Breaking News

နေသွင်ညိဏ်း - ဗိုင်းရပ်စ်က ဘာသာတရားများကို စိန်ခေါ်ခြင်း

ဗိုင်းရပ်စ်က ဘာသာတရားများကို စိန်ခေါ်ခြင်း
နေသွင်ညိဏ်း
(မိုးမခ) ဧပြီ ၁၅၊ ၂၀၂၀

ဒီကပ်ကြီးပြီးရင် ဘာသာရေးအပေါ် မျက်ကန်ယုံကြည်မှုနည်းသွားနိုင်တယ်လို့ ဖော်ရိန်းပေါ်လစီမှာ သုံးသပ်ချက် ဖတ်ရပါတယ်။ ကြားထဲမှာ ​ေ ရှးရိုးဆန် အယူသည်းတဲ့ ဘာသာရေးဆရာတွေနဲ့ နောက်လိုက်တွေကြောင့် ဘုရားကျောင်းတွေဟာ ရောဂါ ဖြန့်ဖြူးရာ နေရာတွေ ဖြစ်ခဲ့တယ်။ အဓိကကတော့ လူနည်းစုပါ။
ဘာသာတရား အများစုကတော့ လူစုလူဝေးနဲ့ဝတ်ပြုတာတွေ ပိတ်ခဲ့ပါတယ်။ စိန့်ပီတာရင်ပြင်မှာ ပုပ်ရဟန်း မင်းကြီးတပါးတည်း ဝတ်ပြုဆုတောင်းနေတဲ့ပုံကို နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။ လူသားဟာ အရေးအကြီးဆုံး၊ လူသားကို မျိုးတုံးဖို့ လာနေတဲ့ ဗိုင်းရပ်စ်ကို ရပ်တန်ဖို့ လိုအပ်တာမှန်သမျှ ဆောင်ရွက်ကြပါလို့ မိန့်ကြားပါတယ်။
ဆောျဒီအစိုးရကလည်း မက်ကာနဲ့ မာဒီနာက အစ္စလာမ်ဘာသာဝင်တွေရဲ့အထွဋ်အမြတ်ဗလီတွေကိုလည်း ပိတ်ခဲ့ပါတယ်။ ကူဝိတ်မှာ ပုံမှန်ဆို " လာကြလော့ ဝတ်ပြုဆုတောင်းလော့" ဆော်သြတဲ့ လော်စပီကာကနေ ကိုယ့်အိမ်မှာနေရင်း ဝတ်ပြုကြပါလို့ ပြောင်းလဲဆော်သြတယ်။  ဗြိတိန်မှာ ဂျူးဘာသာရေးဆရာ၊ အိန္ဒိယမှာ ဟိန္ဒူ ဘုရားကျောင်း၊ ဘာသာရေးခေါင်းဆောင်တွေက လူစုလူဝေးကို ရှောင်ကြဖို့ နောက်လိုက်တွေကို ဆော်သြပါတယ်။ 
အယူသည်းတဲ့ အုပ်စုတွေကလည်း ဖလော်ရီဒါကနေ နယူးယောခ် လက်ဘနွန် အစ္စရေး အီရန် အိန္ဒိယ ပါကစ္စတန် အီဂျစ် ယူကေ မလေးရှား တောင်ကိုရီးယား အများကြီးပါပဲ။ တချို့လည်း ဓမ္မစက်နဲ့မရလို့ အာဏာ စက်နဲ့ ဖမ်းခဲ့ ရပါတယ်။
ဘာသာရေးခေါင်းဆောင်တချို့ရဲ့ အယူသည်းမှုကြောင့် အိန္ဒိယမှာ ဟိန္ဒူတွေ​ မွတ်စလင်တွေ အပေါ် အထင်လွဲကြပါတယ်။ မွတ်စလင်တွေက အိန္ဒိယမှာ တမင် ရောဂါ ပြန့်အောင် လုပ်တယ်လို့ ဟိန္ဒူ အစွန်းရောက်တွေက ဝါဒ ဖြန့်ပါတယ်။
ဘာသာရေးဟာ အလွန်အကဲဆတ်တတ်လို့ ဝေဖန်မယ်ဆို အလွန်သတိထားဖို့လိုပါတယ်။ အယူသည်းတဲ့ ဗုဒ္ဓဘာသာဆရာတော်တပါးဟာ တခြားသံဃာ အားလုံးကိုရော ဗုဒ္ဓဘာသာကိုပါ ကိုယ်စားမပြုပါဘူး။ တခြားဘာသာတွေလည်း ဒီသဘောပါပဲ။ အယူသည်းသူတွေဟာ ဘာသာတိုင်းမှာ ရှိနေနိုင်ပါတယ်။
ဘာသာတရားတိုင်းဘုရားတိုင်းဟာ လူ့အသက်ကို တန်ဖိုးထားပါတယ်။
ဂေါတမဘုရားရှင်ဟာ နာမကျန်းတဲ့ ရဟန်းကို ကျန်းမာဖို့ ကျင်ကြီး ကျင်ငယ်ကို ကိုယ်တော်တိုင် သုတ်သင်တော် မူပါတယ်။ ဇင်ဗုဒ္ဓဘာသာပုံပြင်တပုဒ်မှာ ချောင်းကူးဖို့ ခက်နေတဲ့ မာတုကာမကို ရဟန်းပျိုတပါးက ပုခုံးထမ်းကူးခဲ့ပါတယ်။ လူ့အသက်ကို ကယ်ဖို့ဆို ဆိုဖွယ်ရာမရှိပါဘူး။ မြန်မာစကားပုံက ကံကိုယုံ ဆူးပုံမနင်းရာ လို့ ဆိုပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက် ကံ ကံရဲ့အကျိုးဆိုတာ ရှင်းရှင်းလေးပါပဲ။
တခြားဘာသာဝင်တွေမှာလည်း ပုံပြင်တွေ ရှိပါတယ်။ဘုရားကို ယုံလို့ ဥပုသ်မသွားခင် နွားကိုကြိုး မချည်ခဲ့တာမျိုး ၊ ဘုရားကို ယုံလို့ေလယာဉ်ပေါ်က လေထီးမပါဘဲ ခုန်ချတာမျိုးကို ဘယ်ဘုရားမှ အားပေးမှာ မဟုတ်ပါ။ဘယ်ဘုရားမှလည်း သူ့နာမတော်ကို အလွဲသုံးစားလုပ်တာ ကြိုက်မှာ မဟုတ်ပါဘူး။
ဘာသာတရားနဲ့ သိပ္ပံဟာ ပါရမီ ဖြည့်ဖက် ဖြစ်သင့်ပါတယ်။ အစားထိုးစရာ မဟုတ်ပါဘူး။ အခုလို မှောင်မိုက်တဲ့ ကာလမှာ သိပ္ပံပညာ ဆေးပညာက လူနာကို ဆေးကုပေးနိုင်ပြီး ဘာသာတရားက လူတွေကို စိတ်ငြိမ်းချမ်းရာနဲ့ မျှော်လင့်ချက်ကို ပေးနိုင်ပါတယ်

Ref: Thou Shalt Practice Social Distancing (FP)