Breaking News

လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၁၆






လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၁၆

(မိိုုးမခ) ဧပြီ ၁၁၊ ၂၀၂၀

ပြန်လည်ရှင်သန်လာတဲ့ဝူဟန့်မြို့


တရုတ်ပြည်အလယ်ပိုင်း ဟူပေပြည်နယ်မြို့တော် ဝူဟန့်မြို့ကို ရက်ပေါင်း (၇၆) ရက်- (ဇန်နဝါရီ (၂၃)  - ဧပြီ (၈) အထိ) ပိတ်ထားပြီးနောက် ဒီနေ့ ၁၂.၀၀မှာ (ညသန်းခေါင်မှာ) ပြန်ဖွင့်ပေးလိုက်ပါပြီ။ တမြို့လုံး မီးရောင်စုံပွင့်သွားပြီး တိုက်နံရံတွေမှာ ဆလိုက်တွေနဲ့ ဒီရောဂါဘေးတိုက်ဖျက်စဉ်က ကျဆုံးသွားရတဲ့အာဇာနည်တွေကို အမှတ်တရ အထိမ်းအမှတ်ပြုကြပါတယ်။ ပိတ်ထားတဲ့အကာအရံတွေ အားလုံးဖွင့်ပေးလိုက်ပြီး သယ်ယူပို့ဆောင်ရေးလိုင်းတွေ ပြန်ပွင့်သွားပါပြီ။ မမျှော်လင့်ဘဲ ဝူဟန့်မှာ ပိတ်သွားတဲ့ အနယ် နယ်အရပ်ရပ်က လူများလည်း ဝူဟန့်ကထွက်ခွာဖို့ အဆင်သင့်ပြင်ထားပြီးကြပါပြီ။

ဝူဟန့်ကို ပြန်ဖွင့်လိုက်ပြီဆိုပေမယ့် ရောဂါရဲ့အန္တရာယ်ကို ကာကွယ်တားဆီးရာမှာတော့ သတိနည်းနည်းမှ မလျှော့ကြဖို့ အစိုးရကသတိလည်း ပေး၊ လုပ်သင့်လုပ်ထိုက်တဲ့ ကာကွယ်ရေးလုပ်ငန်းတွေလည်း လုပ်နေပါတယ်။



ဒီကာလအတွင်း ဖြစ်ပျက်ခဲ့သမျှတွေကို ပြန်ကြည့်လိုက်ရင် ...

လွန်ခဲ့တဲ့ (၇၆) ရက် - ဇန်နဝါရီ(၂၃)ရက်နေ့က မြို့ပျက်မတတ် လူတွေ ချောက်ချားနေကြပါတယ်။ အဲဒီအချိန်က သတ်မှတ်လူနာ (၅၇၁) ယောက် ပဲရှိသေးပေမယ့် လူ (၁၀) သန်းကျော် ရှိတဲ့ မြို့ကို မဖြစ်မနေ ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ တမြို့လုံး သယ်ယူပို့ဆောင်ရေးတွေ ရပ်လိုက်ရတော့ ပထမဆုံးအခက်အခဲတွေ့သွားသူများဟာ ဆေးဝန်ထမ်းများပါ။ ဒါပေမဲ့ ပြည်သူတွေက တကယ့်သူရဲကောင်းတွေပါ။ဆေးဝန်ထမ်းတွေကို အခမဲ့လိုက်ပြီး ကြိုပို့လုပ်ကြပါတယ်။ (အသေးစိတ်ကို ရှေ့ပိုင်းဆောင်းပါးများမှာ ရေးပြီးပါပြီ။)

ဆရာဝန်ဆရာမတွေ ရောဂါဘေးကို အန်တုပြီး အားလုံး အချိန်ပို အလုပ်ဆင်းတဲ့သူ၊ မိမိရဲ့ မိခင်ဌာနမဟုတ်တဲ့ဌာနတွေကိုလည်း သွားပြီး လုပ်အားပေးသူတွေနဲ့ အားလုံး တက်တက်ကြွကြွ ဝိုင်းဝန်းခဲ့ကြပါတယ်။  ရပ်ကွက်ဆိုင်ရာ လုပ်ငန်းများလည်း အရှိန်အဟုန်နဲ့ လည်ပတ်ပါတယ်။ ဒါသာမက တပြည်လုံးပြည်သူတွေကလည်း ဝူဟန့်က ကာကွယ်ဖို့ ဝိုင်းဝန်းခဲ့ကြပါတယ်။

အဓိကကတော့ ဗဟိုအစိုးရရဲ့ (ဥပဒေနဲ့အညီ သိပွံနည်းကျ ချဉ်းကပ်မှုနဲ့  ချမှတ်ခဲ့တဲ့) သေနင်္ဂဗျူဟာနဲ့ တိကျပြတ်သားတဲ့ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ပြင်းစွာနဲ့ လုပ်ဆောင်နိုင်ခဲ့မှုပါပဲ။

ဇန်နဝါရီ (၂၄) ရက်နေ့ကစလို့ အမြို့မြို့အနယ်နယ်က ဆေးဝန်ထမ်းတွေ၊ ဆေးပစ္စည်းကိရိယာ အစုံအလင်နဲ့အတူ တသုတ်ပြီး တသုတ် ဝူဟန့်ကို ရောက်လာကြပါတယ်။ စုစုပေါင်း ဆေးအဖွဲ့ပေါင်း (၃၀၀) ကျော်ရှိပြီး ဆေးဝန်ထမ်းပေါင်း (၄၂၀၀၀) ကျော်ပါရှိပါတယ်။ (အဓိကအနေနဲ့ အသက်ကယ်ခန်း (အိုင်-စီ-ယူ) က လူအင်အားနဲ့ ပစ္စည်းအင်အား ၁၀% ပါလာ) အသက််ရှုစက်် (၁၇,၀၀၀)၊ ဆေးပစ္စည်း တန်ချိန်ပေါင်း ၂.၂ သန်းပါ ဝူဟန့်ရောက်လာ (မတ်လဆန်းအထိ စာရင်း)။ ကုတင်အလုံးပေါင်း (၅,၀၀၀) ပဲရှိရာက ကာလတိုအတွင်း (၂၃,၀၀၀) အထိဖြစ်လာ။

ကုတင် (၄,၀၀၀) ဆန့် ယာယီဆေးရုံ (၃) ရုံကို ၂၉ နာရီ အတွင်း တည်ဆောက်။
နောက်ပိုင်း ယာယီဆေးရုံ (၁၆) ရုံ အထိ ရှိလာ။ ရောဂါပြင်းထန်သူများ ထားရန် ကုတင် (၁,၀၀၀) ကျော်ဆန့် ခေတ်မီဆေးရုံကြီး (၂) ရုံကို (၁၀) ရက် အတွင်း တည်ဆောက်နိုင်ခဲ့။

တနေ့တည်း နျူကလစ်အက်စစ် စမ်းသပ်မှုပေါင်း ၃၅,၀၀၀ လုပ်နိုင်တဲ့ ပီ၃ ယာယီဓာတ်ခွဲခန်း (၃) ခန်းတည်ဆောက်နိုင် (ရောဂါစတင်ချိန်များမှာ တနေ့ လူ ၃၀၀ ပဲ စစ်နိုင်လို့ ရောဂါမပြင်းထန်တဲ့ လူနာတွေ လွတ်ကုန်ပါတယ်။ နောက်ပိုင်း လူအများကို စစ်ပေးနိုင်လာလို့ ရောဂါပိုးတွေ့သူဟူသမျှ (ရောဂါလက္ခဏာမပြင်းထန်သူများ) အားလုံးကို ယာယီဆေးရုံများမှာ စုထားပြီး ထိန်းချုပ်လိုက်နိုင်ပါတယ်။ ကူးစက်မှုရေသောက်မြစ်ကို ဖြတ်လိုက်နိုင်ခဲ့ပါတယ်။)

(၈) ရက်အတွင်း ဗိုင်းရပ်ပိုးကို အတည်ပြုနီုင်ပြီး အဲဒီဗိုင်းရပ်ရဲ့ မျိုးရိုးဗီဇကိုပါ ဖော်ထုတ်နိုင်ကာ ကမ္ဘာကိုကြေညာလိုက်နိုင်။

ရောဂါအကဲဖြတ်စနစ်တွေကို (၁၆) ရက် အတွင်းအဆင့်မြှင့်နိုင်။

အချက်အချာကျတဲ့ (စောစောစီးစီး ၄ မျိုး) စောစောရှာဖွေ၊ စောစောသတင်းပို့၊ စောစောခွဲထား၊ စောစောကုသ လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ခဲ့။

ဒီလိုနည်းတွေနဲ့ တရုတ်တပြည်လုံး တစည်းတလုံးတည်း စုစည်းပြီး အရှိန်အဟုန်မြင့်စွာနဲ့ အသက်တွေကယ်နိုင်ခဲ့ပါတယ်။ ရောဂါကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အသက်ကယ်ရာမှာလည်း အစိုးရရဲ့အကုန်အကျခံနိုင်မှုကလည်း အံ့မခန်းပါ။ ရောဂါပိုးစစ်ဆေးစရိတ်ရော၊ ရောဂါပိုးတွေ့သူအားလုံးရဲ့ ကုသမှုစရိတ်ကိုရော အစိုးရ အကုန်အကျခံပါတယ်။ အစိုးရရော ဆေးဝန်ထမ်းများရော ကိုင်စွဲထားတဲ့ မူကမျှော်လင့်ချက် ဝ.၁% ပဲ ရှိပစေ။ အစွမ်းကုန်ကယ်မယ် .. တဲ့။

လူနာတယောက်ရဲ့ အသက်ကယ်ခန်းအတွင်း တနေ့ ကုန်ကျစားရိတ် = ၃,၀၀၀ ယွမ် (ကျပ် ၆သိန်း)
အသက်ကယ်စက်များ တပ်ရပါက = ယွမ် ၃ - ၄သိန်း။

ဒါတွေအားလုံးကို ကိုဗစ်၁၉ ဗိုင်းရပ် ပိုးကူးစက်နှုန်းထက်မြန်တဲ့နှုန်းနဲ့ တရုတ်များ လုပ်ဆောင်ခဲ့တာပါ။ ဒီလိုနည်းတွေနဲ့ ပိတ်ဆို့ပြီး (၅၅) ရက် အကြာမှာတော့ ဝူဟန့်မှာ ရောဂါပိုးအသစ် တွေ့ရှိသူ မရှိတော့ပါဘူး။



၆-၄-၂၀၂၀ အထိ ဝူဟန့်မှာ ရောဂါသည် ၅၀,၀၀၈ ယောက်ရှိခဲ့ပြီး၂,၅၇၁ သေဆုံးခဲ့ပါတယ်။ စီးပွားရေးအရလည်း အတော်ဆုံးရှုံးမှုကြီးပါတယ်။ အခုထိလည်း ရောဂါသည်ပေါင်း (၅၀၀) ကျော် ကျန်သေးပြီး အထူးကုဆရာဝန် (၉၀၀) ကျော်နဲ့ ကြပ်မတ် ကုနေရတုန်းပါ။ နေရပ် မပြန်နိုင်ကြသေးပါဘူး။ သို့သော်် အသေအပျောက်စာရင်း မရှိတာ ရက်အချို့တော့ ရှိလာနေပါပြီ။ ရောဂါပျောက်ကင်းပြီး ဆေးရုံကဆင်းရသူပေါင်းက (၉၀%) ကျော်ရှိတယ် ... တဲ့။

ဒီလိုပိတ်ဆို့လိုက်မှုကြောင့် တရုတ်တပြည်လုံးကိုရော၊ တကမ္ဘာလုံးကိုပါ ကူးစက်မှုနှုန်း ၉၆% လျှော့ကျစေတယ်လို့ Science မဂွဇင်းက ရေးပါတယ်။

ဒါ့ကြောင့် တချို့နိုင်ငံတကာပညာရှင်များက ဝူဟန့်ကို တကမ္ဘာလုံးက ကျေးဇူးတင်ရမှာလို့ ပြောဟန်ရှိပါတယ်။ ဟုတ်ပါတယ်။ ဝူဟန့်ရဲ့အောင်မြင်မှုက တတိုင်းပြည်လုံးကိုရော တကမ္ဘာလုံးကိုပါ သတင်းစကားတခုပေးလိုက်ပါတယ်။

ဒီ ကိုဗစ်၁၉ ရောဂါတိုက်ဖျက်ရေးကို စနစ်တကျ ကြိုးပမ်းရင် ထိန်းချုပ်နိုင်တယ် ဆိုတာပါပဲ။

ဝူဟန့်ရဲ့အချက်ပေးမှုကို အလေးမထားသူများကတော့ တမျိုးပြောပါလိမ့်မယ်။ ဒီလိုပြောဆိုချက်တွေဟာ မိမိတို့ရဲ့အားနည်းချက်ကို ဝန်မခံနိုင်ဘဲ မိမိတို့ရဲ့အပြစ်ကို တခြားလူတွေအပေါ် ပုံချနေကြတာလို့ တရုတ်ကဆိုပါတယ်။

ဧပြီလ (၈) ရက်ဟာ ဝူဟန့်အတွက် သမိုင်းဝင်နေ့ရက်ပါ။

ဝူဟန့်ကတော့ တိုက်ပွဲအပြင်းထန်ဆင်နွှဲပြီး ခက်ခက်ခဲခဲရရှိလာတဲ့အောင်ပွဲကို ပိုမိုခိုင်မာဖို့၊ နောင် ဒီလိုပိတ်ချလိုက်ရတဲ့အဖြစ်များ ထပ်မဖြစ်ဖို့ တိုက်ပွဲနိဂုံးချုပ်ချက်များ လုပ်နေကြပါတယ်။ (အစောပိုင်း မိမိတို့ရဲ့အားနည်းချက်များအပေါ် ပြန်လှန်လေ့လာ ဆန်းစစ်နေကြပါတယ်။)

တချိန်တည်းမှာပဲ မိမိတို့အတွေ့အကြုံများကို တခြားနိုင်ငံများကို မျှဝေပေးနေပြီး ကိုဗစ်၁၉ ဗိုင်းရပ်ပိုး တိုက်ဖျက်ရေး တကမ္ဘာလုံးအတိုင်းအတာနဲ့ အောင်ပွဲရဖို့ ကြိုးစားနေကြပါတယ်။

ဝူးဟန့်ရဲ့အနစ်နာခံမှုတွေ ဆုံးရှုံးမှုတွေ အလဟဿ မဖြစ်စေရပါဘူး ... လို့ တရုတ်ပြည်သူများက ကတိပြုနေကြပါတယ်။

လှကျော်ဇော
၁၀-၄-၂၀၂၀