းရည်တို့က ပြည်ပကနေ အထူးသဖြင့် ရေဒီယိုတွေကနေ အဆက်မပြတ် ရေးသား ပြောဆိုကြပါတယ်။ ပြည်တွင်းမှာ မောင်သိန်းနိုင်၊ ကိုလေး၊ ကြည်အောင်၊ မောင်မိုးသူတို့ကလည်း ဒေါ်စုကို အနီးကပ် ဝန်းရံခဲ့ကြပြီး အထူးသဖြင့် နယ်လှည့်ဟောပြောပွဲမှာ တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြပါတယ်။ ဟန်ချက်ညီညီ လှုပ်ရှားခဲ့ကြပါ တယ်။ ပြည်တွင်းမှာ ကျန်းကျန်းမာမာနဲ့ လှုပ်ရှားနေနိုင်သူကတော့ ကိုလေး(အင်းဝဂုဏ်ရည်) ဖြစ်ပါ တယ်။ အင်းဝဂုဏ်ရည်ကိုသာမက ရွှေမန်းဂုဏ်ရည်၊ နိုင်ငံ့ဂုဏ်ရည်တို့ကိုပါ ဆောင်နိုင်ပါလိမ့်မယ်။
မောင်စွမ်းရည်ကတော့ ပြည့်မှာ ရေးခဲ့၊ ရေးဆဲ ကဗျာတွေ၊ စာတွေကို ပြည်တွင်းမှာ ပြန်လည်စုစည်း ပြီး ထုတ်ဝေဖို့ ကြိုးစားနေပါတယ်။ မောင်စွမ်းရည်ရဲ့ ကဗျာ စာအုပ်သစ်အတွက် သူရဲကောင်း သူငယ်ချင်းကို အားပေးအမှာစာ ရေးပါလိမ့်မယ်။ ရေးပေးနော်။ ကဗျာစာမူတထုပ် ပို့လိုက်မယ်။ သူငယ်ချင်းလည်း နောက်ထပ် ကဗျာစာအုပ်တအုပ် ထုတ်ဖို့ ကြိုးစားနိုင်ပါစေ။
ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည်။
မောင်စွမ်းရည်
၂၀၂၀ ဇန်နဝါရီ ၁၆ ရက်