Breaking News

မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၈)

မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၈)

မိုးမခ ၊ မေ ၂၈ ၊ ၂၀၂၅


ရှစ်ဆယ်အမေ၊ ဘယ်ရောက်နေလည်း

သေသေခြာခြာ၊ မသိပါငြား

သမီးသားတို့၊ မှန်းဆလို့သာ

လွမ်းလှစွာဖြင့်၊ ကဗျာတွေရေး

ဂုဏ်ပြုပေးနေ ၈၀ အမေ သိပါစေ။ ။

၅၄ ပုဒ်မြောက် ကဗျာ

ပြီးခဲ့တဲ့ အပိုင်း ၇ မှာ ၅၃ ပုဒ် ဖော်ပြခဲ့ပြီးပြီ။ အခု ၅၄ ပုဒ်က စပါမယ်။ ကဗျာရှင် မျိုးမင်းသန့်ရဲ့ ကဗျာပါ။ အခုဆိုရင် စု ၈၀ ပြည့် မွေးနေ့အတွက် ကဗျာပြိုင်ပွဲ၊ ဝတ္ထုတို ပြိုင်ပွဲနဲ့ ပန်းချီပြိုင်ပွဲလည်း ဖိတ်ခေါ်ထားပါပြီ။ အမေစုအတွက် ပြည်သူ့ဂုဏ်ရည်ဆုလည်း ပေးပြီးပါပြီ။ မင်္ဂလာ ရှိလှပါတယ်။ အခုတော့ ၅၄ ပုဒ်မြောက် ကဗျာကို ဖတ်ကြည့်ကြပါ။

ဒို့ရဲ့နိုင်ငံတော်

ကျနော်တို့ရဲ့ ကမ္ဘာပြု မိုး

ပါးစပ်ဖျားက အလိုလို ပွင့်ကျ

နှလုံးသား က လာတဲ့ အက္ခရာ

"အမေ" "အမေ " "ဟာ"

"လှလိုက်တာ"

.. "ချစ်လိုက်တာ"တဲ့

နောင်ခါမသွေ လူထု နဲ့ လေ

အောင်ပါစေ ပြည်သူ့ ရဲ့ အမေ။

မျိုးမင်းသန့်

(ကံထူးမ)

၅၅ ပုဒ်မြောက် ကတော့ ကဗျာရှင် လရောင်လွှမ်းရဲ့ ကဗျာ "ဗိုလ်ချုပ်သမီး" ခေါင်းစဉ်နဲ့ပါ။ ကြုံတုန်း ကျေးဇူးစကား ပြောပါမယ်။ ကဗျာ အသစ်တွေ အဟောင်းတွေ ပေးပို့လာကြသူများကို ကျေးဇူးပါလို့။

ဗိုလ်ချုပ်သမီး (လရောင်လွှမ်း)

မာကျောတဲ့ပင်စည်ကို ထွင်းဖောက်လို့

နူးညံ့တဲ့ ပန်းကလေးထိုးထွက်လာပုံ မြင်ရရင်

ခင်ဗျားတို့ အံ့သြရလိမ့်မယ်

ဒီတိုင်းပြည်မှာ

မတရားမှုကျောက်တောင်ကို ဖောက်ထွက်ပြီး

အများအတွက်

သူဖူးပွင့်လာပုံက အဲ့ဒီလို

ခေတ်ရဲ့အကိုင်းအခက်တွေ

ဘယ်လောက်ပဲ လိမ်လိမ်ကောက်ကောက်

အမြဲတမ်းရိုးဖြောင့်ချင်တဲ့ပန်းကလေး

သူ့သီလက အရပ်ရှစ်မျက်နှာအနှံ့ မွှေးတယ်

သန်းငါးဆယ်ပြည်သူတွေအတွက်

ထွန်ယက်ဖို့

မိသားစု ဘဝကိုစွန့်ခဲ့တဲ့သူ

မော်တော်ကားလို

ကိုယ့်တစ်စီးတည်း

အဆင်ပြေချောမွေ့တဲ့လမ်းကို မလိုက်

နောက်တွဲများများဆွဲပြီး

ရုန်းတတ်တဲ့ ရထားစက်ခေါင်းလို

ကျင့်ခဲ့တယ်

သူ့ပြည်သူက သူ့ချပ်ဝတ်တန်ဆာ

သူ့အမှန်တရားက သူ့ဓား

သူ့ကိုယ်ကျင့်သီလက သူ့ခံတပ်

သူ့စွန့်လွှတ်မှုက သူ့ဆုတံဆိပ်

သူ့သစ္စာဓမ္မသာ သူ့ဝတ်ရုံခြုံထည်

သူဟာ

ဓားသွားကို အံတုခဲ့တဲ့လရောင်

မုန်တိုင်းကို မမှုခဲ့တဲ့လိပ်ပြာ

ထောင်နံရံမှာ ရေးထွင်းခဲ့တဲ့ သံမဏိအက္ခရာ

သံတိုင်ကြား ကခုန်ခဲ့တဲ့တေးသွား

မီးလျှံထဲကနေ ပျံထွက်လာတဲ့ ဖီးနစ်ငှက်

အမှောင်ခေတ်ရဲ့မီးပြတိုက်လို့ပဲဆိုဆို

တရားမျှတမှုအတွက် ရဲတိုက်လို့ပဲပြောပြော

အမှန်တရားဘက်က

သံချပ်ကာကားလို့ပဲ သတ်မှတ်သတ်မှတ်

ကောင်းကင်ကို

သူ ခွန်အားရှိသမျှ ပင့်ရွက်လို့

ကြွေတဲ့ကြယ်တိုင်းတော့

သူ့လက်နှစ်ဘက်တည်းနဲ့

ဘယ် လိုက်ဖမ်းပေးနိုင်ပါ့မလဲ

တဘဝလုံး သူစိုက်ပျိုးခဲ့ပြီးပြီ

မိုးလေလွတ်ရာဆီ

ရွှေ့ပြောင်းမပေးခဲ့ရတဲ့ ပျိုးပင်လေးတွေအတွက်

သူစိတ်ကောင်းနိုင်မှာတော့ မဟုတ်ဘူး

တောင်တွေကို သူထမ်းထားရချိန်

ဘယ်သူ့ကိုမဆို

ကိုယ်နိုင်သလောက် မြေစိုင်ခဲနဲ့ကျောက်ခဲတွေ

ဝင်ကူသယ်မ"စေချင်မှာကတော့

သူ့ဆန္ဒအမှန်ပဲ ။

လရောင်လွှမ်း

၁၉ ဇွန် ၂၀၂၂

၅၆ ပုဒ်မြောက် စု ၈၀ ကဗျာကတော့ ဆရာထိန်လင်းရဲ့ ကဗျာပါ။ ဆရာထိန်လင်းဟာ "ရာစု နှစ်ခုရဲ့ လူထုခေါင်းဆောင်" အမည်နဲ့ စု ၈၀ ပြည့်မွေးနေ့ကြို စာအုပ်လည်း မကြာခင်က ထုတ်ဝေပြီးခဲ့ပါပြီ။ ကိုထိန်လင်းရဲ့ ကဗျာဟောင်းကို ၅၆ ပုဒ်မြောက်အဖြစ် ဖတ်ကြည့်ကြပါ။

အနှစ် ၁၀၀ စု

နောင် နှစ် တစ်ရာ

ကြာလွန်သော်လည်း

ချစ်မြဲ ချစ်ကြဦးမှာပင်။

သူ့ဘဝကို အရင်းပြု

မုန်းတီးခြင်းကို သူမမှု

သူက

အနှစ် တစ်ရာ စု။ ။

ထိန်လင်း ၉၊ ၉၊ ၂၀၂၀

၅၇ ပုဒ်မြောက်ကတော့ စစ်ကိုင်းတိုင်းက ရေးပို့လာတဲ့ ကဗျာအသစ်ကလေးပါ။ အာဏာသိမ်း စစ်ကောင်စီ လေတပ်က ဗုံးကြဲပစ်ခတ်နေတဲ့ကြားက ရေးသား ပေးပို့လာတဲ့ ကဗျာပါ။

သားတို့မေမေ မာပါစေ (ဦးမြင့်)

မွေးမြေနာဂရာ၊ တိုင်းဌာနာသို့

မေတ္တာပန်းတွေ၊ တဝေဝေဖြင့်

မြန်ပြည်ရောက်နေ၊ မွေးမေမေရယ်။

ဖေဖေကလည်း၊ ထာဝရခွဲ၍

ဝန်းနည်းကြေမွ၊ ဖြေမရပြီ။

မယ့်ရင်မှဖွား၊ သားလေးများထက်

မြန်မာပြည်ဖွား၊ သွေးချင်းများကို

ပွားထားမေတ္တာ၊ ကရုဏာဖြင့်

ကျင်နာပိုဟိတ်၊ မေမေ့စိတ်ကို

ယိုဖိတ်တမ်းတ၊ လွမ်းဆွတ်ရ၍

သားလှနှစ်ဖြာ၊ ဆုတောင်းပါသည်

မြန်ပြည်ချစ်နေ၊ မွေးမေမေ

သက်တမ်းရာကျော် ရှည်ပါစေ။

သက်တမ်းရာကျော် ရှည်ပါစေ။

(ဦးမြင့်) စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လည်ငေါက်ရွာ

၅၈ ပုဒ်ကို ရောက်လာပါပြီ။ ခုနက စစ်ကိုကိုင်းမဲ့ စစ်ကိုင်းက ရေးပို့လာတဲ့ ကဗျာပါ။ အခုကတော့ ဂျပန်ပြည်ရောက် မြန်မာနိုင်ငံသားတဦးက ရေးသား ပေးပို့လာတာလေ။ နယ်စုံက ပို့လာတဲ့ ကဗျာတွေပါလား

ရှစ်ဆယ်ပြည့် သံမဏိနှင်းဆီ (ကိုသော်)

မြန်မာပြည် နေပြည်တော်မြို့တနေရာရဲ့

သံဒိုင်တွေကြားမှ တန်ဖိုးမဖြတ်နိုင်တဲ့

နီရဲတဲ့ သံမဏိနှင်းဆီတပွင့်။

နှစ်ပေါင်းများစွာအကျဉ်းချခြင်း

အကြိမ်ကြိမ်ခံနေရပေမဲ့

အရှုံးမပေးတဲ့နှလုံးသွေးတွေနဲ့

ခေါင်းမော့ရင်ဆိုင်နေဆဲ။

အသက်အရွယ်ကဒီနှစ်မှာတော့

ရှစ်ဆယ်ပြည့်ခဲ့ပြီ

ရှစ်ဂဏန်းတွေကြီးစိုးခဲ့တဲ့

အရေးတော်ပုံရှစ်ဆယ့်ရှစ်

သူမကပြည်သူတွေအတွက်

သူမကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ခရီးကြမ်းမို့

ကျေကျေနပ်နပ်ဦးဆောင်ပါဝင်ပေးခဲ့တဲ့

ယုံကြည်ရာလမ်း။

စစ်အာဏာရှင်အဆက်ဆက်ကို

အပြုံးနဲ့အနိုင်ယူခဲ့တဲ့သူမို့

အကြိမ်ကြိမ်လုပ်ကြံကြပေမဲ့

အသက်ဘေးကလွတ်မြောက်ခဲ့

ပြည်သူတွေအတွက်နိုင်ငံတော်အတွက်

စွန့်လွတ်မှု့တွေကအနန္တ။

အဖေထူထောင်ခဲ့တဲ့

တပ်မတော်မဟုတ်တော့တဲ့ခေတ်ပျက်မှာ

အကြမ်းမဖက်လမ်းစဉ်ကိုမှ

ရွေးချယ်ရဲတဲ့သတ္တိကရဲရဲတောက်ပါပဲ။

သူမအမြဲပြောခဲ့တဲ့သူမဖခင်ရဲ့စကားတခွန်းက

လုပ်ရဲတာသတ္တိမဟုတ် ခံရဲတာသတ္တိတဲ့

နရသိန်ထဲကအသကရှစ်ဆယ်အမေအိုရဲ့သတ္တိကတော့

ကမ္ဘာကြီးအတွက်အတုယူလေးစားလောက်ပါရဲ့

ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင်ရဲ့ရာဇဝင်အတ္ထုပတ္တိက

မြန်မာ့သမိုင်းမှာဇွန်(၁၉)ရက်ကို

မော်ကွန်းတင်ထိုက်ပါဘိ။ ။

ကိုသော်(PRMG)ဂျပန်

မေလ-၂၀ရက် ၂၀၂၅

တိုကျို-ဂျပန်

နောက်ကဗျာတပုဒ် ဆက်ဖတ်ပါ။ ခန့်ဝါငြိမ်းရဲ့ လပြည့်နေ့ ကဗျာ ဖြစ်ပါတယ်။ ကျနော်တို့ အမေစုကို လပြည့်ဝန်းကြီးနဲ့ တင်စားထားပါတယ်။ ၅၉ ပုဒ်မြောက်စု ၈၀ ပြည့် မွေးနေ့ကြို ကဗျာပေါ့။

လပြည့်နေ့ (ခန့်ဝါငြိမ်း)

ပန်းတွေကတောင်

ပန်ဖို့မျှော်ရတဲ့သူရှိတယ်။

ပန်းပန်ရင် နန်းမဆန်ဘဲ

ထောင်နန်းစံရနိုင်ပေမဲ့

ဈေးတွေမှာပန်းတွေပိုများ

ပိုလှနေတာတွေ့ရင်

ပန်းမပန်တတ်တဲ့သူတွေကအစ

ယောက်ျားတွေကအစ

ပန်းပန်တာတွေ့ရင်

သေခြာတယ်

အဲ့ဒီနေ့ဟာလပြည့်နေ့ပဲ။

ဘာလပြည့်နေ့လည်းဆိုတော့

ကမ္ဘာကိုပတ်နေတဲ့လရဲ့

လပြည့်နေ့မဟုတ်ဘူး

မြန်မာကိုပတ်နေတဲ့လရဲ့

လပြည့်နေ့။

ရောက်လာနိုင်တာက

ပန်းစားဘီလူးတွေဆိုပေမဲ့

လူတွေက

ပန်းပန်ပြီးမျှော်လို့

ပန်းတွေက

လူပန်ပြီးမျှော်လို့။

တနေ့နေ့တော့

ပန်းတွေမျှော်တဲ့နေ့ရောက်လာဦးမှာ

လဟာပန်းပန်လို့သာဦးမှာ

အခုတော့

လဝန်းကြီးကိုယ်စား

ပိုးစုန်းကြူးလေးတွေပန်းပန်နေကြရှာ။ ။

(၂၀၂၄ ဇွန် ၁၈ ဒီလှိုင်း) အမေစု ၇၉ နှစ်မြောက် မွေးနေ့အမှတ်တရ

အပုဒ်ရေ ၆၀ မြောက် ဖြစ်ပါပြီ။ ၆၀ ပုဒ်မြောက် ကဗျာကတော့ (အသျှင်ကုမာရ ဇယ သိဒ္ဓိရဲ့ "အနှိုင်းမဲ့လို့သိုင်းဖွဲ့ဆိုလိုက်ပါသကော" ခေါင်းစဉ်နဲ့ပါ။ ဒီကဗျာမှာ အမေစုကို တုနှိုင်း မမီနိုင်သူ၊ ကြီမြတ်သူ ပုဂ္ဂိုလ်ကြီးတဦးအဖြစ် ရေးစပ်ထားပါတယ်။

အနှိုင်းမဲ့လို့ သိုင်းဖွဲ့ဆိုလိုက်ပါသကော

(အသျှင်ကုမာရ ဇယ သိဒ္ဓိ)

မသတ်ခဲ့ သူ့သမိုင်း

မခိုးခဲ့ သူ့သမိုင်း

မဖောက်ပြား သူ့သမိုင်း

မညာခဲ့ သူ့သမိုင်း

မယစ်မူးခဲ့ သူ့သမိုင်း၊၊

သမိုင်း သမိုင်း

မရိုင်း မစိုင်း

အနှိုင်းမဲ့လို့ သိုင်းဖွဲ့ဆိုသကော၊၊

ကိုင်း

အော့ချင်လည်း အော့ကြပေရော့

ငေါ့လျင်လည်း ငေါ့ကြပေတော့

ကျွန်တော့်အရာ မဟုတ်ပေမဲ့

ကန်တော့စရာ ရတနာတစ်ပါးသာမို့

မလျော့ကလျာ ဝစနာ စကားနဲ့

တရားကျမ်း ဂန္ထဝင်ထဲကလို

မမှားတမ်း ဉာဏ်အမြင် အကဲပိုပိုဖြင့်

မလွဲနဂို အရှိအမှန်ဟာမို့

အဓိကရံ ဇေယျာပန္နက်ထူးတဲ့

အမိမြန်မာ အမေအသက်ဗူးကို

အတိအလွန် အခြေအနက် ထူးသော်ကြောင့်

အဘိဇယံ ဧတဒဂ်ဂုဏ် ဘွဲ့ချီ သ,ပါရစေတော့

ဟဲ့ ဤပုံ လောကီတလွှားမှာ

ပေါသည် အခြားတစ်ပါးရယ်လို့

ဟောဒီမှာ အားထားစရာအစား

လား လား !

ဘယ် ဘယ်မှာများ ရှိတို့ပေလိမ့်လော ၊၊ ၊၊

(၂၅၀၅၂၀၂၅ တနင်္ဂနေ့ စု ၈၀ ပြည့် ဂုဏ်ပြုကဗျာ)

၆၁ ပုဒ်မြောက်ကတော့ CDM သမိုင်းသုတေသနက ညွှန်မှူး ဒေါက်တာထားထားပါရဲ့ ကဗျာပါ။ ဆရာမထံက ပေးပို့လာတာ ၂ ကြိမ်ရှိပါပြီ။

တောင်းဆု ၈၀ (ထား)

ယုံကြည်အားထား သေနတ်များနဲ့

စိတ်စေတနာ ဗလာနတ္ထိ

ဗီဇသန္ဓေ အယုတ်အညံ့တွေရဲ့

လောဘပြိုင်ပွဲ အနိုင်နွှဲဖို့

တိုင်းပြည်ချောက်ထဲ တွန်းချပွဲမှာ

အသက်ခန္ဓာ မငဲ့ညှာဘဲ

အမှန်တရားသစ္စာ ရင်မှာပိုက်ရင်း

မသမာသူတို့ ခေါ်ဆောင်လေရာ

စာနာမှုကင်း ဒုက္ခတွင်းသို့

ရဲဝံ့တည်ကြည် စံချိန်မီတဲ့

သူရဲကောင်းစိတ်ဓာတ် အမျိုးမြတ်ရဲ့

ပေးဆပ်နေမှု့အစုစုကို

ဦးထိပ်ပန်ဆင် သတိနဲ့ယှဉ်ပြီး

သူမ.....ပြခဲ့တဲ့လမ်း

မတိမ်ကောစေဖို့

အလိမ်အညာကင်းမဲ့စွာနဲ့

အားထုတ်ကြိုးပမ်း ဆက်လှမ်းနေတဲ့

သစ္စာဓိဌာန် သီချင်းသံကို

သက်ပြည့်(၈၀) မွေးနေ့မှာကွယ်

ဆိုပြချင်တယ်

အမေရယ်။ ။

(ထား)

၆၂ ပုဒ်မြောက် အဖြစ် ကဗျာဆရာမ လမင်းညို (အင်းလေး) ရဲ့ ကဗျာကို ဖော်ပြယင်း "စုမွေးနေ့ ၈၀ ကြို ကဗျာများ အပိုင်း ၈ ကို အဆုံးသတ်လိုက်ပါတော့မယ်။ အမေစု ၈၀ အတွက် ဆရာမရဲ့ ရင်တွင်းဖွဲ့သီ ကဗျာလေးကို ဖတ်ကြည့်ကြပါ။

အမေ

လွမ်းရတဲ့ အမေ။

ပန်းခတဲ့ အမေ။

အပြုံးလှတဲ့ အမေ။

နှလုံးသားလှတဲ့ အမေ။

လမ်းခင်းပေးတဲ့ အမေ။

ငြိမ်းချမ်းပေးတဲ့ အမေ။

အမှန်တရားတွေနဲ့ အမေ။

ဉာဏ်မများတာလဲ အမေ။

သစ္စာတွေနဲ့ အမေ။

မေတ္တာဝေတဲ့ အမေ။

ကျားကန်နေတဲ့ အမေ။

အားမာန်တွေနဲ့ အမေ။

ကမ္ဘာက သိတဲ့ အမေ။

မြန်မာမှာ

တစ်ယောက်ပဲရှိတဲ့ အမေ။

ဘေးမခတဲ့ အမေ။

အေးမြပါစေ အမေ။

ကျန်းမာပါစေ။

လန်းဖြာပါစေ။

ငါတို့အားလုံးရဲ့ အမေ။

HAPPY BIRTHDAY ပါ အမေ။

****

မွေးနေ့ကိုရွယ်ရည်

မင်္ဂလာ ဒီနှစ်ကူးရင်ဖြင့်

အောင်ပွဲဆီ အတူတက်လှမ်း

နှလုံးတော်ကြည်သာလန်းစေ။

ပန်း သခင်

နန်း ဘုရင် မ ။

ပြုံးစက်ရာ အိမ်အပြန်လမ်းမှာလ

ပန်းရွှေဘိုသပြေညို ဆောင်းပါလို့

ပန်းအစုံ

အကုန်မွှေးပါလိမ့်မည်

လေးမြတ်လို့ ယုံကြည်။ ။

လမင်းညို (အင်းလေး)

အပိုင်း ၈ အဆုံးသတ်မှာ စု ကဗျာ ၆၂ ပုဒ် ရရှိ ဖော်ပြလိုက်ပါပြီ။ တယောက်တည်းက ကဗျာ ၆၂ ပုဒ်နဲ့ ဂုဏ်ပြုခံရသူပေါ့။ ဒါပေမယ့် နောက်ထပ် စုကဗျာတွေ ဆက်ရှာသွားမှာမို့ ၈၀ ပြည့်ထိ သွားကြမှာပါ။ ၈၀ ကျော်က ၁၀၀ လည်းတောတ်တော် ကျော်မှာပါ။ စု ၈၀ မွေးနေ့ ကဗျာ ပြိုင်ပွဲလည်း ကြေညာပါပြီ။ စုကဗျာနဲ့ ဝတ္တုတိုပြိုင်ပွဲလည်း စတင်နေပြီလေ။ အခုလည်း ၈၀ ပြည့်ဖို့ ၁၈ ပုဒ်သာ လိုပါတော့တယ်။ လောလောဆယ် မိုးမခ စာမျက်နှာကရတဲ့ ကဗျာရှင် နွေဦးရဲ့ "အဓမ္မတရားရဲ့ရန်ဘက်" ကဗျာ ရထားပါပြီ။ ဆရာဌေးအောင်ကိုရဲ့ စုကဗျာတပုဒ်လည်း ရှိနေပါပြီ။ ကဗျာရှင် လက်ရုံးနီရဲ့ " သံမဏိပွင့်ချပ်တွေနဲ့ တော်လှန်ရေးနှင်းဆီ" ကဗျာရှည်ကြီးတပုဒ်လည်း ဒီလှိုင်းစာစောင်ကနေ ရထားပြီ။ နေဘုန်းလတ် ၊ ဒီအောင်မွန်း၊ နွေဦးမြားတို့ရဲ့ ကဗျာတွေလဲ ဒီလှိုင်းကပဲ ရထားပြီ။ ကဗျာ ၆ ပုဒ် ထပ်ရနေပြီးမို့ ၆၈ ပုဒ်တောင် ရှိသွားပါပြီခင်ဗျာ။ ကျန် ၁၂ ပုဒ်အတွက် လာမည့် ဇွန် ၁၉ မွေးနေ့ကြို ကဗျာများ ရေးပို့လာကြပါဦး။ ရှိပြီးသား စုကဗျာတွေလည်း ရှာတွေသမျှပို့လာကြပါဦးနော်။ အပိုင်း ၈ မှာ ဖော်ပြပါမယ်။

မြင့်သော မြတ်သော ဘဝရှင်

ပုဂ္ဂိုလ်တဦး၊ ကုသိုလ်ထူးစွ

ကြည်နူးစရာ၊ မွေးနေ့မှာလေ

ကဗျာ ပုဒ်ရယ်၊ ရှစ်ဆယ်ကျော်နှင့်

ရာကျော်တိုင်ပ၊ ဂုဏ်ပြုကြမည်

ဘဝ မြင့်မြတ်သူ ပါတကား။ ။






Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar