Breaking News

အာဏာသိမ်းစစ်တပ်က ဒု-သမ္မတရွေး ၊ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ဦးဆောင်ကော်မတီဖွဲ့၊ ပြည်တွင်း နိုင်ငံရေးသမားအချို့ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့ကြောင်း ကြေညာ

မြန်မာနွေဦးခရိုနီကယ် - မတ် ၂၉ မြင်ကွင်း

(မိုးမခ) မတ် ၃၀ ၊ ၂၀၂၆


အာဏာသိမ်းစစ်တပ်က ဒု-သမ္မတရွေး ၊ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ဦးဆောင်ကော်မတီဖွဲ့၊ ပြည်တွင်း နိုင်ငံရေးသမားအချို့ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့ကြောင်း ကြေညာ

ဒီနေ့ မတ်လ ၃၀ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအင်အားစုတွေ ခြေလှမ်းပြိုင်တူ လှမ်းကြတဲ့နေ့လို့ ဆိုရင် မှားမယ် မထင်ပါဘူး။

 ဒီနေ့ တရက်တည်းမှာပဲ လွန်ခဲ့တဲ့ ၅ နှစ်က အာဏာသိမ်းခဲ့တဲ့ စစ်တပ်က စစ်တပ်ရဲ့ ထိပ်ဆုံးရာထူးတာဝန် လူအပြောင်းအလဲ လုပ်ဆောင်တာတွေ လုပ်ပြီး လွှတ်တော်မှာ ဒု-သမ္မတ ရွေးချယ်တာတွေကို တရက်တည်း ကျင်းပပြီး စိတ်လှုပ်ရှားနေချိန်မှာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကလည်း SCEF လို့ အတိုကောက် ခေါ်ဆိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ ဆိုတဲ့ ပူးပေါင်းအဖွဲ့အစည်းတရပ် ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။ 

အဆိုပါ ဖြစ်ရပ် ၂ ခု ဖြစ်ပွားတဲ့ နောက်တနေ့မှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ခြင်းမရှိတဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစု တချို့ကလည်း နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အစုအဖွဲ့ PCB ဖွဲ့စည်းထားကြောင်းကို ပထမဆုံး အသိပေးတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

အခုလို အရေးပါတဲ့ နိုင်ငံရေး ဖြစ်ရပ်တွေ တရက်ထည်းမှာ ဖြစ်ပျက်တာ သို့မဟုတ် တရက်တည်း ထုတ်ပြန်ကြေညာကြတာဟာ တိုက်ဆိုင်မှုသက်သက်တော့ မဟုတ်လောက်ပါဘူး။

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ သူဖြစ်ချင်တဲ့ နိုင်ငံတော် သမ္မတ ဆိုတဲ့နေရာကို ရရှိဖို့ ပြီးခဲ့တဲ့ ၅ နှစ်လုံးလုံး ပြည်တွင်းစစ် ဆင်နွှဲတာ၊ လက်နက်ကိုင် ပုန်ကန်တဲ့ ပြည်သူလူထုတွေကို အကြမ်းဖက် တိုက်ခိုက်နှိမ်နှင်းတာ၊ နေ့စဥ်နဲ့အမျှ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ၊ နေအိမ်တွေ ကျေးရွာတွေကို မီးရှို့တာ၊ ဆန့်ကျင်တယ်လို့ သံသယရှိသူမှန်သမျှ ဖမ်းဆီး နှိပ်စက်ကာ အသက်သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်တာ လက်စားချေသတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်ဟာ ၅ နှစ်တာကာလအတွင်း အတိုက်အခံ ပုန်ကန်သူတွေသာမကပဲ ၄င်းတို့စစ်တပ်ထဲက အရာရှိကြီးအချို့ကိုလည်း လာဘ်စားတယ်၊ အာဏာ ငွေကြေး အလွဲသုံးစားလုပ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးအပြစ်ပေးတာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ 

မင်းအောင်လှိုင်အဖို့ ဖြစ်နိုင်ရင် ရွေးကောက်ပွဲ မလုပ်ဘဲ နိုင်ငံတော်သမ္မတ ရာထူးနေရာကို ရယူလိုပေမယ့် ပြည်တွင်းနဲ့ နိုင်ငံတကာ အခြေအနေတွေက အဲဒီလို လုပ်ဆောင်မှုကို လက်မခံကြတဲ့ အခြေအနေမျိုးမို့လို့ တတိုင်းပြည်လုံး စစ်မီးဟုန်းဟုန်းတောက်နေချိန်မှာ စစ်တပ်က စီစဥ်တဲ့ရွေးကောက်ပွဲ ကျင်းပပြီး ရွေးကောက်ပွဲမှာ မနိုင် နိုင်အောင် ကြိုးစားစီစဥ်ခဲ့တဲ့အတိုင်း ကြံ့ခိုင်ရေးပါတီက အနိုင်ရပြီး သမ္မတရာထူးတာဝန်ကို ရွေးချယ်ပေးအပ်တယ်ဆိုတဲ့ ဇာတ်လမ်းဖြစ်အောင် ပြီးခဲ့တဲ့ ၁ နှစ်ကျော်ကြာကာလအတွင်း စီစဥ်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

ရွေးကောက်ပွဲ လုပ်ဆောင်ဖို့ နယ်မြေတွေကို စစ်အင်အားနဲ့ ထိုးစစ်ဆင်တာတွေ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ နေအိမ်တွေ မီးရှို့ဖျက်ဆီးပြီး စစ်အစိုးရကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တွေ ရှိတဲ့မြို့ရွာနဲ့ နယ်မြေတွေကို ရိက္ခာ၊ လောင်စာဆီ ပိတ်ဆို့၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ပြီးနောက် အခုလို မတ်လ ၃၀ ရက်နေ့မှာ ကြိုတင်စီစဥ်ထားတဲ့အတိုင်း ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်က မဲအရေအတွက် အများဆုံးရတဲ့ ဒု-သမ္မတကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီနေ့မှာပဲ ခေတ်သစ် မြန်မာ့သမိုင်းမှာ ဒုတိယအကြိမ် ပြည်တွင်းစစ်မီးထဲ ကျရောက်စေတဲ့ လုပ်ဆောင်ချက်တွေကို ဆုံးဖြတ်ခဲ့တဲ့ ၁၅ နှစ်ကြာ တာဝန်ယူခဲ့တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကနေ အနားယူပြီး စိတ်ချယုံကြည်ရတဲ့ စစ်တပ်ခေါင်းဆောင် နောက်တယောက်ကို လွှဲပေးတဲ့ အခမ်းအနားကိုလည်း မတ်လ ၃၀ ရက်နေ့မှာပဲ လုပ်ဆောင်ခဲ့ပြန်ပါတယ်။ 

ဒါတွေကတော့ မတ်လ ၃၀ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်ဘက်က လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေး ခြေလှမ်း ဖြစ်ပါတယ်။ 

အဲဒီနေ့တရက်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။ 

ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့ကတော့ ကရင်နီဒေသက KNPP/KA၊ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကချင်လွတ်လပ်ရေးအစည်းအရုံး KIO/KIA တို့ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရဘက်မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH လည်းပါဝင်ပြီး နွေဦးတော်လှန်ရေး အစပိုင်းကာလမှ ပထမဆုံးဖွဲ့စည်းတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တော့ မပါဝင်ပါဘူး။ အခုကော်မတီကို အများနားလည်လွယ်အောင် ပြောရရင် NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ထပ်မံဖွဲ့စည်းကြတဲ့ တပ်ပေါင်းစု ပုံသဏ္ဌာန်တခုလို့ ဆိုနိုင်ပါလိမ့်မယ်။ 

ရည်ရွယ်ချက် ၆ ခု ချမှတ်ထားပြီး လက်ရှိတော်လှန်ရေး နောက်တဆင့်တက်ပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ် အောင်မြင်စွာဖွဲ့စည်းဖို့၊ မြန်မာစစ်တပ် နိုင်ငံရေးမှာ ပါဝင်နေတာကို အပြီးတိုင် အဆုံးသတ်ဖို့၊ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝ ထားရှိဖို့ဆိုတဲ့ ရည်မှန်းချက်တွေ ပါရှိကြောင်း ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ 

ဒီအဖွဲ့ဖွဲ့စည်းဖို့ ဆွေးနွေးညှိနှိုင်းနေကြတာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်း ဇန်နဝါရီလဝန်းကျင်ကတည်းကလို့ သတင်းဖေါ်ပြချက် အချို့အရ သိရပါတယ်။ ဒီကော်မတီကို ဖွဲ့စည်းတဲ့ရည်ရွယ်ချက်ဟာ စစ်ရေး နဲ့ နိုင်ငံရေး ၂ မျိုးလုံးရောနှောပါဝင်နေသလို ရေတိုကာလ ရည်မှန်းချက်နဲ့ ရေရှည်အနာဂတ်နိုင်ငံထူထောင်တဲ့အခါ ကျင့်သုံးမယ့် စနစ်တွေအထိ ရောနှောပါဝင်နေတာ တွေ့ရပါတယ်။ 

အာဏသိမ်းထားတဲ့စစ်တပ်ကို အနိုင်တိုက်ဖို့ လတ်တလော စစ်ရေးပူးပေါင်းမှုတွေ လုပ်ဆောင်ဖို့ အတွက်ရည်ရွယ် ဖွဲ့စည်းတာလို့လည်း မဆိုနိုင်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိဖို့လို့လည်း မဆိုနိုင်ပြန်ပါဘူး။ 

ကိုယ်စားပြုမှုမှာ နံပါတ် ၁ အနေနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/ တိုင်းရင်းသားလက်နက်ကိုင် ဖြစ်ပြီး နံပါတ် ၂ အနေနဲ့ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်၊ နံပါတ် ၃ အနေနဲ့ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင် ရယ်လို့ သတ်မှတ်ထားတာလည်း တွေ့ရပါတယ်။ 

အဆိုပါ ဖွဲ့စည်းပုံ အရ လတ်တလောဖွဲ့စည်းလိုက်ကြောင်း ကြေညာရာမှာ တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့နဲ့ NUG ၊ CRPH တို့သာ ပါဝင်လာသေးတာ တွေ့ရလို့ ကော်မတီဖွဲ့စည်းမှု လုပ်ငန်းစဥ် ပြည့်စုံပြီးစီးခြင်း မရှိမီ တဖက် အာဏာသိမ်းစစ်တပ်ဘက်က နိုင်ငံရေး ခြေလှမ်းဖြစ်တဲ့ လွှတ်တော်ဖွဲ့စည်း သမ္မတလောင်း ရွေးချယ်တာကို တန်ပြန်ဖို့ ရောက်ရှိနေတဲ့ အနေအထားအတိုင်း ထုတ်ပြန်လိုက်တာလားလို့ ယူဆစရာလည်း ရှိနေတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်ကာလအတွင်း မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းမှာ အဖွဲ့အစည်းတွေ အများအပြား ဖွဲ့စည်းခဲ့ပြီး တရားဝင် ဖျက်သိမ်း၊ ရပ်ဆိုင်းခြင်းလည်း မရှိဘဲ ရပ်ဆိုင်းသွားတဲ့ အဖွဲ့တွေ ရှိခဲ့တာကို သတိပြု နှိုင်းယှဥ်စရာ ဖြစ်ပါတယ်။ 

NCA မပေါ်ပေါက်ခင်၊ လက်မှတ်မရေးထိုးခင်ကာလမှာ UNFC  ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလ၊ NCA လက်မှတ်ထိုးပြီးကာလမှာ PPST၊ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြားမှာ FPNCC၊ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ အစရှိတဲ့ အဖွဲ့တွေက စစ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု၊ နိုင်ငံရေးဆွေးနွေးမှုတွေအတွက် ဖွဲ့စည်းခဲ့ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီနဲ့ သိမ်းပြီးခါစအထိ NCA EAOs လို အဖွဲ့လည်း ရှိခဲ့ပါသေးတယ်။ စစ်အာဏာသိမ်းပြီးနောက် NCA ဆက်လက်ကိုင်စွဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက 7 EAO Alliance အဖွဲ့ကို ဖွဲ့စည်းထားကြပါသေးတယ်။ 

စစ်ရေး၊ သို့မဟုတ် နိုင်ငံရေး မဟာမိတ်/တပ်ပေါင်းစု အဖွဲ့တွေဟာ ဖွဲ့စည်းပြီးနောက် ကာလတခုထိ လှုပ်ရှားမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ကြပေမဲ့ နိုင်ငံရေး/စစ်ရေးအခြေအနေအပြောင်းအလဲ တခုခုမှာ ဆက်လက် ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်နိုင်ကြတော့တဲ့အခါ လူသိရှင်ကြား အသိပေး ဖျက်သိမ်းတာမျိုးထက် အသက်ဝင် လှုပ်ရှားမှုမရှိတော့ဘဲ ပစ်ထားလိုက်ကြတာမျိုး၊ ရပ်ဆိုင်းသွားတာမျိုး ဖြစ်ကြတာတွေလည်း သင်ခန်းစာယူကြဖို့ လိုအပ်ပါတယ်။ 

မတ်လ ၃၁ ရက်နေ့မှာပဲနောက် ပြည်တွင်းက နိုင်ငံရေးသမားတချို့ ဖြစ်တဲ့ ၈၈ မျိုးဆက်က ကိုမြအေး၊ SNLD ပါတီဥက္ကဋ္ဌ စိုင်းညွန့်လွင်၊ ဦးသာထွန်းလှတို့ ဦးဆောင်ပြီး နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေး အစုအဖွဲ့  ဖွဲ့စည်းကြောင်း ကြေညာခဲ့ကြပါတယ်။ 

နိုင်ငံရေးပါတီ ဖွဲ့စည်းထားခြင်း မရှိတဲ့ နိုင်ငံရေးသမားတွေ ပါဝင်ပြီး တိုင်းပြည်ရဲ့ အရင်းခံပြဿနာ ဖြေရှင်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ အတွက် မူဝါဒတူညီတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ရေး ရည်ရွယ်ဖွဲ့စည်းတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။  

ထုတ်ပြန်ချက်မှာ လက်ရှိ ပဋိပက္ခများ ဖြေရှင်းရန်အတွက် ပဋိပက္ခနဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်ရေးကို အဓိကဇောင်းပေး ဖော်ပြထားတာ တွေ့ရပါတယ်။ 

အတိုကောက် PCB လို့ ခေါ်ဆိုတဲ့ အစုအဖွဲ့ရဲ့ သဘောထား ၉ ချက်ကိုလည်း ထုတ်ပြန်ခဲ့ရာမှာ ၁ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဥ်းသားများနှင့် နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံထားရသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ရန်၊ လွတ်လပ်စွာ အသင်းအဖွဲ့ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ကို သက်ဆိုင်သည့် အင်အားစုများအားလုံးက အသိအမှတ်ပြု အာမခံရန်၊ အတင်းအဓမ္မ စစ်သားစုဆောင်းမှုများကို သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးက မပြုလုပ်ရန်၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦ နဲ့ ဆေးရုံတို့ကို တိုက်ခိုက်ခြင်းကို ဘက်အသီးသီးက ရှောင်ရှားရန်၊ စီဒီအမ် အရပ်ဘက်ဝန်ထမ်းများကို အရေးယူမှုမလုပ်ရန် အစရှိတဲ့ အချက်တွေ ပါရှိတာ တွေ့ရပါတယ်။ 

အခုလို အစုအဖွဲ့ ဖွဲ့စည်းခြင်းကို တရားဝင် ထုတ်ပြန်ကြေညာခဲ့တာနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်တပ် အနေနဲ့ ဘယ်လို တုံ့ပြန်မယ်တော့ မသိရသေးပါဘူး။ 

စစ်တပ်က မနေ့ကမှ အနားယူတဲ့ မင်းအောင်လှိုင်ဦးဆောင်မယ့် အစိုးရအနေနဲ့  အခုလိုပြည်တွင်းနိုင်ငံရေးသမားတွေ ရဲ့ ကမကထပြု လုပ်ဆောင်တဲ့ လုပ်ဆောင်မှုကို ဖိနှိပ်တာမျိုး မလုပ်သည့်တိုင် အလေးထားမှု ရှိနိုင်ပါ့မလား ဆိုတဲ့ သံသယလည်း ရှိနိုင်ပါတယ်။ 

စစ်တပ်က သူ့ဖဲသူချိုးပြီး အစိုးရဖွဲ့မဲ့ အလှည့်အပြောင်းနေ့ မတ်လ ကုန်ချိန် အခြားသောအင်အားစုတွေကလည်း မိမိတို့လက်ထဲရှိတဲ့ ဖဲချပ်နဲ့ ခင်းပြီးကစားဖို့ ပြင်ဆင်နေကြတဲ့ သဘောလို့ ဆိုနိုင်ပါလိမ့်မယ်။ ဖဲရှုံးလို့ ကစားဝိုင်းဖျက်ခဲ့ပြီး ၅ နှစ်ပြည့်မှာ နောက်အခင်းအကျင်းတခုကို ပြန်လည်ခင်းကျင်းကြတဲ့သဘောလို့ ဆိုရင်မှားမယ်မထင်ပါဘူး။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar