Breaking News

ဧရာ(မန္တလေး) - မိမိကိုယ်ကို စောင့်ရှောက်ပါ


ဧရာ(မန္တလေး) - မိမိကိုယ်ကို စောင့်ရှောက်ပါ

(မိုးမခ) မတ် ၂၄၊ ၂၀၂၀

တခါက တိုင်ထိပ်မှာ ကျွမ်းဘားကစားပြီး အသက်မွေးတဲ့ ဆရာ တပည့် နှစ်ဦးရှိတယ်။ ဆရာက “ငါတို့ တယောက်ကို တယောက် လုံခြုံအောင် စောင့်ရှောက်ပြီး ကျွမ်းဘား အတတ်ပညာကို ပြကြပါစို့” လို့ဆိုတယ်။ တပည့်ဖြစ်သူက “ဒါက မသင့်တော်ပါဘူး...။ မိမိကို မိမိ လုံခြုံအောင် စောင့်ရှောက်ပြီးတော့ ကျွမ်းဘားကစားသင့်တယ်” လို့ ဆိုပါတယ်။

မြတ်စွာဘုရားက “ဒီနေရာမှာ တပည့် ဖြစ်သူရဲ့ စကားက ပိုပြီး သင့်တော်တယ်။ “သူတပါးကို စောင့်ရှောက်တယ်” ဆိုရာမှာ သူတပါးကို မေတ္တာ-ကရုဏာနဲ့ စောင့်ရှောက်ရတယ်။ သူတပါးကို စောင့်ရှောက်ရင် မိမိကိုယ်ကိုလည်း စောင့်ရှောက်ရာ ရောက်တယ်။ “မိမိကိုယ်မိမိ စောင့်ရှောက်တယ်” ဆိုရာမှာ သတိပဋ္ဌာန်တရား ပွားများပြီး မိမိကိုယ်မိမိ စောင့်ရှောက်ရတယ်။ မိမိကိုယ်ကို စောင့်ရှောက်ရင် သူတပါးကို စောင့်ရှောက်ရာလည်း ရောက်တယ်" လို့ ဓမ္မရှုထောင်ကနေ ဟောပါတယ် (သတိပဋ္ဌာနသံယုတ် သေဒကသုတ်)။

အခုလို ကပ်ဘေးဆိုက်နေချိန်မှာလည်း ဒီဥပမာလေးကို သုံးနိုင်ပါတယ်။ မိမိကိုယ် မိမိ သတိသမ္ပဇဉ်တရားနဲ့ ရောဂါမကူးစက်အောင် ကာကွယ်စောင့်ရှောက် မယ်ဆိုရင်၊ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်နဲ့ အများကို ကာကွယ်စောင့်ရှောက်ရာ ရောက်ပါတယ်။ အလားတူပဲ အခြားသူတွေကို ရောဂါမကူးစက်ရအောင် မေတ္တာ-ကရုဏာရှေ့ထားပြီး ကူညီစောင့်ရှောက်တာကလည်း မိမိကိုယ်ကို ကာကွယ်ရာ ရောက်ပါတယ်။

ပေါ့ပေါ့ဆဆ မထားဘဲ အစဉ်နိုးကြားတဲ့ သတိ ရှိရမယ်။ ယုံတမ်းစကား, သတင်းမှားတွေနဲ့ ဝေဝါး ထိပ်လန့်မနေဘဲ၊ ရောဂါအကြောင်းကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်ထားရမယ်။ (ဘာသာရေးအခမ်းအနားတွေ အပါအဝင်) လူစုလူဝေးရှိတဲ့ နေရာတွေကို မသွားဘဲ၊ ဒီအချိန်မျိုးမှာ မလုပ်သင့်တဲ့ ကိစ္စတွေကို မလုပ်ဘဲ အထူး ဆင်ခြင် ရှောင်ရှားရမယ်။ ဒီလို သတိသမ္ပဇဉ်နဲ့ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်နေတာက ကူးစက်မှုသံသရာကို ဖြတ်တောက် ဟန့်တားတာဖြစ်လို့ မိမိနိုင်ငံနဲ့ ပတ်ဝန်းကျင်ကို ကာကွယ် စောင့်ရှောက်ရာလည်း ရောက်ပါတယ်။