Breaking News

တိုးနှောင်မိုး - ရှေ့တန်းခံစစ်

Credit- Aung Kyaw San "s FB
ရှေ့တန်းခံစစ်
တိုးနှောင်မိုး
(မိုးမခ) ဧပြီ ၁၂၊ ၂၀၂၀

ဆည်ဆောက်တဲ့သူ
ဆည်ချိုးတဲ့သူ
တူပါ့မလား
ကူးဆက်သူ
ကုသသူ
မတူဘူး
သိလာလေပိုကြောက်ဖို့ကောင်းလာလေ
သူလည်းသိတော့မကြောက်ရှိမလား။

အနီးဆုံးကအနီးဆုံး
ရောဂါနဲ့အနီးဆုံးဆရာဝန်
လူနာပြီးရင်သူကဒုတိယလူနာ၊၊

ပြင်ဆင်ထားတဲ့အခြေအနေ
သူ့အတွက်မဟုတ်သောအသက်ကယ်အစီအစဥ်
လူသုံးလေးယောက်အတွက်စတေးခံတာမဟုတ်ဘူး
သူကသိတယ်
တစ်နိုင်ငံလုံးအတွက်။

စိန်ပန်းတွေရဲနေအောင်ပွင့်ဖို့
စံပယ်တွေအီနေအောင်မွှေးဖို့
သူဟာနှင်းဆီကိုရဲရဲပန်ခဲ့တယ်။

စိတ်ကအရမ်းလှတာပဲ
ဆရာဝန်တစ်ယောက်ကပုံမပြောတတ်ဘူး
မြစ်အဆုံးစီးဖို့ကြိုတွေးထားတဲ့ခံစားမှု
တည်ငြိမ်လိုက်တာ။

အသက်အန္တရာယ်ကိုကာကွယ်ဖို့
နိုင်ငံတော်ကိုရှုံးခဲ့တယ်
ကျန်းမာရေးကခုထိမီးခိုးထွက်ဆဲ
လက်ဆေးပါ
Mask-တပ်ပါ
အိမ်မှာပဲနေပါ
ပိတောက်တွေမပွင့်ခင်
မြန်မာပြည်မှာသူရဲကောင်းတစ်ယောက်ပွင့်ခဲ့တယ်။

ရင်းခဲ့တယ်
နှလုံးသားနဲ့ရင်းခဲ့တယ်
ရင်ဆိုင်ခဲ့တယ်
လက်မထောင်ပြီးရင်ဆိုင်ခဲ့တယ်
တစ်ယောက်ထဲခံဖို့ရဲရင့်ခဲ့တဲ့အသိ
အနာခံဖို့စိတ်ရင်းတွေ
သေချာတဲ့အာဇာနည်စိတ်ရင်းတွေ။

အပျော်ဆိုတာရယ်
လဲမှိုလေးလိုအနာဂတ်ကို
ငြိမ်းအေးတဲ့မေတ္တာကဘယ်အထိ။

နွေးထွေးတဲ့အပြုံးမှာ
စာနာမှုကပေးတဲ့မေတ္တာရှိတယ်
မြစ်တွေကမြို့နဲ့မတူဘူး
မြို့တွေကမြစ်နဲ့မတူဘူး
အဆိုးဆုံးကိုတွေးထားတာပေးဆပ်မှုပဲ။

သူရဲကောင်းဆိုတာ
အများရဲ့ရှေ့ကတံတိုင်းပါ
နိုင်ငံတော်အလံမှာခင်ဗျားနာမည်ပါတယ်
ဒေါက်တာဒေါ်မြင့်မြင့်စိန်။    ။