Breaking News

လှကျော်ဇော - ဝူဟန့်မှပုံပြင်များ ၁၇




လှကျော်ဇော - ဝူဟန့်မှပုံပြင်များ ၁၇

(မိိုးမခ) ဧပြီီ၁၂၊ ၂၀၂၀  

လက်ကျန်ပုံပြင်လေး

ဝူဟန့်ကို (၇၆) ရက် ပိတ်ပြီးနောက် ဧပြီ (၈) ရက်နေ့က ပြန်ဖွင့်ပေးလိုက်ပါပြီ။ ဝူဟန့်မြို့ကနေ အဝေးပြေးကားတွေ၊ အမြန်ရထားတွေ ၊လေယာဉ်ပျံတွေ တဝေါဝေါနဲ့ ထွက်သွား နေတဲ့သတင်းကို ကြည့်ရင်းကနေ ဝူဟန့်ပုံပြင်များတော့ ရပ်ရတော့မှာပဲလို့ စဉ်းစား မိပါတယ်။

ဧပြီ (၁၀) ရက်နေ့ထုတ် ချိုင်းနားဒေလီ (www.chinadaily.com.cn) သတင်းစာထဲက ဓာတ်ပုံသတင်းလေးတခုမြင်လိုက်ရပြန်တော့ လက်ကျန်ပုံပြင်လေးတပုဒ် ရေးချင်လာပါတယ်။

သတင်းလေးကတော့ နေဝင်ချိန်ပုံထဲက လူနာ ဆေးရုံကဆင်းရပြီ ... တဲ့။

ပုံပြင်ရဲ့အစက - မတ်လ (၅) ရက်နေ့က တရုတ်အင်တာနက်မှာ ဓာတ်ပုံတပုံ ပေါ်ထွက်လာခဲ့ပါတယ်။ ဝူဟန့်က အသက်(၈၇)နှစ်ရွယ် ကိုဗစ်၁၉ ရောဂါသည်တဦး လူနာကုတင်ပေါ်ကနေ နေဝင်ချိန်ကို ကြည့်နေုပြီး ဘေးမှာတော့ ရောဂါကာကွယ်ရေး ဝတ်စုံအပြည့်နဲ့ ဆရာဝန်တယောက် ရပ်နေပါတယ်။

ဝမ်ရှင်းဆိုတဲ့ လူနာအဘိုးအိုဟာ ဝူဟန့်တီးဝိုင်းကြီးက တယောပညာရှင်ပါ။ ဖေဖော်ဝါရီ (၁၁) ရက် နေ့မှာ ဝူဟန့်တက္ကသိုလ်ရဲ့ ပြည့်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံယူရပါတယ်။ အဲဒီက ဆေးတာဝန်ခံများကတော့ စစ်ချွမ်းတို့ ရှန်ဟဲတို့က လာပြီး ကူနေသူများပါ။ အဲဒီ မတ်လ (၅) ရက်နေ့က အဘိုးအိုဝမ်ရှင်းကို သူ့ဆရာဝန် (ရှန်ဟဲက) ဒေါက်တာလျှိုခိုင်က စီတီဓာတ်မှန်ရိုက်ဖို့ခေါ်အလာ လမ်းမှာ ဆရာဝန်က သူ့လူနာကို နေဝင်ချိန်ကြည့်ချင်သလားလို့ မေးပါတယ်။ လူနာ အဘိုးအိုကြီးက ခေါင်းလေးညိတ်ပြတော့ သူတို့ (၂) ယောက် နေဝင်ဆည်းဆာကို တမေ့တမော ကြည့်နေမိကြပါတယ်။

အဲဒီအချိန်လေးကို ဆေးရုံမှာ လာလုပ်အားပေးနေတဲ့ ၂၁နှစ် ရွယ် တက္ကသိုလ်ကျောင်းသားလေးတယောက်က ဓာတ်ပုံရိုက်လိုက်ပြီး သတင်းကွန်ရက်ပေါ် တင်လိုက်တာနဲ့ တပြည်လုံး ပျံ့သွားပါတော့တယ်။ ကပ်ရောဂါ ကာလကြီးအတွင်း 'အနွေးထွေးဆုံးပုံကလေး' လို့ လူတွေက အမည်တပ်လိုက်ပါတယ်။


လူနာသည် အဘိုးအိုကြီးအတွက် သူ့အသက်အရွယ်ကြောင့် ဝိုင်းဝန်းပူပန်နေကြပေမယ့် အခြေအနေကို သိပ်မမေးရဲကြပါဘူး။ ရှံဟဲက ဆရာဝန်ကတော့ သူတို့အဖွဲ့နဲ့အတူ ပြန်သွားကြပါပြီ။ အခု (၂)လနီးပါး ဆေးရုံမှာ တက်ရောက်ကုသပြီးနောက် ဆေးရုံက ကျန်းမာစွာ ပြန်ဆင်းလာနိုင်ပြီဆိုတဲ့ သတင်းနဲ့အတူလူနာ အဘိုးအိုကြီးကို ဆရာဝန် ဆရာမများနဲ့ ပြုံးရွှင်စွာ တွေ့လိုက်ရပါတယ်။

ဆေးရုံမဆင်းခင် တရက်ညနေခင်းမှာ  'နှုတ်ဆက်ခဲ့ပါတယ်'  ဆိုတဲ့သီချင်းကို ဒီလူနာ အဘိုးကြီးက တယောထိုးပြီး ဆေးရုံက ဆရာဆရာမများကို ကျေးဇူးတင်ကြောင်း ပြောခဲ့သေးတယ် ... တဲ့။ တကယ့် မင်္ဂလာသတင်းပါပဲ။

အသက်အရွယ်ကြီးသူများဟာ ဒီရောဂါဖြစ်ရင် သေနှုန်းမြင့်ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်မှာတော့ ဝမ်ရှင်းလို သက်ကြီးလူနာများကို အလွန်ဂရုစိုက်ကုသတာကြောင့် အများအပြား ရောဂါပျောက်ကင်းပြီး ဆေးရုံကဆင်းနိုင်ခဲ့ကြပါတယ်။

မတ်လ (၁၆) ရက်နေ့ကလည်း လီ ဆိုတဲ့ (၁၀၃) နှစ် ရွယ် အဘွားအိုတဦး ဆေးရုံက ဆင်းပေးလိုက်နိုင်ပြီး အခုအချိန် အသက်အကြီးဆုံး ကိုဗစ်၁၉ သတ်မှတ်လူနာဖြစ်ပါတယ်။

ဒီလက်ကျန်ပုံပြင်လေးနဲ့ပဲ ဝူဟန့်ပုံပြင်များကို အဆုံးသတ်လိုက်ပါတယ်။

လှကျော်ဇော
၁၁-၄-၂၀၂၀