Breaking News

ဖလော်ဒါဟန် - အလွမ်းမပြေ တလုတ်မြေ


ဖလော်ဒါဟန် - အလွမ်းမပြေ တလုတ်မြေ

(မိုးမခ) ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၅


အချိန်အခါ ရာသီအလျောက် ပန်းတွေ ပွင့်ခဲ့တယ်

တလုတ်မြို့လေးရယ်

ရာသီစာတွေ ဖူးပွင့်ချိန်တိုင်း 

တလုတ်မြေကို သတိရတယ်။

ရွာရိုးတလျှောက် မြို့ရိုးအုတ်ခံပေါ် 

တလုတ်နယ်သားတွေ ခြေချခဲ့တယ်

လွမ်းစရာအတိတ်မှာ ဘုရားလည်းပါ 

ဇာတ်လည်းပါမို့ 

ဝါဆိုမိုးလည်း မရွာနိုင်တော့တာ ကြာပေါ့

ကြက်သွန်ဖောင်စီး ဆေးရွက်ကြီးနဲ့ 

ငရုတ်တောမှာ ပါးကွက်လေးတွေ မှေးမှိန်ခဲ့ပေါ့ 

တလုတ်မြေရယ်

တချိန်က ဖတ်ဖူးခဲ့တဲ့ 

တလုတ်မြို့အကြောင်း တစေ့တစောင်း 

ငါ ဘယ်မှာ ရှာရပါ့

ဝက်သထိုးနဲ့ မင်္ဂလာ 

ရွာလုံးကျွတ်ညံ အသံမစဲ အလှူလည်းကင်း 

ကုန်းပေါ်တလျှောက် ငါ လျှောက်ခဲ့တယ်

အခုတော့ မိုးညလည်း မှောင်

အလင်းပျောက်လို့

ပြာပုံမှာ မီးမတိတ် မိုးရွာနေလိုက်တာ

ငါတို့ရင်ထဲက အပူမီးက

မဆုံးနိုင်တဲ့

နေ့ရက်တွေဆီ

ငါ မှန်းဆတိုင်း

အလွမ်းလည်းမပြေ

တလုတ်မြေ။

(တလုတ်မြေမှ ဆွေမျိုးမိတ်ဆွေ ရွာသားများ ဘေးကင်းကြပါစေ။)

၁၈.၂.၂၀၂၅

13:22 p:m



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar