Breaking News

နိုင်ဝင်းသီ - တမာရိပ်လေညင်း

တမာရိပ်လေညင်း
နိုင်ဝင်းသီ
(မိုးမခ) ဧပြီ ၁၂၊ ၂၀၂၀
                                         
                       ( တစ် )
    
        တမာရိပ်ကိုလွန်ပြီး စိမ်းစိမ်းမှိုင်းမှိုင်း ပုပ္ပါးတောင်ကို ဟိုးခပ်ဝေးဝေးက လှမ်းမြင်လိုက်ကတည်းက အေးစက်တဲ့တောရိပ်တောင်ရိပ်ဟာ ကျွန်တော်တို့ကိုယ်ပေါ် ပြိုအိကျလာခဲ့ပြီ။ ပုပ္ပါးကတော့ မြူ‌တွေကြားထဲမှာ ဒဏ္ဍာရီဆန်ဆန် လွင့်တက်နေတဲ့ တောင်ပြာတစ်လုံး။ ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက်  စိမ်းလိုက် ညိုလိုက် ဝါလိုက် ပြာလိုက်နဲ့ ဥတုရာသီအပေါ် တည်မှီပြီး လှချင်တိုင်းလှနေခဲ့တဲ့တောင်။ အခုပဲ ကျွန်တော်တို့ လှမ်းမြင်နေရတဲ့ ပုပ္ပါးဟာ အမြင်အာရုံထဲမှာ ဖျပ်ခနဲ ပေါ်လာလိုက်..ပျောက်ကွယ်သွားလိုက်နှင့် ည‌နေမှောင်ရီထဲမှာ ကျွန်တော်တို့ကို မြှူညှို့နေသလိုလို။ 

      မြို့ပြထဲမှာ မွန်းကျပ်ပူလောင်‌နေတဲ့ကျွန်တော်တို့ဟာ ပုပ္ပါးရဲ့ အငွေ့အသက်ကိုရလိုက်တယ်ဆိုရင်ပဲ ကိုယ်ထဲမှာငြိကပ်‌‌တိုးဝင်နေတဲ့ အပူ ငွေ့မျှင်တွေဟာ  ပါးလျားသွားခဲ့။ပြောမယ်ဆိုရင် ကျွန်တော်တို့ဟာ မြို့ပြထဲမှာ ကိုယ့်မီးလျှံနဲ့ကိုယ် ပူလောင်ဝင်းပနေခဲ့တာ ကြာမြင့်ခဲ့ပြီ။ အဲဒီ တငွေ့ ငွေ့ မီးလျှံတွေနဲ့ ပူလောင်လေးလံနေတဲ့ ကျွန်တော်တို့ဟာ ပုပ္ပါး‌ဝန်းကျင်ကို ရောက်သွားတယ်ဆိုရင်ပဲ တစ်စုံတစ်ခုခုက စုပ်ယူဆွဲချသွားသလို လွတ်လပ်အေးမြသွားခဲ့တာ။

       ကျွန်တော်တို့ ရောက်လာတဲ့အချိန်ဟာ ဆည်းဆာည‌နေရီ ဖြစ်နေလို့လားတော့မသိ။ ပုပ္ပါးဟာ ကြည့်‌နေကြည့်နေရင်းကပဲ  မှောင်ရီသမ်းလာခဲ့ပြီ။ အမှောင်တွေ အားကောင်းလာလို့ တောင်ထိပ်မှာ မီးပွင့်မီးတန်းလေးတွေ တဖျပ်ဖျပ်နဲ့ ပွင့်လက်လာချိန်မှာတော့ ကျွန်တော်တို့ဟာ ပုပ္ပါး View point ကနေပြန်ဆင်းလာခဲ့ကြ။

     အဲဒီနေ့က ကိုဆွေခင်ရဲ့ သူငယ်ချင်းဖြစ်သူ ပန်းရဂုံပျိုးဥယျာဉ်ခြံက ကိုအောင်ကျော်ဆန်း တည်ခင်းပေးခဲ့တဲ့ညစာဟာ ကျွန်တော်တို့အတွက် အမြဲတမ်း သတိတရရှိနေမယ့် ပုပ္ပါးအမှတ်တရ ညစာပါပဲ။ အိပ်မက်စိမ်း၊ မောရွှေလီနဲ့ လမ်း ၅၀က Tiger မှာ ထိုင်နေကျ ကျွန်တော်တို့အတွက်တော့ ပိုးကောင်မွှားကောင်တွေရဲ့ တစီစီ‌ အော်မြည်သံနဲ့အတူ  ညဉ့်ငှက်တွေ အော်ဟစ်ပျံသန်းနေတဲ့ ညထဲမှာ ထိုင်ခဲ့ရတဲ့ ဘီယာဆိုင်လေးဟာ တကယ့်ကို အမှတ်တရ နေရာလေး။ မြို့ပြအငွေ့အသက်တွေကင်းလွတ်နေတဲ့ ဒီနေရာလေးဟာ ညဉ့်နက်လာလေလေ ပိုပြီးတော့ တိတ်ဆိတ်လာလေလေ။နွယ်ရိပ်သစ်ရိပ်‌ကြားက တိုးထွက်လာခဲ့ရတဲ့ လေပြည်နုဟာလည်း ကံ့ကော်၊ သရဖီ၊ အင်ကြင်း၊ ပုန်းညက်၊ခတ္တာပန်းရနံ့တွေ ရောထွေးစိမ့်ဝင်နေလို့လားမသိ။‌ ညခင်းထဲမှာဝေ့ခတ်သွားလေတိုင်း တိတ်ဆိတ်နေတဲ့ညဟာ မွှေးရီထုံယစ်ပြီး ကျန်နေရစ်ခဲ့တာ။ တစ်ခါတစ်ခါမှာတော့ စကားစိမ်းလား၊စကားဝါလား။ သင်းသင်းရီရီ ရနံ့တစ်ခုဟာ ကျွန်တော်တို့ဆီကို တိတ်တဆိတ် လွင့်မျောလာတတ်တာ။

     ညောင်ပင်ဆိပ်က အဲဒီဆိုင်လေးထဲကထလာတော့ ပုပ္ပါးမြင်းခြံ ကားလမ်းမပေါ်မှာ ကြယ်စုံနေခဲ့ပြီ။ ညဟာ ကင်းဘတ်စပေါ်မှအနက်ရောင်ဆေးသားတွေ ဖိညှစ်ဆွဲဖြန့်ထားသလို နက်မှောင်ထူပြိန်းလို့။ ကျွန်တော်ကတော့ ပုပ္ပါးတောင်ထိပ်မှာ စုဖွဲ့အုံခဲနေတဲ့ ကြယ်ဖြူပွင့်လေးတွေကို ငေးရီကြည့်နေရင်းနဲ့ ငြိခဲ့ဖူးတဲ့စကားလုံးတချို့ဟာ အာရုံထဲမှာ ဖျပ်ခနဲပေါ်လာခဲ့တာ။ ဘယ်သူပြိုင်လို့ လှပါတော့နိုင် လှမ်းဆွတ်တော့ညိုနွဲ့‌‌ကေခိုင်၊ တောင်တော်ပန်းမို့ မွှေးရနံ့ကြူသင်းကြိုင်။ ကန်မြဲဆရာဦးအေးကျော်ရေးဖွဲ့ခဲ့တဲ့ တောင်တော်ရွှေပုပ္ပါး သီချင်းထဲက စကားလုံးလေးတွေကို သတိရမိတော့လည်း မှောင်မည်းနေတဲ့ ပုပ္ပါးညဟာ တအားကို နူးညံ့လှပသွားခဲ့တာ။

                        ( နှစ် ) 

     ပိုင် သို့မဟုတ် တေလေကောင်းဘွိုင်... ရေးခဲ့တဲ့ကဗျာတွေ အများအပြားရှိခဲ့ပေမဲ့ ကျွန်တော်ကတော့ သူ့ကဗျာတွေထဲမှာ တေလေကောင်းဘွိုင်ကို အရမ်းငြိခဲ့တာ။ ကျွန်တော့်တစ်ဦးတည်းအတွက်တော့ ပိုင်ဆိုရင် တေလေကောင်းဘွိုင်။‌ တေလေကောင်းဘွိုင်ဆိုရင် ပိုင်။

     အဲဒီတေလေကောင်းဘွိုင်ဟာ လူရှင်းတဲ့အချိန်ဖြစ်တဲ့ သုံးနာရီ သုံးနာရီခွဲလောက်မှာ လေထန်ကုန်းကို တစ်ယောက်တည်း ရောက်ရောက် လာတတ်တာ။ ၃၃ လမ်းတိုလေးထဲကိုဝင်လာတာနဲ့ လေထန်ကုန်းထဲမှာ ဘယ်သူတွေများ ရှိနေမလဲလို့ ခပ်လှမ်းလှမ်းကနေ ပြီး လှမ်းလှမ်းကြည့်တတ်တာ။ သူတို့အဝန်းအဝိုင်းထဲကလူတွေ တစ်ယောက်မှရောက်မလာသေးရင် ထောင့်ကျကျစားပွဲလေးမှာ လက်ဖက်ရည်တခွက်မှာပြီးတယောက်တည်း တိတ်ဆိတ်နေတတ်တာ။ သူ့ကဗျာထဲမှာသာ အရသာရှိတဲ့ဝိုင်နီကိုမကြာမကြာတွေ့နေရပေမယ့် အပြင်ဘက်မှာတော့  အရက်ဆိုရင် လက်ဖျားနဲ့တောင် မတို့ထိတတ်တာ။

     သူဟာ ကဗျာဆရာတစ်‌ယောက်ဖြစ်နေပေမဲ့ ကျွန်တော့်မျက်စိထဲမှာတော့ရေငုပ်သင်္ဘောတစ်စင်းရဲ့ ကွန်မန်ဒါတစ်ဦးနဲ့ ပိုပြီးတော့တူနေ။‌‌ရေငုပ်သင်္ဘောတစ်စင်းက ကွန်မန်ဒါတစ်ဦးရဲ့ အေးစက်တည်ငြိမ်မှုမျိုးကိုလည်း မကြာခဏဆိုသလို သူ့ဆီမှာ မြင်ခဲ့တွေ့ခဲ့ရတာ။ အခု ကျွန်တော်တို့သွားနေတဲ့ တမာရိပ် ၊ပုဂံ၊ ပင်းမြို့၊ ပုပ္ပါး၊ နတ်မောက်၊ ချောက် စလေခရီးစဥ်တစ်လျှောက်လုံးမှာ ငေးငေးရီရီနှင့် အေးတိအေး စက် နိုင်လှသော်လည်း ခက်ထန်ကြမ်းရှမှုတွေတော့ သူ့ဆီမှာ ရှိမနေခဲ့တာ။‌ ငေးလွင့်မှုန်‌ဝေနေတဲ့ သူ့မျက်လုံးညိုညိုတွေဟာ ဘယ်လိုအချိန်မျိုးမှာ ကြည့်လိုက်ကြည့်လိုက် အတိတ်ဆီကိုပဲ ရောက်ရောက်နေတတ်တာ။ ဘာပဲပြောပြော ခရီးစဉ်ထဲမှာ မမျှော်လင့်ဘဲနဲ့ သူပါလာတဲ့အတွက် ကျွန်တော်တို့ဟာ ဘုရားသခင်ကို ကျေးဇူးတွေတင်‌နေခဲ့ကြတာ။ ဒီလိုနဲ့ပဲ ကိုထွန်းဝေမြင့်၊  နရီမြိတ်၊ ပိုင်နဲ့ ကျွန်တော်တို့လေးယောက်အဖွဲ့ဟာ မြို့ပြထဲက ဆုတ်ခွာလာခဲ့ပြီး ဖေဖေါ်ဝါရီလရဲ့ နောက်ဆုံးရက်တွေထဲမှာ ကိုဆွေခင်( ခရမ်းပြာ )ရဲ့  တမာရိပ်လေးဆီကို စစ်ပြေးဒုက္ခသည်တွေလို လွင့်လာခဲ့ကြတာ။

                      ( သုံး )

      ကျောက်ပန်းတောင်း နတ်မောက် ကားလမ်းရှည်ရှည်သွယ်သွယ်လေးဟာ လှိုင်းထနေတဲ့ လွင်ပြင်ကျယ်တစ်ခုထဲမှာ ကြိုးခွေတခွေ ပစ်ချထားသလို အခွေလိုက် အခေါက်လိုက်လေး။‌ လမ်းတစ်‌လျှောက်လုံးမှာလည်း တဲအိမ်စုစုလေးတွေရှိရာ ရွာလေးတချို့နဲ့ ရှား၊ လက်ပံ၊ ထ‌နောင်း၊ ဆူးခြုံ‌ပင်‌‌လေးတွေ ပေါက်ရောက်ရှင်သန်ရာ မိုးနည်းရေရှားရပ်ဝန်းဒေသ။ နာရီကိုကြည့်လိုက်တော့ ဆယ်နာရီပဲ ရှိ‌သေးသည်။လမ်းမပေါ်မှာ တံလျှပ်တွေနဲ့ ဝင်းပြက်နေခဲ့ပြီ။ ကိုဆွေခင် မောင်းနေတဲ့ မာ့ခ်တူး အဖြူရောင်လေးကတော့ တံလျှပ်တွေကြားထဲကို အတင်းဖြဲဝင်ပြီး ကတ္တရာလမ်းလေးပေါ်မှာ တရိပ်ရိပ်ပြေးလွှားနေဆဲ။

      ပြောမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ခရီးစဉ်တစ်လျှောက်လုံးမှာ ကိုဆွေခင်ဟာ ဒေသလုံးဆိုင်ရာ  ညှိနှိုင်းကွပ်ကဲ‌ရေးမှူး။ သူပဲ ကားကို တစ်လမ်းဝင် တစ်လမ်းထွက်၊တစ်မြို့ဝင် တစ်မြို့ထွက် Google မြေပုံကို မကြည့်ဘဲ မောင်းနှင်လာခဲ့တာ။အခုလည်း နတ်မောက်သွားတဲ့လမ်းမှာရှိတဲ့ ပင်းမြို့ဟောင်းကို ရောက်တုန်းရောက်ခိုက် ဝင်သင့်တယ်လို့ပြောလာလို့ ဆရာငွေလင်းရေးတဲ့ ပင်းမြို့သူကို ရှာဖွေဖို့အတွက် ကျွန်တော်တို့ဟာ ပင်းမြို့ဟောင်းထဲကို ရောက်ရှိလာခဲ့ပြီ။

       ပင်းမြို့ထဲက နှစ်သက်တမ်းထောင်ချီနေတဲ့ သပြေပင်ညီနောင်ဟာ အခုမှ မြင်ဖူးတွေ့ဖူးတဲ့ ကျွန်တော်တို့အတွက်‌တော့ အံ့ဩစရာ။ရှင်အရဟံမဟာဗောဓိ‌ရွှေညောင်‌တော်က  ရှည်လျားချင်တိုင်း ရှည်လျားဆန့်ထွက်နေတဲ့ ညောင်ကိုင်းတွေရဲ့ သန်စွမ်းပုံကို မြင်ရတော့လည်း ကျွန်တော်တို့မှာ အံ့ဩဘနန်းဖြစ်ခဲ့ရ။ လေတိုက်လိုက်တိုင်း စိမ်းနုညောင်ရွက်လေးတွေဟာ တိုးညှင်းသောဂီတသံတစ်ခုလို နွဲ့နွဲ့လေး လှုပ်ခတ်သွားတတ်တာ။

     ပိဿနိုးရဲ့ အနွယ်အဆက် ပျူတွေ ရှိခဲ့ဖူးရာ ပင်းမြို့ဟောင်းက ထွက်ခွာလာတော့ နေဟာ ကျွန်တော်တို့ဦးခေါင်းပေါ် ရောက်လုနေပြီ။လမ်းဘေးဝဲယာတစ်လျှောက် မြင်တွေ့နေရတဲ့ မြင်ကွင်းတွေကတော့ ထူးထူးခြားခြား ပြောင်းလဲမသွားခဲ့။ ဝါကျင့်ကျင့်ရွက်ကြွေတချို့နဲ့နီမြန်းသောလက်ပံပွင့်‌တွေပြန့်ကြဲကြွေကျနေရာ သွေ့ခြောက်တော။
တစ်ခါတစ်ခါ လမ်းမပေါ်မှာ ဖြတ်မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးတလေက လွဲလို့ ဝန်းကျင်တစ်ခွင်လုံးဟာ တိတ်ဆိတ်လို့။ တခါတခါမှာတော့ သွေ့ခြောက်ညိုရီ‌နေတဲ့ဆူးခြုံ‌တောလေးတွေထဲက ကျေးသံငှက်သံလေးတွေ။

      နတ်မောက်ကို ရောက်တော့ ကျွန်တော့်တစ်ကိုယ်လုံး ပူနွေးဆူပွက်သွားခဲ့ပြီ။
    နတ်မောက်...............
    နန္ဒဗာဟုရဲ့နတ်မောက်
    ရှင်အဂ္ဂသမာဓိရဲ့နတ်မောက်
    ဗိုလ်မင်းရောင်တို့ မြေးအဖိုးရဲ့နတ်မောက်
    စုံနံ့သာမြိုင်ဦးကြော့ရဲ့နတ်မောက်..

    နတ်မောက်ဆိုတာ ဘယ်လိုသတ်သတ် သတ်လို့မသေတဲ့ သစ်ပင်။ နတ်မောက်ကိုရောက်လာပြီဆိုတာနဲ့ မမေ့မလျှော့သွားရမဲ့နေရာဟာ ပြတိုက်လုပ်ထားတဲ့ ဗိုလ်ချုပ်အိမ်။ ဗိုလ်ချုပ်အိမ်ပေါ်ရောက်လို့ စာထိုင်ဖတ်နေတဲ့ ဗိုလ်ချုပ်ရုပ်တုကို မြင်လိုက်ရတယ်ဆိုရင်ပဲ ကျွန်တော်တို့ဟာ ဝမ်းပမ်းတနည်းဖြစ်လာပြီး မျက်ရည်တွေ ရစ်ဝဲလာခဲ့တာ။ ကျွန်တော်တို့လိုပဲ ဗိုလ်ချုပ်ကို ဂါရဝလာပြုတဲ့ ကျေးတောသူမ သားအမိဟာလည်း ဗိုလ်ချုပ်ကို ရိုကျိုးစွာ ကန်တော့နေရာကနေ  ရှိုက်ကြီးတငင် ငိုချလိုက်တာ။ ခပ်လှမ်းလှမ်းက ပြတင်းပေါက်နားမှာ ရပ်နေတဲ့ ကိုဆွေခင်ကို လှမ်းကြည့်လိုက်တော့လည်း ပါးပြင်ပေါ်က မျက်ရည်စတွေကို အင်္ကျီစနဲ့ အသာအယာ ဖိသုတ်နေခဲ့တာ။

ကျွန်တော်တို့လိုပဲ ဗိုလ်ချုပ်အောင်ဆန်းကိုဂါရဝလာပြုတဲ့ ဝင်လာမစဲ တသဲသဲလူတွေဟာ ဗိုလ်ချုပ်ကို မြင်လိုက်တာနဲ့ ယူကြုံးမရဖြစ် ပြီး ဝမ်းနည်းကြေကွဲသွားတတ်ကြတာ။
    အဲဒီနေ့လယ်ခင်းက နတ်မောက်ဘေးနားမှာ တိုးတိုးညင်ညင်လေး စီး‌နေတဲ့ ယင်းချောင်း‌ဟာ မွန်းတည့်နေ‌ရောင်အောက်မှာ တဖျပ်ဖျပ်လက်လို့။ အကြောင်းမညီညွတ်လို့ယင်းချောင်းလရောင်‌နဲ့ မဆုံစည်းခဲ့ရပေမယ့်လည်း ယင်းချောင်းလရောင်ဟာ မန်းချောင်းလရောင်လိုပဲ ကျွန်တော်တို့ရဲ့ ရင်ထဲမှာ အသေအချာ အမြစ်တွယ်နေခဲ့တာ။
      ဆရာဦးမျိုး(မကွေး)နဲ့ ဆရာတမာမြေဖြိုးဝေတို့တည်ခင်းတဲ့ ပူနွေးသော နေ့လယ်စာကို  စားပြီးချိန်မှာတော့ မွန်းလွဲသွားခဲ့ပြီ။

ရွှေကုက္ကိုတဲ့။ကျွန်တော်တို့ထိုင်ခဲ့တဲ့ ဆိုင်နာမည်လေး။ ဝန်းကျင်မှာလည်း ပင်ညိုကုက္ကိုတွေဟာ ထူဝေအုပ်ဆိုင်းလို့။ ဟိုး‌ဝေးဝေးက တောင်တန်း‌တွေပေါ်မှာ အုံ့ဝေနေတာ မြူတွေများလား။

        သူတို့နှစ်‌ယောက်ကို နှုတ်ဆက်ပြီး ပြန်လှည့်ထွက်လာတော့ ပြာရီသောတောင်စဉ်အထပ်ထပ် ဝန်းရံထားတဲ့နတ်မောက်ဟာ ကျွန်တော်တို့ကိုငေးငေးရီရီကြည့်နေရင်းနှင့် ကျန်နေရစ်ခဲ့ပြီ။  ။

                                        နိုင် ဝင်း သီ
                                       ၁၁ ၊ ၄ ၊ ၂၀၂၀