မလေးရှားနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံသူတွေထဲက ပထမအသုတ် ၁၅၀၀ နီးပါးကို သင်္ဘောတွေနဲ့ ပြန်ပို့
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၉ မြင်ကွင်း
(မိုးမခ) ၊ စက်တင်ဘာ ၃၀ ၊ ၂၀၂၆
မလေးရှားနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံသူတွေထဲက ပထမအသုတ် ၁၅၀၀ နီးပါးကို သင်္ဘောတွေနဲ့ ပြန်ပို့
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ အသက်စွန့်ပြီး ကုန်းလမ်း သို့မဟုတ် ရေလမ်းနဲ့ သွားရောက်ခိုလှုံနေကြတဲ့ မလေးရှားနိုင်ငံက ဒုက္ခသည်အဖြစ် ခိုလှုံနေသူတွေ ပြန်ပို့မဲ့ အစီအစဥ်ကို နှစ်နိုင်ငံ အစိုးရတွေအကြား ဆွေးနွေးသဘောတူခဲ့ကြပြီးနောက်မှ ပထမဆုံးအသုတ်အဖြစ် မြန်မာနိုင်ငံကို ပြန်ပို့မဲ့ ဒုက္ခသည် ၁၄၇၆ ဦးကို စက်တင်ဘာ ၂၉ ရက်နေ့မှာ စတင်လိုက်ပါပြီ။
လောလောဆယ် အခြေအနေအထိ မလေးရှားနဲ့ မြန်မာစစ်အစိုးရတို့အကြား ခိုလှုံခွင့်တောင်းခံထားသူ ဒုက္ခသည် ၅၀၀၀ ကို ပြန်ပို့ဖို့ သဘောတူညီထားကြတာ ဖြစ်ပါတယ်။ အဲဒီအရေအတွက် ၅၀၀၀ အနက်က ၁၅၀၀ နီးပါးကို ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံဘက်က စစ်သင်္ဘော ၃ စင်းနဲ့ ခေါ်ဆောင်လာတာလို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုရာမှာ မလေးရှားနိုင်ငံ အာဆီယံနိုင်ငံတွေ အထဲမှာ ၄င်းတို့ရဲ့ သဘောထားကို ပြတ်ပြတ်သားသား ထုတ်ပြောလေ့ရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က မလေးရှားနိုင်ငံကို ဒုက္ခသည်အဖြစ် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ၊ အခြားတိုင်းရင်းသားလူမျိုး (အထူးသဖြင့် ချင်းလူမျိုး) တွေကို မှတ်ပုံတင် စာရင်းပေးသွင်း လက်ခံပြီး တတိယနိုင်ငံတွေဆီ ထွက်ခွာနိုင်ဖို့ ဆောင်ရွက်ပေးနေခဲ့တာ ဖြစ်ပါတယ်။
ဒီလို အနေအထားကြောင့် မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ ဘာသာရေးအရ ခွဲခြားဆက်ဆံ ဖိနှိပ်ခံရမှုတွေ ခံနေကြရတဲ့ ရိုဟင်ဂျာတွေ အနေနဲ့ အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ကို ခနော်ခနဲ့ စက်လှေငယ်တွေတဲ့ ဖြတ်သန်းပြီး မလေးရှားနိုင်ငံဆီ သွားရောက်ခဲ့ကြတာ ၂၀၁၀ ခုနှစ် မတိုင်မီကာလကတည်းက ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုနီးပါးအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲတဲ့ လူမှုအသိုင်းအဝိုင်းပဋိပက္ခ communal conflict တွေ၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ မြန်မာအစိုးရ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် ICJ မှာ ကြားနာနေတဲ့ ရိုဟင်ဂျာအရပ်သား သတ်ဖြတ်ခံရမှုတွေကြောင့် မလေးရှားကို ထွက်ပြေးခိုလှုံသူတွေ ပိုမိုမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ကော့ဘဇား ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေအနေနဲ့ မလေးရှားနိုင်ငံ ရောက်ရှိဖို့ လူကုန်ကူးသူတွေ စီစဥ်တဲ့ လှေ၊ သို့မဟုတ် မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံထဲကို ဖြတ်ကျော်ပြီး သယ်ဆောင်ပေးတဲ့ လူပွဲစားဂိုဏ်းတွေကို အားကိုးကြရတာ ဖြစ်ပါတယ်။ လက်ငင်းငွေပေးချေရတာတွေ ရှိသလို ရောက်ရှိပြီးမှ တဖြည်းဖြည်းနဲ့ ကျန်တဲ့ လူကုန်ကူးခငွေကို ပေးချေရတာတွေလည်း ရှိတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ ၂ နိုင်ငံကို ကုန်းလမ်းက ဖြတ်ကျော်ပြီး ထိုင်း-မလေးရှားနယ်စပ် ဟတ်ယိုင်မြို့ကနေ မလေးရှားဘက် ခိုးမဝင်မီ တောထဲက စခန်းတွေမှာ သတ်ဖြတ်ခံရတာ၊ ဖမ်းဆီးခံရတာ၊ ငတ်ပြတ်ပြီး သေဆုံးတဲ့ အဖြစ်အပျက်တွေလည်း အများအပြား ကြားသိနေကြရတာပါ။
အလားတူ ရခိုင်မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ မလေးရှားနိုင်ငံကို ရေလမ်းခရီးနဲ့ သွားရောက်ကြရာမှာလည်း ကြံ့ခိုင်မှုမရှိတဲ့ စက်တပ်လှေတွေမှာ လူအဆမတန် တင်ဆောင်ထားလို့ ပင်လယ်ထဲ နစ်မြုပ်ပြီး အသက်ဆုံးရှုံးကြရသူတွေလည်း နှစ်စဥ် ရာဂဏန်းကနေ ထောင်ဂဏန်းအထိ ရှိနေတာ သတင်းဖော်ပြမှုတွေမှာ တွေ့နေကြရတာပါ။
မလေးရှားနိုင်ငံက UNHCR ရုံးအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်နဲ့ ဘာသာရေးဖိနှိပ်မှုခံရတဲ့ ချင်းတိုင်းရင်းသား ဒုက္ခသည်တွေကို ရွှေ့ပြောင်းအခြေချဖို့ လက်ခံမဲ့ နိုင်ငံတွေဆီ ဆက်လက်သွားရောက်နိုင်ဖို့ ဆောင်ရွက်ပေးနေတာ ဖြစ်ပြီး ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်း ARSA လက်နက်ကိုင်တွေကို ရှင်းလင်းတဲ့ စစ်ဆင်ရေးနောက်ပိုင်း မလေးရှားကို ဦးတည် ခိုလှုံကြတဲ့ ဒုက္ခသည် ပိုမိုမြင့်တက်လာတာလည်း ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လနှောင်းပိုင်းနဲ့ စက်တင်ဘာလဆန်းမှာ ရခိုင်မြောက်ပိုင်း စစ်ဆင်ရေးနဲ့ လူမျိုးတုံးသတ်ဖြတ်မှုလို့ ဆိုတဲ့ သတ်ဖြတ်မှုတွေ ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ၇ သိန်းကျော် ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာက ဆီးရီးယားပြည်တွင်းစစ် နောက်ပိုင်း ကမ္ဘာမှာ အရေအတွက် အများဆုံးသော ဒုက္ခသည်ပြဿနာ ဖြစ်လာခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်နှောင်းပိုင်း ရောက်ရှိလာတဲ့ ဒုက္ခသည် ၇ သိန်းနဲ့ နဂိုရှိနှင့်ပြီး ဒုက္ခသည်တွေ ပေါင်းလိုက်ရင် ၁ သန်းနီးပါးရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားရတာ ဖြစ်ပြီး လက်ခံပေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နိုင်ငံတကာက အသိအမှတ်ပြု ချီးကျူးခဲ့ကြပါတယ်။
သို့ပေမဲ့ ဒုက္ခသည် နေရပ်ပြန်ရေးဟာ ပြဿနာဖြစ်ပွားပြီး ၉ နှစ်ပြည့်လာတဲ့တိုင် ဖြေရှင်းနိုင်မဲ့ အရိပ်လက္ခဏာ၊ မျှော်လင့်ချက် တစုံတရာ မမြင်ရသေးတဲ့အချိန်မှာ လက်ခံထားတဲ့ အိမ်ရှင်နိုင်ငံ အဖို့ရော ဒုက္ခသည်တွေအဖို့ပါ ပိုမိုခက်ခဲကျပ်တည်းတဲ့ အခြေအနေ၊ ချောင်ပိတ်တဲ့ အနေအထားနဲ့ ကြုံတွေ့လာကြရတာ ဖြစ်ပါတယ်။
ဒါက တသန်းကျော်မျှသော ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြုံရတဲ့ ဝန်ထုပ်ဝန်ပိုးနဲ့ ဒုက္ခသည်ပြဿနာရဲ့ အဖြေထွက်ဖို့ မရေရာတဲ့ အနာဂတ် အနေအထားဖြစ်ပြီး အခု ပြန်ပို့ဖို့ ဆုံးဖြတ်ခဲ့တဲ့ မလေးရှားနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံလောက် ဒုက္ခသည်မများတဲ့တိုင် သောင်းဂဏန်းကနေ သိန်းဂဏန်းအထိရှိလာပြီး တတိယနိုင်ငံတွေအနေနဲ့ ခေါ်ယူနိုင်တဲ့ အရေအတွက် လျော့နည်းလာတာနဲ့အမျှ မလေးရှားနိုင်ငံအဖို့ ဝန်ထုပ်ဝန်ပိုးသဖွယ် ရှုမြင်လာတာပါ။ အဲဒီလို အခြေအနေမှာ မြန်မာ စစ်အာဏာသိမ်း ခေါင်းဆောင်တွေနဲ့ ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးကို စတင်လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
ဒုက္ခသည်တွေ ပြန်ပို့တဲ့အခါ ဂုဏ်သိက္ခာရှိတဲ့ ပြန်ပို့မှုဖြစ်ဖို့၊ ပြန်ပို့ခံရပြီးနောက် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခံရတဲ့ အဖြစ်မျိုး မဖြစ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေက တိုက်တွန်းကြတာလည်း ဖြစ်ပါတယ်။ အခု ပြန်ပို့ခံရတဲ့ ခိုလှုံခွင့်တောင်းခံသူတွေ မြန်မာနိုင်ငံ ပြန်ရောက်တဲ့အခါမှာ ဘယ်နေရာမှာ နေရချထားမလဲ၊ ဒုက္ခသည်တွေထဲက အသက်ငယ်ရွယ်တဲ့ လူငယ်တွေကို စစ်မှုထမ်းအဖြစ်နဲ့ စုဆောင်းခံရမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြတာလည်း ဖြစ်ပါတယ်။
အခုလို ပထမအသုတ် ၁၄၇၆ ဦးကို ပြန်ပို့နိုင်ခဲ့ရင် လက်ခံဖို့ သဘောတူထားတဲ့ နောက်ထပ် ၃၅၀၀ ကျော်ကို ဆက်လက်ပို့ဆောင်ဖို့ မလေးရှားနိုင်ငံက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံ အနေနဲ့ နိုင်ငံတကာနဲ့ အာဆီယံမှာ သံတမန်ရေးအရ ခပ်ခွာခွာ ဆက်ဆံခံရတဲ့ မြန်မာစစ်တပ်အစိုးရနဲ့ ဆွေးနွေးပြီး ဘာကြောင့် ဒုက္ခသည်တွေကို ပြန်ပို့တာလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာနေတာပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ၊ လက်ရှိ ထိန်းချုပ်ထားတဲ့ Arakan Army လို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကလည်း ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေတာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် နိုင်ငံတကာ အကူအညီတွေ လျော့နည်းလာနေတာကြောင့် ရှင်သန်နေထိုင်ဖို့ ခက်ခဲတဲ့ အခြေအနေတွေက မလေးရှားနိုင်ငံဆီ ဦးတည်သွားကြဖို့ အခြေအနေကို အားဖြည့်ပေးနေတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေကြောင့် နောက်ထပ် ဒုက္ခသည်တွေ အသက်စွန့်၊ ရှိစုမဲ့စုငွေကြေးကို လူကုန်ကူးသူတွေကို ပေးပြီး မလေးရှားကို မလာရောက်ဖို့ သတင်းစကားတခုပေးဖို့ လိုအပ်ပါတယ်။
အဲဒီသတင်းစကားက အခုလို မလေးရှားကနေ နေရပ်နိုင်ငံကို ပြန်ပို့တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ မလေးရှားမှာ ရောက်ရှိနေတဲ့ သူတွေကိုတောင် စိစစ်ပြီး ပြန်ပို့နေတယ်ဆိုတဲ့ သတင်းစကားက ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကသူတွေကို မလေးရှားနိုင်ငံဆီ ဦးတည်လာရောက်ခြင်း မပြုဖို့ ရည်ရွယ်တာလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီသတင်းစကား ရဖို့ရာအတွက် မလေးရှားနိုင်ငံ အနေနဲ့ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေး၊ နိုင်ငံတကာ စံနှုန်းတွေကို ခဏ လျစ်လျူရှုကာ မြန်မာစစ်အစိုးရနဲ့ ဆွေးနွေးပြီး အခုလို ပြန်ပို့တဲ့ အစီအစဥ်ကို လုပ်ဆောင်ခဲ့တာလို့ ကောက်ချက်ချရတော့မဲ့ အနေအထားပဲ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
