Breaking News

ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ - ၆

The Greyfriars Bobby statue is pictured wearing a mask in Edinburgh, Scotland, the UK on March 23, 2020. © Reuters / Russell Cheyne


ခွန်ဆိုင်း  - ကိုဗစ် ဒိုင်ယာရီ - ၆

(မိုးမခ) မတ် ၂၄၊ ၂၀၂၀

ငါတို့ မျက်စိနဲ့ တော့ မမြင်ရဘူးပေါ့ ။ ဒါပေမယ့် မင်း တလိမ့်လိမ့် တက်လာနေတဲ့ အသံတွေကိုတော့ ငါတို့အားလုံး အသဲထဲက ကြားတယ်။ သစ်ရွက်ခြောက်များ တဖျောက်ဖျောက် နဲ့ ကြွေသွား သ လိုမျိုး ။ လဲပြိုနေ တဲ့ ငါတို့လူတွေ ဆီက အသံတွေ ကို နားထောင်နေရင်း အရိုးထဲက ယားတယ်။

လေထဲကနေ မင်း ငါ့ အနားရောက်နေပြီလား ။ ခုန်အုပ်လိုက်မှာလား ။ မင်း ဘယ်အချိန် ဘယ်နေရာကနေ ထိုးချလိုက်မယ်ဆိုတာ မသိတော့ ငါတို့ အဖြစ်က အခုများ ဆို ဘယ်သူမှ အသက်တောင် ရဲရဲ မရှုရဲကြ ဘူး ။ လက်တောင် မာမာ မဖြန့်ရဲဘူး - ဘာကိုမှ စိတ်ချလက်ချ မထိရဲကြဘူး။ ပခုံးနှစ်ဖက်ကြားမှာ ခေါင်းတခါခါနဲ့ သိက္ခာမဲ့နေလိုက်တာ ။ မင်းဗျူဟာ မင်းမာယာ မင်း တပ်ဖွဲ့စည်းပုံ ။ ငါတို့ ဘာမှ သေချာမသိလိုက်ကြဘူး။ မင်း စစ်မကြေငြာပဲ တိုက်လိုက်မှ သာ တိုက်ပြီလို့ ငါတို့သိလိုက်ရတာ။ ပွဲ စစချင်း ငါတို့ အကြီးအကျယ်အထိနာနေတာသိတယ်။ စမ်းတဝါးဝါးနဲ့ - တဆုတ်ထဲ ဆုတ် နေရတာကို ငါသိတယ် ။ ဖရိုဖရဲ အကျအဆုံး အများကြီးနဲ့ကို ဆုတ်နေရ တာ ။ ပြေးစရာမြေမကျန်အောင်ဆုတ်လာရတာကို။ ဘယ်ကလာ အောင်မြင်စွာ ဆုတ်ခွါနိုင် ခဲ့ မလဲ ။ အလံတကြွားကြွား စခန်းတွေ အားလုံးကို အကုန် အကောင်းပကတိ စွန့်ထားခဲ့ကြပြီ ။ ဘာတခုမှ ယူချိန်မရဘူး။ အလံလဲ ထားခဲ့။ အမြန်ဆုံး စွန့်ထားခဲ့တော့ ဆိုလို့ စွန့်ထားခဲ့ရတာ ။ မင်းချနင်းထားလို့ ကျိုးကြေတွန့်လိမ်နေတဲ့ ငါတို့ မာနတွေကို တောင် ငါတို့ မှာ ပြန်ကောက်ချိန်မရဘူး။ ကိုယ့်နေရာ-ကိုယ် ရောက်အောင် ပဲ အလဲလဲ အကွဲကွဲ မနဲ ပြန်ပြေးနေရတုန်း ။

ငါတို့ခေါင်းဆောင်တွေ တနေ့လုံး ပြော ၊တနေကုန် နားချ ။ အမိန့်တွေ တုန်တုန်ရီရီ မပီမသ နဲ့ ပေးနေတာတွေကို ငါတို့ နားသိတ်မလည်ပေမယ့် အတိအကျနားထောင်နေရတယ်။ လိုက်နာနေရတယ်။ အမိန့်တွေက မနက်နဲ့ ညနေ မတူပြန် ဘူးလေ ။ ဒါပေမယ့် ငါတို့ ဘာမှ ပြန်မပြောရဲဘူး။ ဘာမှလဲ မလုပ်တတ်။ ပြန်လုပ်ဖို့ သတ္တိလဲ ငါတို့မှာ မရှိ။လက်နက်လဲ မရှိဘူးလေ။ စစ်မကြေငြာပဲ မင်း ပစ်ချလို့ ကျနေတဲ့ ငါတို့လူတွေကို တနေ့လုံး ကျင်းအကြီးကြီးတွေထဲ ကောက်ထည့်နေရတာကိုက မနိုင်မနင်းဖြစ်နေကြ တာ ဆိုတော့ ငါတို့ ဘာတတ်နိုင်မှာလဲ၊ ။ တနေကုန် ဝပ် နေ ငြိမ်နေ . အိမ်ထဲက မထွက်ကြ နဲ့ ။ တံခါးမဖွင့်နဲ့ ။အချင်းချင်း ခွဲနေကြ။ စကားတောင်ကျယ်ကျယ် မပြောကြနဲ့တဲ့ ။ဒါ ငါတို့ခေါင်းဆောင်တွေ တနေကုန်ပေးနေတဲ့ အမိန့်တွေ အကုန် နဲ့ ဗျူဟာ အနှစ်ချုပ်ပဲ ။

သူတို့ပြောတော့ ကမ္ဘာစစ်ဖြစ်နေပြီ လို့ လဲ ပြောသေး တယ်။ ဒါပေမယ့် ငါတို့ ကို ဘာလက်နက်မှထုတ် မပေးဘူး ။ သူတို့မှာလဲ ဘာလက်နက်မှ ရှိပုံမရဘူး။ ။ အားလုံး ခေါင်ငုံ့ထား ။ ဒူးထောက်ထား ။ လုံးဝ ရှေ့မထွက်ခဲ့ နဲ့ ဆိုတဲ့ ဗျူဟာ မျိုးနဲ့ ငါ လဲ စစ် တခါမှ မတိုက်ဖူးဘူး ။

မင်းဟာ မမြင်ရတဲ့ ကိုယ်ပျောက် ရန်သူ ။ မင်းဟာ ငါတို့ လူအုပ်စု တွေကို အကာအကွယ်ယူပြီး ဗျူဟာမြောက် ရှေ့တက်တတ်တယ်။ငါတို့ ကမ္ဘာကို အစိတ်စိတ်ပိုင်းချချေမွ တယ်။ အချိန်တိုတိုလေးမှာ ငါတို့လူတွေသာ မင်း အတွက် ရိက္ခာဖြစ်လိုဖြစ် ။ ငါတို့လူတွေသာ မင်း တပ်အင်အားတိုးချဲ့ရာဖြစ်လိုဖြစ် ။ ငါတို့ လူတွေသာ မင်းခုခံရာ ကတုတ်ကျင်းဖြစ်လိုဖြစ် ။ မင်းက လူ့ကတုတ်ကျင်းထဲကနေ လူသား အရင်းအမြစ် ကို ဖြိုလှဲ ဖို့ ကြိုးစား ။ငါတို့ကို ကမ္ဘာစစ်ကြေငြာသွားတာ တဲ့ ။ ငါတို့ အကျအဆုံးများ ကြားလို့မတော် ။ မြင်လို့ မကောင်းဘူး ။

အခု ငါ တို့နေ့စဥ် ဘဝတွေ ဘာတခုမှ ပုံမှန်မဟုတ်တော့ဘူး ။

လူသားအဖြစ်နဲ့ ငါမသေခင် မှာ ဒီလောက် သေးနှုတ်သွားမယ်လို့ တသက်လုံး ငါ တခါမှ အိပ်မက် မက်မကြည့်ဖူးဘူး ။ ငါ မသေခင် သိက္ခာ ဒီလောက်ကျစရာ အကြောင်းမရှိနိုင်ဘူးလို့ ငါထင်ထားတာမှားတယ်ကွာ ။ ငါတို့မှာ ပြန် စစ်ဆင်နိုင်ဖို့ နေနေသာသာ ခုခံစရာလက်နက် တောင် မယ်မယ်ရရ မရှိပဲ အကွဲကွဲ အပြားပြား အလဲလဲ အပြိုပြို နဲ့ ပြေးလွှား ပုန်းအောင်ရတဲ့ စစ်ပြေးတွေ ။ ငါတို့ခေါင်းဆောင်တွေ လက်မတထောင်ထောင် ပြောနေကြတုန်းက ငါသေချာမှတ်မိတာ ရှိတယ် ။ တချိန်လုံး ငါတို့ ကြားခဲ့ ယုံကြည်ခဲ့တာကြီး ပါ ။ ငါတို့မှာ ခေတ်မှီလက်နက်ကောင်း တွေ ရှိတယ် ။ ကမ္ဘာကြီး ကိုတောင် ခဏလေးနဲ့ ဖျက်နိုင်တဲ့ အစွမ်းထက် လက်နက်ကြီး တွေ ပိုင်ထားတဲ့ နိုင်ငံ ဆိုတာ ။ ခုကျ ငါတို့ ကမ္ဘာ ကို မင်းက အသာ လက်ကလေး နဲ့တချက်တောက် ။ ပျက်သလောက် ကို ဖြစ်သွားတာပါ .....ကောင်ကြီးရာ

ဖန်သားပြင်မှာ တချိန်လုံး ငါအိုမင်းရင့်ရော်။ ငါ ကြည့်နေတဲ့ စစ်သတင်းလဲ ( မနေ့ကလိုပဲ ) ဘာမှ အားတက်စရာမပါဘူး။ ဘယ်အင်အားကြီး နိုင်ငံဆီကမှ စစ်ကူမလာနိုင် ဘူး။ သူတို့လဲ ငါတို့လို ။ ပြေးနေတုန်း၊ ဆုတ်ကောင်း တုန်း၊ ကျဆုံးနေကြတုန်း တဲ့ ။

ညမနက်သေးတော့ body countတွေကို ငါ မရေတွက်ချင်သေးဘူး။ ဒီနေ့အတွက် စာရင်းမပိတ်ရ သေးပေမယ့် ငါ အနံ့ရပါတယ်။ ငါတို့ ပို ကြပ်တည်းကြမယ်။ အခြေအနေက ရိက္ခာကို ရာရှင်နဲ့ အချိုးကျ စားရမယ်ထင်တယ်။ သေချာ ငါ မသိသေး ဘူး။ ငါတို့ခေါင်းဆောင်တွေ ဆွေးနွေးနေတာ တွေ့လို့ မှန်းကြည့်တာ ။ ဟောင်ကောင်စာရင်းမှာ ထိခိုက်သူအရေအတွက်ပြန်များလာပြန်ပြီ ဆိုတဲ့ အဓိပ္ပါယ်ကို ငါသိတယ် ။ နောက်ဆုံး ခေါင်းမာမာ ဂျပန်တွေ အိုလံပစ်ကို လက်လျော့လိုက်ကြရပြီမဟုတ်လား ။ မင်းခွင့်မပြုဘူး မဟုတ်လား ။ စင်ကာပူရွေးကောက်ပွဲ လဲ မင်း အမိန့်ရမှ ရှေ့ဆက်လို့ ရမှာမို့လား ငါသိပါတယ် ။
ဗုံးတလုံးအနားမှာ ကျကွဲလိုက် သလို ။ အမျိုးတယောက် လှမ်းပို့လိုက်တဲ့ သတင်း ငါ့မျက်စိကို မှန်လိုက် တာ။ ငါတို့ဆီမှာ တွေ့ပြီတဲ့ ။ ၂ယောက်တောင်မှ ပါလား ။ တောတတော လုံး ပြိုဆင်း ။ ငါရင်ထဲမှာတအုံးအုံးနဲ့ ။ နေလို့ မကောင်းဘူးကွာ။

( ၂၃-၀၃-၂၀၂၀ )