Breaking News

မောင်စွမ်းရည် ● တို့ဗမာ အစည်းအရုံး၊ ကွန်မြူနစ်ပါတီ၊ ဗိုလ်ချုပ်ကျော်ဇော

မောင်စွမ်းရည် ● တို့ဗမာ အစည်းအရုံး၊ ကွန်မြူနစ်ပါတီ၊ ဗိုလ်ချုပ်ကျော်ဇော
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၉

ကိုလိုနီခေတ် မြန်မာနိုင်ငံမှာ အရေးပါတဲ့ နိုင်ငံရေးအဖွဲ့အစည်း နှစ်ဖွဲ့ရှိခဲ့ပါတယ်။ တို့ဗမာအစည်းအရုံးနဲ့ ဗမာပြည်ကွန်မြူနစ် ပါတီတို့ဖြစ်ပါတယ်။ တို့ဗမာအစည်းအရုံးက ၁၉၃၀ လောက်က ပေါ်ပေါက်ခဲ့ပြီး ထင်ရှားပေါ်လွင်တဲ့ နိုင်ငံရေးပါတီတရပ်အ ဖြစ် ရပ်တည်လာချိန်မှာ နှစ်ခြမ်းကွဲသွားတယ်။ ဒါကတော့ မြန်မာနိုင်ငံရေး ပါတီတွေရဲ့ ထုံးစံပါပဲ။ နှစ်ခြမ်းကွဲပြီးချိန်မှာ တို့ဗမာအစည်းအရုံးဟာ သမိုင်းတကွေ့ချိုးသွားခဲ့ပါတယ်။ ဒီနှစ်ခြမ်းကွဲရာမှာ တခြမ်းကို အမျိုးသားစာဆိုကြီး ကိုယ်တော် မှိုင်းက ဦးဆောင်လိုက်ပြီး၊ “သခင်ဘွဲ့” ခံယူလိုက်တယ်။ “သခင်ကိုယ်တော်မှိုင်းရယ်လို့ လူတိုင်းခေါ်ကြစေ”ဆိုပြီး လေးချိုး ကြီးကဗျာဖွဲ့ပြီး နယ်ချဲ့အင်္ဂလိပ်ဆန့်ကျင်ရေးပြတ်ပြတ်သားသား တိုက်ပွဲဝင်မယ့် အဖွဲ့အစည်းတရပ်အဖြစ် ပါဝင်ခေါင်းဆောင် လိုက်တယ်။ ကျန်တခြမ်းကတော့ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ခေါင်းဆောင်တဲ့ ဗြိတိသျှ အလိုတော်ရိ၊ ဗြိတိသျှတို့နဲ့ စေ့စပ်ဆွေးနွေးပြီး၊ အခွင့်အရေးတခြမ်းတပဲ့ကို တောင်းဆိုတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ မှိုင်းသခင်အဖွဲ့ကို တက်ကြွတဲ့ကျောင်းသားလူငယ်တွေက ဝင်လာကြတယ်။ တက္ကသိုလ်သမဂ္ဂက ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုသိန်းဖေစတဲ့ ကျောင်းသားတွေ ဝင်ကြတယ်။ ကြည့်မြင်တိုင် ဆရာအတတ်သင် ကျောင်းသားသမဂ္ဂက ကိုရွှေ(နောင်ဗိုလ်ကျော်ဇော)ကလည်း ၁၃၀၀ ပြည့် အရေးတော်ပုံကာလမှာ သခင်ရွှေဖြစ်လာခဲ့တယ်။ တို့ဗမာအစည်းအရုံး နှစ်ဖွဲ့လုံးက သခင်လူငယ်တွေဟာ (လူကြီးတွေအပါ) ၁၃၀၀ ပြည့် အရေး တော်ပုံကြီး အပြီးမှာ လွတ်လပ်ရေးအတွက် ဆန္ဒပြတောင်းဆိုနေရုံနဲ့ မရနိုင်ဘူး၊ လက်နက်ကိုင်တော်လှန်မှ ရနိုင်မယ်လို့ သဘောပေါက်လာခဲ့ကြတယ်။ ဒါကြောင့် နိုင်ငံခြားကို တိတ်တဆိတ်ထွက်သွားကြပြီး စစ်ပညာလည်း သင်ယူမယ်၊ လက်နက်လည်း ရှာမယ်ဆိုပြီး ထွက်ဖို့ကြိုးစားကြတယ်။ ဒီလိုနဲ့ မှိုင်းသခင်အဖွဲ့က သခင်အောင်ဆန်းတို့ သခင်ရွှေတို့ ရော၊ သခင်ဗစိန်အဖွဲ့က သခင်ထွန်းအုပ်၊ ကိုရှုမောင်(ဗိုလ်နေဝင်း)၊ သခင်အောင်သန်း(ဗိုလ်စကြာ)၊ (မှိုင်းသခင်အဖွဲ့ ၂၁ ဦး၊ ဗစိန် သခင် ၈ ဦး၊ အခြား ၁ ဦး) တို့ရော ဂျပန်ကို စစ်ပညာသင်ဖို့ ရောက်သွားကြပါတယ်။

ရဲဘော်သုံးကျိပ်ခေါ်တဲ့ ဂျပန်ပြည်ရောက် စစ်ပညာသင်အဖွဲ့မှာ သခင်အောင်ဆန်း၊ သခင်လှဖေ၊ သခင်လှမြိုင်၊ (ဗိုလ်တေဇ၊ ဗိုလ်လက်ျာ၊ ဗိုလ်ရန်အောင်စသည်) တို့ဟာ မူလကတည်းက ကွန်မြူနစ်တွေဖြစ်ခဲ့ပြီး၊ ဗိုလ်ကျော်ဇော၊ ဗိုလ်ဇေယျ၊ ဗိုလ်ရဲ ထွတ်၊ ဗိုလ်တာရာတို့ကတော့  နောက်မှ ကွန်မြူနစ်ဖြစ်လာပုံရပါတယ်။ ဒီလို ကွန်မြူနစ်ဖြစ်လာတယ်ဆိုတာ မဆန်းပါဘူး။ နယ်ချဲ့အရင်းရှင်တွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ သမိုင်းကြောင်းအရ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံငယ်လေးများအားလုံးဟာ ဗြိတိသျှ၊ ပြင်သစ်၊ ဒတ်ချ်၊ ပေါ်တူဂီစတဲ့ ကမ္ဘာ့ အနောက်ခြမ်း အရင်းရှင်နိုင်ငံ တခုမဟုတ် တခုရဲ့ သိမ်းပိုက်သွေးစုပ်မှုကို ခံကြရတာချည်း ဖြစ်ပါတယ်။ နိုင်ငံငယ်လေးတွေ အများစုဟာ ဒုတိယကမ္ဘာ စစ်ကြီးနဲ့ အတူ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြပါတယ်။

တော်လှန်ရေးတရပ်ဆင်နွှဲကြရာမှာ အဖွဲ့အစည်းဖွဲ့ပြီး ပြည်သူပါဝင်အောင် စည်းရုံးလှုံ့ဆော် ဆောင်ရွက်ကြရပါတယ်။ ဒါကြောင့် လိုအပ်ချက်နဲ့အညီ နိုင်ငံရေးပါတီအဖွဲ့အစည်းကို ဖွဲ့စည်းပြီး လှုပ်ရှားကြရပါတယ်။ ဒီလိုပါတီအဖွဲ့အစည်းများမှာ နယ်ချဲ့အရင်းရှင်စနစ်ကို ဆန့်ကျင်တဲ့(နိုင်ငံရေးသဘောတရားလက်နက်) ကိုလည်း မလွှဲမသွေ တပ်ဆင်ခဲ့ကြရပါတယ်။ ဒီလိုလိုအပ်ချက်အရ နယ်ချဲ့အရင်းရှင် ဆန့်ကျင်ရေး လူတန်းစားအမြင် ပါရှိတဲ့ ကွန်မြူနစ်ဝါဒကို အဖွဲ့အစည်းရဲ့ တော်လှန် ရေးလက်နက်အဖြစ် တပ်ဆင်လေ့ရှိခဲ့ကြပါတယ်။

သခင်အောင်ဆန်း၊ သခင်လှဖေ၊ သခင်သိန်းဖေ၊ သခင်ဗဟိန်းအစရှိတဲ့ တက္ကသိုလ်သမဂ္ဂ ကျောင်းသားသခင်များနဲ့ အတူ သခင်စိုး၊ သခင်ဗတင်(ဂိုရှယ်)စတဲ့ပြင်ပက သခင်များပါဝင်တဲ့ မှိုင်းသခင်အဖွဲ့ဝင်များက ပထမဦးဆုံး ကွန်မြူနစ်ပါတီက လာပ်စည်းလေးတခုကို ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၃၉ သြဂုတ်လ ၁၅ ပါ။ ဒါကိုပဲ နောင်အခါမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပထမ ကွန်ဂရက်လို့ ကွန်မြူနစ်များက သတ်မှတ်ခဲ့ကြပါတယ်။ သြဂုတ် ၁၅ အစည်းအဝေးမှာ သခင်သန်းထွန်း၊ သခင်သိန်းဖေတို့ မပါသေးပါ။ နောက်မှ ပါလာပါတယ်။ သခင်စိုးက နောင်အခါ သဘောတရားခေါင်းဆောင်အဖြစ်နဲ့ နိုင်ငံရေးသင်တန်းတွေ ပို့ချပေးသူ ဖြစ်လာပါတယ်။ ကွန်မြူနစ်သဘောတရားသင်တန်း တက်ရန်လိုအပ်သူများကို သခင်အောင်ဆန်း၊ သခင် သန်း ထွန်းတို့က သခင်စိုးဆီ ပို့ဆောင်ပေးလေ့ရှိပါတယ်။

ကွန်မြူနစ်ဝါဒဟာ အရင်းရှင်နယ်ချဲ့ဝါဒကိုလည်း ဆန့်ကျင်သလို နယ်ချဲ့သမားတို့ရဲ့ ရိုင်းစိုင်းတဲ့ ဖက်ဆစ်ဝါဒကိုလည်း ဆန့်ကျင်ပါတယ်။ ဒါကြောင့်ဒီဝါဒ ကိုင်စွဲသူများကို အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်သူတွေကရော၊ ဂျပန်ဖက်ဆစ်ဆန့်ကျင်သူ တွေကရော တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပါပဲ။ ဒုတိယကမ္ဘာစစ် ဖြစ်စ အင်္ဂလိပ်နယ်ချဲ့သမားတွေ အကျပ်ရိုက်နေဆဲကာလမှာ မြန်မာ့နိုင်ငံရေးသမားများ အထူးသဖြင့် ကွန်မြူနစ်များက “အင်္ဂလိပ်အခက် ဗမာ့အချက်” ဆိုတဲ့ဆောင်ပုဒ်ကြွေးကြော်သံကို ဖော်ထုတ်ခဲ့ကြပါတယ်။ ဒီမှာတင်ပဲ အင်္ဂလိပ်က မြန်မာ့နိုင်ငံရေးသမား သခင်များ၊ ကွန်မြူနစ်များကို သိမ်းကျုံးဖမ်းဆီးပြီး ထောင်သွင်း အကျဉ်းချခဲ့ရာမှာ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်နုစတဲ့ နိုင်ငံရေးသမားများ ထောင်ထဲရောက်ကုန်ကြပြီး သခင်အောင်ဆန်းတယောက်သာ ထွက်ပြေးတိမ်းရှောင်လို့ လွတ်နေခဲ့ပါတယ်။ ဒါကြောင့် သခင်အောင်ဆန်းဟာ သခင် လှမြိုင်(နောင် ဗိုလ်ရန်အောင်) ခေါ်တဲ့ သံလျင်ရေနံချက်စက်ရုံက အလုပ်သမား ခေါင်းဆောင်တဦးကို အဖော်ခေါ်ပြီး ပြည်ပ အကူရှာဖို့ တရုတ်ပြည်ကွန်မြူနစ်ပါတီဆီ ဦးတည် ထွက်ပြေးခဲ့ရာက၊ ဂျပန်ပြည်ကို မတော်တဆ ရောက်သွားခဲ့ရပါတယ်။ သခင်စိုး၊ သခင်ဗဟိန်းတို့လည်း တဖွဲ့စီ တရုတ်ပြည်ကို ထွက်ပေါက်ရှာခဲ့ပေမယ့် မအောင်မြင်ခဲ့ပါ။

သခင်အောင်ဆန်းလည်း “ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ” သဘောထားပြီး၊ မိတဲ့သစ်ကိုင်းကိုပဲ ဖမ်းဆွဲလိုက်ရတဲ့ သဘောနဲ့ ဂျပန်တို့ထံမှာ စစ်သင်တန်းတက်ဖို့ အစီအစဉ်ကို အကောင်အထည်ဖော် လိုက်ရပြီး “ဂျပန်ပြန် ရဲဘော်သုံးကျိပ်” ရယ်လို့ ပေါ်ပေါက်ခဲ့ရပါတယ်။ ရဲဘော်သုံးကျိပ်ထဲက အသက်အငယ်ဆုံးထဲမှာ ဗိုလ်ကျော်ဇော(သခင်ရွှေ)နဲ့ ဗိုလ်ရဲထွဋ်(သ ခင်အောင်သိန်း) တို့ ပါဝင်ပါတယ်။ သူတို့ကို ကျန်ရဲဘော်တွေက ညီငယ်လေးတွေလို ချစ်ခင်စောင့်ရှောက်ခဲ့ကြတယ်။ အားလုံးထဲမှာ နေ့စဉ်မှတ်တမ်း ရေးပြီး၊ ဘယ်လိုစစ်ပညာတွင် သင်ရတယ်လို့ မှတ်တမ်းတင်သူကတော့ တဦးတည်းပဲ ရှိခဲ့ ပါတယ်။ ဗိုလ်ကျော်ဇောခေါ် သခင်ရွှေပါ။ သူဟာ ဆရာဖြစ်သင်တန်းကို စနစ်တကျ တက်ရောက်ခဲ့ရပြီး ကျောင်းဆရာများ အနေနဲ့ နေ့စဉ် “သင်နည်းမှတ်စု” တွေ မရေးမနေ ရေးကြပါတယ်။ (မသင်မီလည်း သင်ရမယ့် သင်ခန်းစာကို စနစ်တကျ ရေးသား ပြင်ဆင်ရပါတယ်။) ဗိုလ်ကျော်ဇောအနေနဲ့ နေ့စဉ်သင်နည်းမှတ်စု ရေးဖြစ်တာဟာ ကျောင်းဆရာအလေ့အထလို့ ဆိုရပါမယ်။ ဒီလို “သင်နည်းမှတ်စု” ရေးသူဖြစ်တာကို ထူးထူးခြားခြား ဖြစ်လို့ ဗိုလ်အောင်ဆန်းနဲ့ ဗိုလ်ကျ်ာကလည်း သတိ ပြုမိခဲ့ဟန် ရှိပါတယ်။ ဒါကြောင့် စစ်သားသစ်တွေကို သင်တန်းပေးစရာ ရှိတိုင်း ဗိုလ်ကျော်ဇောခေါ် ကျောင်းဆရာဟောင်း သခင်ရွှေကို သတိရခဲ့ကြဟန်တူပါတယ်။

သူတို့သင်ရမယ့် စစ်သင်တန်းဟာ နှစ်နဲ့ချီပြီး သင်ရမယ့် သင်တန်းကို (၃) လလောက်နဲ့ ဖုတ်ပူမီးတိုက် သင်ကြရတာဖြစ်လို့ အလွန်ပင်ပန်းကြပါတယ်။ သင်တန်းကို ၁၉၄၁ မေလလယ်လောက်ကနေ စတင်ပါတယ်။ ဂျပန်ဆရာတွေကတော့ ဧည့်သည်တွေအဖြစ် ဗမာစစ်သားတွေကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး နောက်ပိုင်းမှာ လက်အောက်ခံ နိုင်ငံသားတွေ လို ဆက်ဆံစပြုလာခဲ့ကြပါတယ်။ ပါးရိုက်တာမျိုးထိ ဖြစ်လာလို့ တချို့က ပြန်ရိုက်မိတာမျိုးအထိ ဖြစ်ခဲ့ကြရပေမယ့် နောက် ဆုံးတော့ နှစ်ဖက်လုံးက ဖုံးဖုံးဖိဖိနဲ့ ပြီးခဲ့ကြပါတယ်။

သင်တန်းပြီးလို့ ပြန်ကြတော့ စစ်ကြီးပြင်းထန်လှပါပြီ။ ရဲဘော်သုံးကျိပ်တို့ တစုစီ ပြန်ခဲ့ကြပြီး ထိုင်းနိုင်ငံမှာ ခေတ္တ ရပ်နားကြ ပါတယ်။ ထိုင်းနိုင်ငံမှာ ရပ်နားစဉ် စစ်သားအသစ်များကိုလည်း စည်းရုံးလို့ ရလာခဲ့ကြပြီး စစ်သားသစ်တွေ တိုးလာခဲ့ ပါတယ်။ ဒီကတည်းက စစ်သားသစ်တွေကို ဗိုလ်ကျော်ဇောက ၂ လကြာမျှ သင်တန်းပေးလာခဲ့ရပါတယ်။

ဗမာပြည်မှာ သူ့ကျွန်ဘဝရောက်ကတည်းက ဗမာ့တပ်မတော်ဆိုတာ မရှိတော့ပါ။ သူ့ကျွန်ဘဝမှာ လှံတို့၊ ဓားတို့၊ သေနတ် တို့ ကိုင်ခွင့်ဝေးလို့ ခြောက်လက်မ ဓားမြှောင်လေးတောင် ကိုင်ဆောင်ခွင့် မပေးခဲ့ပါ။ ဒီလိုနဲ့ ဗမာ့တပ်မတော်ရယ်လို့ မရှိခဲ့ တာ နှစ်ပေါင်း ၁၀၀ လောက်ကြာခဲ့ပါပြီ။ ခုအခါ ရဲဘော်သုံးကျိပ်တို့ဟာ ဗမာပြည်တွင်းကို ဝင်ပြီးလက်နက်ကိုယ်စီနဲ့ တိုက်ပွဲ ဝင်ကြရပါတော့မယ်။ ဒါပေမဲ့ ဗမာ့တပ်မတော် မဟုတ်ဘူး။ ဂျပန်တွေနဲ့ အတူဝင်ရတော့မှာပါ။ ဒါကြောင့် ဗိုလ်အောင်ဆန်း က “ဗမာ့လွတ်လပ်ရေး တပ်မတော်” (Burma Independent Army) ဆိုပြီး စဖွဲ့လိုက်ပါတယ်။ အတိုကောက် BIA တဲ့။ ဒီလို နှစ်ပေါင်း ၁၀၀ ခန့်အတွင်း မကြုံဖူးတဲ့ အတွေ့အကြုံ အရသာကို သမိုင်းမှာ ပြန်ကြုံရတော့ ဗမာ့စစ်သားတွေ သိပ်ပြီး ပျော်ကြတယ်။ လက်မောင်းသွေးကို ဖောက်ပြီး သစ္စာဆိုကြတယ်။ ဗိုလ်အောင်ဆန်းကို ပခုံးပေါ်ထမ်း မြှောက်လိုက်ချလိုက် လုပ်ပြီး ကစားကြတယ်။ မျက်ရည်ကျအောင် ပျော်ခဲ့ကြပါတယ်တဲ့။ ဗမာ့တပ်မတော်ဖွဲ့တာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ပါ။
အဲဒီကာလမှာ ဂျပန်က အမေရိကန်တို့ရဲ့ ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ပြီး အင်္ဂလိပ်-အမေရိကန် တို့ကို စစ်ကြေညာရင်း ဒုတိယကမ္ဘာစစ်ကြီးထဲကို ဗြောင်ဝင်နွှဲလိုက်ပါပြီ။ အင်္ဂလိပ်ကို တိုက်ဖို့ အင်္ဂလိပ်တွေ အုပ်စိုးနေတဲ့ ဗြိတိသျှဘားမားကိုလည်း ဝင်တိုက်ကြတော့မှာ အသေအချာပေါ့။ ဗမာ့တပ်မတော်ကို ဗမာနာမည်ခံထားတဲ့ ကာနယ်ဆူဇူကီး က စစ်သေနာပတိချုပ် ဗိုလ်မိုးကြိုးတဲ့။ သူ့လက်အောက်မှာ ဗိုလ်ချုပ်အောင်ဆန်းက စစ်ဦးစီးမှူးတဲ့။ ဗမာပြည်ကို တိုက်ပြီးမှ ဗမာပြည်မြောက်ပိုင်း ကနေ အိန္ဒိယနဲ့ တရုတ်ကို ဆက်ပြီးတိုက်မယ်ဆိုတဲ့ စီမံကိန်းကြီးနဲ့ပေါ့။

ဗမာပြည်ကို စစ်ကြောင်းတွေခွဲပြီး တိုက်ရင်း ဝင်ခဲ့ကြတယ်။ ဗိုလ်နေဝင်းကိုတော့ အတွင်းသူပုန်ထဖို့ ဆိုပြီး ကြိုတင်လွှတ် လိုက်ခဲ့တယ်။ အတွင်းမှာ ဘာသူပုန်တွေ ထခဲ့တယ်ဆိုတာ မကြားမသိရတော့ပါ။ ဗမာပြည်ပြန်ရောက်တော့ မူလစရိုက်အ တိုင်း သောက်သောက်စားစား လူမင်းသားပေါ့။ တပ်တွေအားလုံး ဗမာပြည်ထဲ ပြန်ရောက်တော့ အင်္ဂလိပ်တွေနဲ့ မြောက် ပိုင်းကို ဆက်လက်ချီတက် ကြရမယ်။ လူစုမခွဲခင်ခရီးကြားမှာ ဗိုလ်ရန်အောင်က သူ့ရဲ့ညီလေး ဗိုလ်ကျော်ဇောကို ချဉ်း ကပ်ပြီး “ကဲ-ငါတို့ လူချင်းခွဲရတော့မယ်။ ဗမာပြည်ကို ကောင်းမွန်စွာ ပြန်ရောက်ကြလို့ ခင်ဗျားသခင်ဗဟိန်းနဲ့တွေ့ရင် နိုင်ငံရေးသင်တန်း ပေးဖို့ပြောပါ” လို့ တိုက်တွန်းမှာကြားလိုက်ပါတယ်။ သူကတော့ ကွန်မြူနစ်ပါတီဝင်ပြီးသားဆိုတော့ သခင်ဗဟိန်းဆီကို သင်တန်းတက်ပြီးသား ဖြစ်မှာပေါ့။ သဘောကတော့ “မင်း- ကွန်မြူနစ်ပါတီဝင်ပါတော့” လို့ ပြောလိုပုံပါ ပဲ။ ဗိုလ်ကျော်ဇောက စာသမားဆိုတော့ “နိုင်ငံရေးသိချင်ရင် စာအုပ်ဖတ်မှာပေါ့” လို့ ပြန်ပြောလိုက်သတဲ့။ ဒီတော့ ဗိုလ်ရန် အောင်ကြီးက “သင်တန်းတက်ဖို့ တကယ်လိုအပ်လိုပါ” လို့ ထပ်ပြောပါသတဲ့။ ကွန်မြူနစ်ဖြစ်လာဖို့ ကွန်မြူနစ်သင်တန်း တက်ခိုင်းတာပေါ့။

ဗမာပြည်ထဲကိုရောက်တော့ ကျန်တပ်ရင်းတွေက ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်လက်ျာတို့ပါ မြောက်ပိုင်းကို ဆက်လက်ချီ တက်ရင်း အင်္ဂလိပ်ကို ဆက်တိုက်ကြပါတယ်။ ဗိုလ်ကျော်ဇောကိုတော့ ရန်ကုန်မှာပဲ ထားခဲ့ပြီး (၁) စစ်သားသစ်တွေကို စုဆောင်းလေ့ကျင့်ထားပါ။ (၂) ဗိုလ်လောင်းတွေ စုထားပေးပါလို့ တာဝန်ပေးထားခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ရန်ကုန်ပြန်ရောက်တော့ ဗိုလ်ချုပ်ကျော်ဇောကို မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း ဖွင့်ခိုင်းပြီး ကျောင်းအုပ်ခန့်ဖို့ ဗိုလ်ချုပ်အောင်ဆန်းက စီစဉ်နေရာချထားတယ်။ သခင်စိုးက “သူ့ကိုမြေအောက်တော်လှန်ရေးလုပ်ငန်း တွေအတွက် တာဝန်ပေးစရာတွေရှိပါသေးတယ်”။ တခြားလူသုံးပါ ဆိုတာကြောင့် ဗိုလ်ကျော်ဇောဟာ တပ်ရင်း(၄) ပဲခူးကို တာဝန်ယူခဲ့ရပါတယ်။ ပဲခူးတပ်ရင်း(၄) ကို စံပြတပ်ရင်းလို့ ခေါ်တွင်ပါတယ်။ လူသစ်တွေသင်တန်းပေးစရာရှိရင် ဗိုလ်ကျော် ဇောဆီကိုပဲ ပို့ပါတယ်။ ဗိုလ်ချုပ်က တပ်ရင်းအသီးသီးမှ လူတော်(၂၀) ဆီရွေးပြီး ဗိုလ်ကျော်ဇောဆီလွှတ်ပါလို့ အမိန့်ထုတ် တယ်။ တပ်ရင်းအသီးသီးမှ တော်တော်များများကလည်း သူတို့ဆိုဆုံးမလို့ ခက်ခဲတဲ့ လူပေလူတေတွေကိုပဲ လွှတ်ခဲ့ကြလို့ ဗိုလ်ကျော်ဇောမှာ ဒုက္ခပိုပြီးများခဲ့ရပါသတဲ့။ ဗိုလ်ချုပ်ကျော်ဇောလည်း သင်တန်းပေးကောင်းလို့ “စာချိုး” ခံရပါတယ်။ “စံပြ ကိုလည်း မသွားနဲ့၊ မံသကိုလည်း မစားနဲ့။ စံပြသွားရင် ဖားတတ်တယ်(ပင်ပန်းမယ်ပေါ့)၊ မံသခေါ်တဲ့ အမဲသားကို စားရင် ယားတတ်တယ်တဲ့။ ဂျပန်ခေတ်မှာ ဆပ်ပြာခဲတွေကလည်း ရှားပါး၊ အဝတ်အစားကလည်း ရှားပါးတော့ ဝဲတွေပေါက်ကြသ တဲ့။ ဝဲတွေပေါက်တော့ ယားကြတာပေါ့။ အမဲသားစားရင် ပိုယားသတဲ့။

ဒီလိုနေရင်း ဗိုလ်ချုပ်အောင်ဆန်းဟာ ကွန်မြူနစ်ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ပြီး ဖက်ဆစ်တော်လှန်ရေးအတွက် ဂျပန့်မျက်ခုံးမွှေးအောက်ကနေ ကြိတ်ပြီး ကြံစည်ကြိုးစားနေခဲ့ပါတယ်။ သခင်စိုးကြီးဟာ အင်္ဂလိပ်အပြေး ထောင်ကလွတ် လာတော့ ဒေးဒရဲဘက်မှာ အခြေချရင်း ကွန်မြူနစ်ကေဒါများကို သင်တန်းပေးနေခဲ့ပါတယ်။ ဒီကိစ္စကို ဗိုလ်ချုပ်အောင် ဆန်းနဲ့ သခင်သန်းထွန်းစတဲ့ တခြားကွန်မြူနစ်တွေလည်း သိရှိနေကြပါတယ်။ ဖက်ဆစ်တော်လှန်ရေး မဖြစ်မနေ လုပ်ကြ တော့မယ်လို့ ကြံစည်တော့ ဗိုလ်ချုပ်အောင်ဆန်းက သခင်သန်းထွန်းနဲ့ တိုင်ပင်ပြီး သခင်စိုးနဲ့ ဆက်သွယ်ပါတယ်။ သခင်စိုး နဲ့ ဆွေးနွေးဖို့နေရာကို ပဲခူးစံပြတပ်ရင်း(၄) ဗိုလ်ချုပ်ကျော်ဇောရဲ့ နေအိမ်မှာ တွေ့ဆုံဆွေးနွေးကြဖို့ စီစဉ်ပါတယ်။ ဗိုလ် ကျော်ဇောကို သခင်စိုးဆီ လွှတ်ပြီးသွားရောက် ခေါ်ခိုင်းပါတယ်။ သခင်စိုးက ခုလာတဲ့ကိစ္စကို သခင်အောင်ဆန်းတို့နဲ့ တိုင်ပင်ပြီးပြီ။ ခုအခါ တလလောက် မအားသေးဘူး။ ကွန်မြူနစ်သဘောတရားရေးသင်တန်းတခုပြီးအောင် စောင့်ပါ။ ဗိုလ် ကျော်ဇောလည်း သင်တန်းတက်ပါလို့ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ စီစဉ်ထားပြီးပြီဖြစ်ကြောင်း ပြောပြပါတယ်။ ဒီလိုနဲ့ ဗိုလ်ကျော်ဇောဟာ သခင်စိုးထံမှာ ကွန်မြူနစ်သဘောတရား သင်တန်းကို တက်ခဲ့ရပါတယ်။ သင်တန်းတက်ပြီးတော့ သူလည်းတပါတည်း ကွန်မြူနစ်ပါတီဝင်ဖြစ်သွားခဲ့ပါတယ်။ အဲဒါ ၁၉၄၄ ပါ။ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဂွကလေးရွာမှာ ပြုလုပ်တဲ့ သခင်စိုးရဲ့ ကွန်မြူနစ်သဘောတရားရေးသင်တန်း တက်ခဲ့ရပုံနဲ့ ပတ်သက်ပြီး ခုလိုမှတ်ချက် ရေးပါတယ်။

“သင်တန်းမှာ ကျွန်တော်မှတ်မိသလောက် အနုပဋိလောမကျမ်း၊ မာ့က်စ်ဝါဒ ကျမ်းငယ်ကို စတင်ပို့ချရာ(၂) ရက်မျှကြာ သောအခါ သခင်စိုးမှာ များစွာကျမ်းကျေပြီး အပြောအဟော ကောင်းသဖြင့် ကျွန်တော်တို့ မကြားဖူးသော စကားများ ကြောင့် များစွာအံ့သြပြီး အထူးစိတ်ပါလက်ပါ လိုက်နာမှတ်သား၍ နေပါတော့သည်။ ကျွန်တော်တို့သည် သင်တန်းတွင် နစ်မွန်းပြီး ဘဝသစ်တခုသို့  ရောက်နေသည် ထင်ရပါသည်။ ကျွန်တော်တို့သည် သခင်စိုး၏ သင်တန်းတွင် မျောပါသွားကြ ပါသည်” တဲ့။

သင်တန်းတက်ဆဲ ဂျပန်တွေ သူတို့သင်တန်းပေးနေတဲ့ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာကြပေမယ့် အိမ်အပေါ် ထပ်မှာ ပုံးကွယ်နေကြလို့ ဂျပန်ဘေးရန်က လွတ်ခဲ့ကြပေမယ့် တနေရာကို ပြောင်းရွှေ့ပြီး သင်တန်းပေးပါတယ်။ သင်တန်း မှာ လူတို့ရဲ့ သမိုင်းအဆင့်ဆင့် တိုးတက်ပြောင်းလဲလာပုံကို လူတို့ရဲ့ ဆင့်ကဲဖြစ်စဉ်သမိုင်းက အစပြုပြီး (၁) ကျေးကျွန်စနစ် (ကျေးပိုင်ကျွန်ပိုင်စနစ်) (၂) ဘုရင်တွေအုပ်စိုးတဲ့ မြေရှင်ပဒေသရာဇ်စနစ် (၃) အရင်းရှင်ဒီမိုကရေစီခေတ်ရယ်လို့ ခုအခါ လူ့သမိုင်း ခေတ်ကြီး သုံးခေတ် သုံးဆင့်ပြောင်းခဲ့ပြီဖြစ်ကြောင်း။ နှိုင်းယှဉ်ကြည့်လျှင် တခေတ်ပြီးတခေတ်တိုးတက်လာတာ ဖြစ်ပေမယ့် အရင်းရှင်ခေတ်မှာလည်း ငွေရှိသူလူတန်းစားက ပစ္စည်းမဲ့အလုပ်သမားလူတန်းစားကို ခေါင်းပုံဖြတ်အမြတ်ကြီး စားနေလို့ ချမ်းသာဆင်းရဲ ကွာဟမှုအလွန်ကြီးနေဆဲဖြစ်ကြောင်း ရှေ့ဆက်ပြီးတိုက်ပွဲဝင်သွားကြရင်း အရင်းရှင်တွေရဲ့ လက်ဝါးကြီးအုပ် ခေါင်းပုံဖြတ်မှုကင်းတဲ့ ကွန်မြူနစ် ဘုံစနစ်ကို တနေ့နေ့မှာ မုချရောက်မှာဖြစ်ကြောင်းကို ဆိုဗီယက်ရုရှား ပြည်ကြီးဟာ သိသိသာသာ တိုးတက်လာခဲ့ပြီး၊ တရုတ်ပြည်ကွန်မြူနစ်ပါတီ အာဏာရလာလို့ တရုတ်ပြည်ကြီး တိုးတက် လာခဲ့ပြီဖြစ်ကြောင်း၊ ကမ္ဘာ့အရင်းရှင် နယ်ချဲ့သမားအုပ်စုကလည်း ကွန်မြူနစ်စနစ်ကို အသေအလဲ ခုခံတိုက်ခိုက်မှာဖြစ်ပေ မယ့် ကမ္ဘာ့တော်လှန်ရေးလမ်းကြောင်းမှန်ကို မည်သည့်အင်အားကမှ ရေရှည်တားဆီးမထားနိုင်ဘဲ တော်လှန်ရေးရဲ့  နိယာ မတရားအရ ကွန်မြူနစ်တို့ကသာ အနာဂတ်မှာ မုချအောင်ပွဲခံမှာဖြစ်ကြောင်း သခင်စိုးက သင်တန်းပို့ချသွားခဲ့ပါတယ်တဲ့။ နောက်ပေါက် အရင်းရှင်နယ်ချဲ့သမားဖြစ်တဲ့ ဂျပန်ဖက်ဆစ်ဝါဒအကြောင်း၊ ဂျပန်ဖက်ဆစ်တော်လှန်ရေးကိုလည်း ဆက် လက်သင်တန်းပေးသွားခဲ့ကြောင်းဆိုပါတယ်။

“ဤနိုင်ငံရေးသင်တန်း၏ အဓိကအချက်မှာ ကျွန်တော်တို့၏ လူမှု့ဘဝအမြင်ကို အကြီးအကျယ်ပြောင်းလဲသွားစေခြင်း ဖြစ်ပါသည်”တဲ့။

“ထို့ပြင် ဤကမ္ဘာကြီးကို ကွန်မြူနစ်ကမ္ဘာကြီးဖြစ်အောင် တော်လှန်ပြောင်းလဲရေးအတွက် ကျွန်တော်တို့ပါဝင်ကြမည်။ ကျွန်တော်တို့သည် မြန်မာပြည်သားများဖြစ်၍ ပထမဆုံး ကွန်မြူနစ်ဗမာပြည်ဖြစ်အောင် မိမိတို့ပါဝင်လုပ်ဆောင်ကြမည် လူ့ဘဝတွင် ကွန်မြူနစ်ဖြစ်ရခြင်းသည် အမွန်မြတ်ဆုံးသော ဘဝကြီး ဖြစ်ပေသည်ဟု ယူဆလာကြခြင်း ဖြစ်ပါသည်။ ဤသို့ဖြင့် ကျွန်တော်တို့သည် ဗမာပြည်ကွန်မြူနစ်ပါတီဝင်များ ဖြစ်လာပါတော့သည်” - တဲ့။ ဒါက ဗိုလ်ချုပ်ကျော်ဇော ကိုယ်တိုင်  သူ့ရဲ့ အတ္ထုပ္ပတ္တိမှာ ရေးသားမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ (“ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့”စာအုပ်၊ စာ မျက်နှာ ၇၇။ “ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်လာပုံ” စာမျက်နှာ ၈၂ အထိ) အဲသလို ၁၉၄၄ မှာ သခင်စိုးရဲ့ ကွန်မြူနစ် သဘောတရားရေး သင်တန်းကို တက်ပြီးနောက် ဗိုလ်ကျော်ဇောတို့ဟာ သခင်စိုးကိုလည်း သူတို့လို ဘီအိုင်အေ စစ်ဝတ်စုံ ဝတ်ပြီး ပဲခူးစံပြတပ်ရင်းရှိ ဗိုလ်ကျော်ဇောအိမ်ကို ခေါ်လာခဲ့ကြပါတယ်။ ဗိုလ်ကျော်ဇောရဲ့ အိမ်၊ ဗိုလ်ကျော်ဇောရဲ့ အိပ်ရာ ခုတင်ပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့သခင်စိုး တနေကုန် သုံးရက်ကြာ ဆွေးနွေးကြပြီး “ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး” (ဖတပလ) ဖွဲ့စည်းတဲ့ကိစ္စ ကြေညာချက်ထွက်တာအပါအဝင် အားလုံးစီမံကိန်း ချခဲ့ကြပါတယ်။ ဗိုလ်ကျော် ဇောက အပြင်ကနေပြီး  ဂျပန်တပ်တွေ ဝင်လာမယ်ဆိုရင် သူကိုယ်တိုင် ဗိုလ်ချုပ်အောင်ဆန်းကို အသက်ပေးကယ်ထုတ် သွားဖို့၊ သခင်စိုးပြေးလမ်းစသည်တို့ကိုလည်း ကြိုတင်ပြင်ဆင်စောင့်ကြပ်ပေးခဲ့ပြီး ဆွေးနွေးပွဲပြီးတဲ့အခါ သခင်စိုးကို ပြန်ပို့ခဲ့ ကြပါတယ်။ ဒါပေမဲ့ဗိုလ်ကျော်ဇောအတွက် အန္တရာယ်ရှိလာလို့ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ကျော်ဇောကို ရန်ကုန်ခေါ်ထား ခဲ့ပြီး ပြန်မလွှတ်တော့ပါ။

နောက်မကြာခင် ဖက်ဆစ်တော်လှန်ရေး အကောင်အထည်ဖော်ရာ ဗိုလ်ချုပ်အောင်ဆန်းပဲ ဖတပလ(နောင် ဖဆပလ) ခေါင်းဆောင်များ အစည်းအဝေးလုပ်ပြီး ၃ ရက်အကြာမှာ (၁) ဗမာ့တပ်မတော် (၂) ပြည်သူ့အရေးတော်ပုံပါတီ(နောင် ဆိုရှယ်လစ်ပါတီ) (၃) ကွန်မြူနစ်ပါတီတို့က ကိုယ်စားလှယ်တွေ ပါဝင်ကြပြီး စစ်တိုင်းကြီး (၇) တိုင်း ခွဲခြားဖွဲ့စည်းပြီး တာဝန်ယူခဲ့ကြပါတယ်။ ထပ်ဖြည့်ပြီး စစ်တိုင်း(၃) ခု ဖြည့်လိုက်လို့ စစ်တိုင်းကြီး ၁၀ တိုင်း ဖြစ်လာခဲ့ပါတယ်။ တိုင်း ၁၀ တိုင်းကို အောက်ပါအတိုင်း ခွဲဝေဦးဆောင်ကြရတယ်။ ဖတပလအဖွဲ့ချုပ်မှာ အာဏာပိုင် အဖွဲ့ဝင် ၃ ဦးတင်မြှောက်ထား တယ်။
(၁) နိုင်ငံရေးခေါင်းဆောင်- သခင်စိုး        
(၂) စစ်ရေးခေါင်းဆောင် - ဗိုလ်ချုပ်အောင်ဆန်း (၃) နိုင်ငံခြားဆက်သွယ်ရေးခေါင်းဆောင်-သခင်သန်းထွန်း

တော်လှန်ရေးစစ်တိုင်းကြီး (၇) တိုင်းဖွဲ့တယ်။ နောက်ထပ် စစ်တိုင်း (၃) တိုင်း ထပ်တိုးတယ်။

 တိုင်း (၁) ပြည်၊ သာယာဝတီ၊ အင်းစိန်နှင့် ဟင်္သာတအရှေ့ပိုင်းခရိုင်များ စစ်ရေးခေါင်းဆောင်-ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံရေးခေါင်းဆောင်-သခင်ဗဟိန်း
တိုင်း (၂) ဟံသာဝတီ၊ ဖျာပုံ၊ မအူပင် ခရိုင်များ စစ်ရေးခေါင်းဆောင်-ဗိုလ်မှူးကြီးနေဝင်း၊ နိုင်ငံရေးခေါင်းဆောင်-သခင်စိုး
တိုင်း (၃) ပုသိမ်၊ ဟင်္သာတ(အနောက်) နဲ့ မြောင်းမြခရိုင်များ စစ်ရေးခေါင်းဆောင်-ဗိုလ်မှူးကြီးစောကြာဒိုး၊ နိုင်ငံရေးခေါင်းဆောင်-မရှိ
တိုင်း (၄) ပဲခူး၊ ရွှေကျင်၊ သထုံနဲ့ တောင်ငူတောင်ပိုင်းခရိုင်များ စစ်ရေးခေါင်းဆောင်-ဗိုလ်မှူးကျော်ဇော၊ နိုင်ငံရေးခေါင်းဆောင်-သခင်ချစ်
တိုင်း (၅) မော်လမြိုင်၊ ထားဝယ်နဲ့ မြိတ်ခရိုင်များ စစ်ရေးခေါင်းဆောင်-ဗိုလ်ကြီးတင်ထွန်း၊ နိုင်ငံရေးခေါင်းဆောင်-သခင်ဗသိန်းတင်
တိုင်း (၆) မိတ္ထီလာ၊ ပျဉ်းမနား၊ တောင်ငူနဲ့ တောင်ပိုင်းရှမ်းပြည်ခရိုင်များ စစ်ရေးခေါင်းဆောင်-ဗိုလ်မှူးရဲထွဋ်၊ နိုင်ငံရေးခေါင်းဆောင်-ဦးကျော်ငြိမ်း
တိုင်း (၇) သရက်၊ အာလံ၊ မကွေး၊ မင်းဘူး ခရိုင်များ စစ်ရေးခေါင်းဆောင်-ဗိုလ်မှူးအောင်၊ နိုင်ငံရေးခေါင်းဆောင်-သခင်တင်မြ
အထူးဒေသများ (၁) ရခိုင်တိုင်း၊ စစ်ရေးခေါင်းဆောင် -ဦးညိုထွန်း၊ နိုင်ငံရေးခေါင်းဆောင်- ဦးညိုထွန်း (၂) အထက်ဗမာပြည်၊ စစ်ရေးခေါင်းဆောင်-ဗိုလ်ဗထူး၊ နိုင်ငံရေးခေါင်းဆောင်- ကိုစံညွန့် (၃) ရန်ကုန်တိုင်း၊ စစ်ရေးခေါင်းဆောင်-ဗိုလ်မှူးခင်ညို၊ နိုင်ငံရေးခေါင်းဆောင်-ကိုကျော်ငြိမ်း(အာအီးတီ) (ကိုဗဆွေက ရန်ကုန်တိုင်းတာဝန်ခံအဖြစ် ဆောင်ရွက်ရန်)

အဓိက စစ်တိုင်းကြီး (၇) တိုင်းဖွဲ့ရာမှာ စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင် ၁၃ ယောက်ပါဝင်ပါတယ်။ ကွန်မြူနစ် (သခင်ချစ် ပါတွက်ရင်) ၈ ယောက်ပါဝင်နေပါတယ်။ အဓိကအာဏာပိုင် ခေါင်းဆောင်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ သခင် သန်းထွန်း  ၃ ဦးထဲက၊ တိုင်း ၇ တိုင်း စစ်ရေးနိုင်ငံရေး ခေါင်းဆောင်စာရင်းထဲမှာ သခင်သန်းထွန်း ပျောက်နေပါတယ်။ နိုင်ငံခြားမဟာမိတ်များနဲ့ ဆက်သွယ်ရေးကို (သခင်သိန်းဖေကတဆင့်) သီးသန့်ဆောင်ရွက်နေဟန်ရှိပါတယ်။
နောက်ထူးခြားချက်က ဗိုလ်ချုပ်အောင်ဆန်းဟာ ဖက်ဆစ်တော်လှန်ရေးမှာ စစ်ရေးနဲ့ နိုင်ငံရေး ခေါင်းဆောင်(၂) ဦးစီ ခန့်အပ်ပြီး တိုင်းအလိုက်တာဝန်ပေးရုံနဲ့ အားမရဘဲ တပ်မတော်တပ်အသီးသီးကို ဝင်ရောက်ပြီး ကွန်မြူနစ်ပါတီက ကေဒါ တွေက တပ်မှူးတပ်ကြပ်တွေ နိုင်ငံရေးနားလည်စေဖို့ နိုင်ငံရေးသင်တန်း ပေးခိုင်းတာဖြစ်ပါတယ်။ ဒီလိုစီစဉ်တာဟာ တရုတ်ပြည်မှာ ကွန်မြူနစ်တွေ ဖက်ဆစ်တော်လှန်ရေး လုပ်တုန်းက အစီအစဉ်နဲ့ ဆင်တူနေသလားလို့ စဉ်းစားမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအစီအစဉ်ကြောင့် တပ်တွင်းမှာ ပိုပြီး စည်းကမ်းကောင်းလာတယ်လို့ ဆိုပါတယ်။ ပရမ်းပတာ လူငယ် မျိုးစုံ၊ စရိုက်မျိုးစုံကို စုပေါင်းထားရတာကို အုပ်ချုပ်ရတာ ဘာလုပ်ငန်းလုပ်လုပ် မလွယ်ပါဘူး။ ခုလိုသဘောတရား သင်တန်းပေးလိုက်တဲ့အခါ နိုင်ငံရေး အသိကြွယ်လာပြီး ငါတို့အသက်စွန့်ပြီးတိုက်နေတာဟာ ဗမာပြည်သူတွေ တပြည်လုံး အဖိနှိပ်ခံဘဝက လွတ်မြောက်ရေးအတွက်ပါလားလို့ အသိစိတ်ဓာတ်ဝင်ပြီး တည်ငြိမ်သွားစေပါတယ်။ ဂျပန်လူဆိုးတွေကို တိုက်တာဟာ နိုင်ငံရေးသဘောအရ ဖက်ဆစ်ဝါဒ၊ အကြမ်းဖက်နယ်ချဲ့ဝါဒကို တိုက်နေကြတာပါလားလို့လည်း အသိဝင်လာ ရပါတယ်။ ဒါကို ဗိုလ်ကျော်ဇော သဘောပေါက်ပါတယ်။

ဒီလိုပြည်သူတွေအတွက် တော်လှန်စစ်ပွဲ ဆင်နွှဲကြရာမှာ ဆင်ခြင်ရမယ့် အချက် (၂) ချက်ကိုလည်း အားလုံးသိအောင် ကြေညာထားပါတယ်။(၁) ရန်သူနဲ့တိုက်တဲ့အခါ ပြည်သူတွေနေတဲ့ ရပ်ထဲရွာထဲကနေ တိုက်ခိုက်တာကို ရှောင်ရှားရမယ်။ (၂) ဘယ်လောက်ငတ်ပြတ်နေနေ ပြည်သူတွေရဲ့ ကောက်ပဲသီးနှံတွေကို ဖျက်ဆီး သိမ်းယူစားသောက်တာမျိုးကိုလည်း ရှောင်ကြဉ်ရမယ်ဆိုတာပါပဲ။ (အစိုးရစစ်တပ်က ပြည်တွင်းစစ်ကာလမှာ ရွာကိုမီးရှို့ ၊ပစ္စည်းယူ၊ မုဒိမ်းကျင့်တာတွေ လုပ်တတ်ပုံကို နယ်တွေမှာ ကြားမြင်တွေကြုံခဲ့ရဖူးပါတယ်။

ခုဗိုလ်ကျော်ဇောတို့ရဲ့ တပ်ရင်း (၄) တာဝန်ကျတဲ့နယ်မြေဟာ ပုလင်းလည်ပင်းလို ဂျပန်စစ်တပ်တွေရဲ့ ပြေးလမ်းကျနေတယ် ဆိုပါတယ်။ စစ်တောင်းမြစ်ဝှမ်းဒေသပါ။ မော်လမြိုင်ဘက်ကို ထွက်တဲ့လမ်းကြောင်းပါ။ ဒါကြောင့် ဗိုလ်ချုပ်ကျော်ဇောရဲ့ တပ်များဟာ တတပ်ပြီးတတပ် ဝင်လာနေတဲ့ ဂျပန်တပ်တွေနဲ့ အများဆုံးရင်ဆိုင် တိုက်ခိုက်ရတဲ့ ဒေသဖြစ်နေပါတယ်။ တိုင်း (၄) မှာ တပ်ရင်း (၉) ရင်းရှိရာမှာ တပ်ရင်းတရင်းမှာ တပ်သားအင်အား ၅၀၀ နဲ့ ၁၀၀၀ ကြားရှိပါတယ်။ ဒီတပ်ရင်း(၉) ရင်းကို တာဝန်ကျရာ အရပ်(၉) နေရာခွဲပြီးလွှတ်တဲ့အခါ ဂျပန်တပ်တွေကို ဖြတ်သွားရတာဖြစ်လို့ အလွန်အန္တရာယ်ကြီး တယ်လို့ ဆိုပါတယ်။ တချို့ကို ဂျပန်တွေမိသွားလို့ အငတ်ထား နှိပ်စက်နည်းအမျိုးမျိုးနဲ့ မသေမရှင်နှိပ်စက်ပြီးမှ မြောင်းထဲ ချောင်းထဲ ပင်လယ်ထဲကို ပစ်ချလိုက်တာမျိုးလည်း ရှိပါတယ်။ ဂျပန်တွေရဲ့ ထွက်ပေါက်ဖြစ်နေလို့ မီးရထားလမ်း၊ ကားလမ်း တွေ တံတားတွေဖြတ်တောက် ဖျက်ဆီးတာတွေလည်း လုပ်ကြရပါတယ်။ ဒီလိုဆောင်ရွက်တဲ့အတွက် ဂျပန်တွေမှာ မြန်မြန် ဆုတ်ပြေးလို့မရဘဲ ပြောက်ကျားတပ်တွေရဲ့ လိုက်လံသတ်ဖြတ်တာကို ခံကြရပါတယ်။ မဟာမိတ်တပ်တွေက ဗမာ့ပြောက် ကျားတပ်တွေရဲ့ တိုက်ခိုက်ပုံကို အနီးကပ် လိုက်ပါကြည့်ရှုပြီး ချီးကျူးကြရတယ်လို့ ဆိုပါတယ်။ ဒါတွေကြောင့်လည်း ဗမာ့ လွတ်လပ်ရေးတိုက်ပွဲကို စစ်ရေးနဲ့ ဖိနှိပ်နှိမ်နင်းဖို့ ဆက်မကြိုးစားကြတော့ဘဲ စေ့စပ်ဆွေးနွေးပြီး ဈေးဆစ်ဖို့ပဲ ဆက် လက်ကြိုးစားကြတာ ဖြစ်ပုံရကြောင်း  ဗိုလ်ချုပ်ကျော်ဇောက မှတ်ချက်ချပါတယ်။ သူတို့ဟာ ဂျပန်တပ်တွေကို လမ်း ၃ လမ်းခွဲပြီး တိုက်ခိုက်ခဲ့ရာ ရက်သတ္တ (၂) ပတ်လောက်အတွင်းမှာပဲ ဂျပန် ၈၀၀ လောက်ကို သတ်ဖြတ်နိုင်ခဲ့ပြီး ဂျပန် ၂၇၁ ယောက်ကို ဒဏ်ရာ အကြီးအကျယ်ရစေခဲ့ရာမှာ ဘုရင့်သူရဲကောင်းတံဆိပ်ရ ကာနယ်အဆင့် ဗိုလ်မှူးကြီးတယောက် ပါဝင်ခဲ့ပြီး မော်တော်ကားတွေကိုလည်း အများကြီး ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ဂျပန်တွေဟာပဲခူးရိုးမမှာ ကျန်နေတဲ့ သူတို့တပ်ကို ကယ်တင်ဖို့ စစ်တောင်းမြစ်တဖက်ကမ်းကို လွတ်အောင်ကူးထားတဲ့ ဂျပန်ဒီဝီဇံတပ်မကြီး (၂) တပ်ကို ပြန်လွှတ်ပါတယ်။ ဗမာ့တပ်က အင်အား ၅၀၀ လောက်သာရှိပြီး ဂျပန်က အင်အား တစ်သောင်းလောက်နဲ့ ဝိုင်းဝန်းပိတ်ဆို့ ချေမှုန်းတာဖြစ်ပါတယ်။ ဒါကိုဖောက်ပြီး ဆုတ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းက အမိန့်ပေး တော့ ဖောက်ထွက်ခဲ့ရာမှာ အလွန်ခက်ခဲပါတယ်။ တချို့ရုပ်ဖျောက်ထားခဲ့ရပြီး တချို့ကို ဖမ်းမိလို့ နှိပ်စက်သတ်ဖြတ်ခံခဲ့ကြ ရပါတယ်။ ရပ်ရွာတွေကိုလည်း ဝင်မွှေ၊ လုယက်၊ မီးရှို့၊ မုဒိန်းကျင့်စသဖြင့် အကြမ်းဆုံးအရမ်းဆုံး လုပ်ဆောင်တာတွေခံခဲ့ကြ ရပါတယ်။ နောက်ဆုံးမှာ ပဲခူးတိုင်းဘက်အတွင်း တိုက်ပွဲပေါင်း ၃၂၄ ပွဲ၊ ရဲဘော် ၇၆ ယောက်ကျဆုံးပြီး ၇၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ စာရင်းချုပ်ပါတယ်။ တပြည်လုံး ဂျပန် ၂ သောင်းလောက် ကျဆုံးတဲ့အနက် ပဲခူးတိုင်းမှာ ၂၇၇၄ ယောက်ကျဆုံး၊ ၁၁၈၄ ယောက် ဒဏ်ရာရ၊ ၂၅ ယောက် သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုအောင်ပွဲဆင် နိုင်တာဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကွန်မြူနစ်ပါတီတို့ရဲ့ ခေါင်းဆောင်မှု၊ ပြည်သူတို့ရဲ့ ထောက်ခံပါဝင်မှု၊ ကမ္ဘာ့ဖက်ဆစ် တော်လှန်ရေးတိုက်ပွဲနဲ့လည်း ဆက်စပ်နေမှု စတဲ့အကြောင်းအချက်တွေ ပါဝင်ပါတယ်။ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး သ မိုင်းမှာ ယူဂိုစလပ်ပြီးရင် ဗမာတို့ရဲ့ ဖက်ဆစ်တော်လှန်ရေးဟာ အပြောင်မြောက်ဆုံးပဲလို့ အသိအမှတ်ပြုကြရပါတယ်။
ဖက်ဆစ်တော်လှန်ရေးပြီးတော့ အဖြစ်အပျက်တွေဟာ သိပ်မြန်တယ်ဆိုရမယ်။ ဗိုလ်ချုပ်အောင်ဆန်းက လုပ်သင့်လုပ် ထိုက်တာတွေကို မလစ်ဟင်းရဘူး။ အမြန်လုပ်တယ်။ ဘိလပ်ကိုသွားပြီးလွတ်လပ်ရေးအတွက် အရေးဆိုတယ်။ ဗမာ့တပ်မ တော်ဖွဲ့စည်းရေးအတွက် သီဟိုဠ်ကို သွားတယ်။ ဘကြီးဘဖေ၊ ဒေါက်တာဘမော်၊သခင်ဗစိန်၊ ဂဠုန်စောစတဲ့  နိုင်ငံရေး သမားလက်ဟောင်းကြီး တွေကိုလည်း တတ်နိုင်သမျှညှိနှိုင်းတယ်။ ဒီးဒုတ်ဦးဘချို၊ သခင်မြတို့လို သက်ကြီးဝါကြီးတွေကို ဖဆပလထဲမှာထည့်ထားတယ်။ မွတ်စလင်၊ ခရစ်ယန်တွေပါသလို၊ တိုင်းရင်းသားတွေလည်းပါဝင်ပြီး၊  ဆိုရှယ်လစ်၊ ကွန်မြူ နစ်တွေ ပါဝင်စေတယ်။ ပင်လုံစာချုပ်လို တိုင်းရင်းသား စည်းလုံးရေးအတွက် အရေးကြီးတဲ့စာချုပ်မျိုးလည်း ချုပ်ဆို နိုင်ခဲ့တယ်။ ဒါပေမဲ့ လွတ်လပ်ရေးအတွက် အတူလုပ်ခဲ့တဲ့ ကွန်မြူနစ်တွေနဲ့ ကွဲပြဲသွားခဲ့ကာ ဖဆပလက ကွန်မြူနစ်တွေ ကွဲထွက် သွားပြီး၊ ကွန်မြူနစ်တွေက အနီနဲ့အဖြူ ကွဲထွက်သွားခဲ့တယ်။ သခင်စိုးက သူပုန်ဖြစ်သွားခဲ့တယ်။ ဗိုလ်ချုပ် အောင် ဆန်းက တွဲချင်းတွဲရင် ကွန်မြူနစ်တွေနဲ့ပဲ လက်တွဲမယ်လို့ ကြေညာလိုက်တယ်။ ဒါကို ဗြိတိသျှအစိုးရ အကြောက်ဆုံးပါပဲ။ ဗိုလ်ချုပ်ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းတို့ကို လုပ်ကြံတာဟာ ဗြိတိသျှအစိုးရပဲလို့ တရားခံအစစ်အမှန်ကို တွက် ချက်ဖော်ထုတ်ပြခဲ့တာဟာလည်း အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ သမိုင်းရေးကြရင် ဂဠုန်စောက လုပ်ကြံတယ်လို့ပဲ ရေးနေဆဲပါပဲ။

ကွန်မြူနစ်နဲ့ ဖဆပလကွဲတာ ဆိုရှယ်လစ်ဦးကျော်ငြိမ်းက ဖက်ဆစ်တော်လှန်ရေးမှာ ဗိုလ်ချုပ်အောင်ဆန်းပေးတဲ့ တာဝန်ကို လုံးဝရှောင်လွှဲနေပေမယ့် လွတ်လပ်ရေးရတော့ ဝန်ကြီးဖြစ်လာခဲ့တယ်။ ဆိုရှယ်လစ်က ကွန်မြူနစ်ကို ကန်ထုတ်ခဲ့တယ်။ ဒီ မှာပြည်တွင်းစစ်ကြီးဖြစ်သွားခဲ့တာ နှစ်ပေါင်း ၅၀-၆၀ ကျော်သွားပေမယ့် မပြီးတော့ဘူး။ စစ်ကြီးဖြစ်တော့ တပ်မတော်လည်း ကွဲရတယ်။ တပ်မတော်မှာက ကွန်မြူနစ်တို့ ပြည်သူ့ရဲဘော်တို့လည်း ပါဝင်ခဲ့တာကိုး။ ကွန်မြူနစ်တွေ တောခိုတော့ ကွန်မြူ နစ်ခေါင်းဆောင်တွေက တပ်မတော်ထဲက ဗိုလ်မှူး၊ တပ်မှူးတွေကို ထွက်ခဲ့ကြဖို့ ဆင့်ခေါ်လိုက်တယ်။ ဗိုလ်ရန်အောင်၊ ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်တာရာစတဲ့ ကွန်မြူနစ်ဗိုလ်ချုပ်တွေ ကွန်မြူနစ်ထဲကို ပါသွားကြတယ်။ တယောက်တည်းပဲ ကျန်တာကတော့ ဗိုလ်ကျော်ဇောပါ။ နာမည်ကြီးတဲ့ ဗိုလ်ကျော်ဇောပါ။ ဗိုလ်ကျော်ဇောက အဆုပ်ရောဂါဖြစ်လို့ ခွင့် ၆ လယူ ပြီး မိတ္ထီလာမှာ သွားရောက် အနားယူရင်း ဆေးကုသမှုခံယူနေတဲ့ကာလပါ။ ကွန်မြူနစ်ပါတီတို့ရဲ့ ထုံးစံက အထက်က ညွှန်ကြားချက်ကို လိုက်နာရပါတယ်။ ဗိုလ်ကျော်ဇောက မလိုက်နာဘူး။ သူ့ဆင်ခြေနဲ့သူ မသွားဘဲ နေတယ်။ တချို့ ကွန်မြူ နစ်ခေါင်းဆောင်တွေက သူ့ကိုထုတ်ပစ်ဖို့ အကြံပေးကြသတဲ့။ သခင်သန်းထွန်းက မထုတ်စေချင်လို့ ထုတ်မပစ်ခဲ့ဘဲ ဗိုလ်ကျော်ဇောဟာ တပ်ထဲမှာ တသက်လုံး ဆိုသလို ကွန်မြူနစ်အဖြစ်နဲ့ နေသွားခဲ့တယ်။ သူ့ဆင်ခြေက အဆုပ်ရောဂါကြီး နဲ့ တောခိုရင် စစ်မတိုက်နိုင်ဘဲ တောထဲမှာ ပါတီကို ဒုက္ခအပိုဖြစ်စေမယ်။ သူ့ဆုံးဖြတ်ချက်ကလည်း သူ့ဘက်က မှန်ပါ တယ်။ ဒါပေမဲ့ ပါတီတရပ်အနေနဲ့ကတော့ ပါတီဆုံးဖြတ်တဲ့ တာဝန်ပေးတာကို ငြင်းဆန်ရတဲ့ ထုံးစံမရှိဘူး။ နောင်အခါ ပြန်ပြီး သူ့ဖာသာ ဝေဖန်ရေးလုပ်ပါတယ်။ ပါတီဝင်တယောက်အနေနဲ့ ပါတီခေါ်တာကို မသွားတာဟာ သူ့အမှားပါလို့ ဝန်ခံ တယ်။ ကွန်မြူနစ်အဘိဓာန်မှာမရှိတဲ့ စကားလုံးနဲ့ သူ့ကိုယ်သူ ဝေဖန်ရေးလုပ်ခဲ့ပါတယ်။ “တကိုယ်တော် ကွန်မြူနစ်”တဲ့။ ပါတီကလာပ်စည်းတခုထဲမှာ သဘောတရားဆွေးနွေးတာ၊ ဝေဖန်ရေးလုပ်တာတွေ သူ့ခမျာ အတွေ့အကြုံမဖြတ်သန်းခဲ့ရ ဘူး။ ဒါကြောင့်သူ့ဆင်ခြေနဲ့သူ။ သူမှန်တယ်လို့ ထင်ခဲ့တယ်။ တကယ်က သူဟာ သာမန်ပါတီဝင်မဟုတ်ဘူး။ ၁၉၄၅ ခုနှစ်၊ ဒုတိယပါတီကွန်ဂရက်မှာ ဗဟိုကော်မတီအဖြစ် ရွေးချယ်ခံထားရသူဖြစ်ပါတယ်။ ဒါလည်း သူပြောသလို တကိုယ်တော် ကွန်မြူနစ်ဘဝနဲ့ ဖြတ်သန်းခဲ့ရလို့ သူတောမခိုဖြစ်ဘူး။ သူကွန်မြူနစ်ဆိုတာ စစ်တပ်အကြီးအကဲ ဗိုလ်နေဝင်းကလည်း ရိပ်မိ သိရှိပြီးသားဖြစ်ပေမယ့် သူ့အတွက်အန္တရာယ်မရှိသူဖြစ်တာ သေချာလို့ အသာမှေးထားပြီး တရုတ်ဖြူတိုက်ထုတ်ရေးလို သူ့လူတွေ မစွမ်းဆောင်နိုင်တဲ့ အရေးကြုံမှ ထုတ်သုံးတာမျိုး လုပ်တယ်လေ။ နောက်ဆုံး မလွှဲသာလွန်းတော့မှ ထုတ်ပစ်တာလိုက်ပါတယ်။

စစ်တပ်က ထုတ်ပစ်တော့ (အများသိကြတဲ့အတိုင်း) ဆရာကြီးသခင်ကိုယ်တော်မှှိုင်းရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှာ ဒုဥက္ကဋ္ဌအဖြစ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပါတယ်။ ဗိုလ်ကျော်ဇောဟာ ဆရာကြီးနဲ့ ခုမှသိတာ မဟုတ်ပါ။ ၁၉၄၅ မှာ သူ့ရဲ့ သခင်ပါတီဝင် ရဲဘော်မင်္ဂလာဆောင်တော့ သခင်မြအိမ်မှာ ဆရာကြီးက မင်္ဂလာသြဝါဒစကား ပြောကြားခဲ့တာ မဟုတ်လား။ ခုလိုငြိမ်းချမ်းရေးလုပ်ငန်းမှာ ဆရာဗန်းမော်တင်အောင်လို နိုင်ငံကျော် ပြည်သူချစ်သော စာရေးဆရာကြီးများ၊ ဦးထွန်းတင်လို ရှေ့နေကြီးများ စတဲ့လူထုကြားက ပုဂ္ဂိုလ်များနဲ့ တွဲဖက်လှုပ်ရှားရတဲ့အခါ ပြည်သူလူထု ကြားကို ရောက်ရှိသွားပြီး စစ်မုန်းသူ၊ ငြိမ်းချမ်းရေးစစ်သားကြီး၊ စစ်မုန်းသူ စစ်ဗိုလ်မှူးကြီးအဖြစ်နဲ့ ပိုမိုကျော်ကြားသွားခဲ့ပါ တယ်။ စစ်အာဏာရှင်ဗိုလ်နေဝင်းက နိုင်ငံရေးအဖွဲ့အစည်းတွေကို အားလုံးပိတ်ပင်လိုက်တော့မှ ဘာမှမလုပ်ရတော့ဘဲ သမိုင်းလေ့လာရေးနဲ့ နိုင်ငံရေးလေ့လာရေးကိုသာ လုပ်နေခဲ့ရပါတယ်။ ဒါပေမဲ့ ဗိုလ်နေဝင်းကတော့ အမြဲစောင့်ကြည့်နေစေ ခဲ့ပါတယ်။  ဒီကြားထဲကပဲ အခွင့်သာတာနဲ့ တပြိုင်နက် ဗိုလ်ကျော်ဇောဟာ သားသမီးတွေနဲ့အတူ ရှေ့ဆင့်နောက်ဆင့် တောထဲကို “လစ်ထွက်” ခဲ့ပါတယ်။ ဒီအခါမှာ ဗိုလ်ကျော်ဇောဟာ နှစ်ရှည်လများ ခွဲခွာခဲ့ရတဲ့ “အိမ်” ကို ပြန်ရောက်ပြီလို့ ဥဒါန်းကျူးရင့်လိုက်ပါတယ်။
   
ဗိုလ်ချုပ်ကျော်ဇော ကွန်မြူနစ်ပါတီ ဌာနချုပ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတယ်။ ၁၉၈၅ တတိယ ပါတီ ကွန်ဂရက်မှာ သူ့ကို ပါတီဗဟိုကော်မတီဝင်အဖြစ် ထပ်မံတင်မြှောက်ကြပြန်တယ်။ သခင်သန်းထွန်း၊ သခင်စိုးဦးစီးတဲ့ ၁၉၄၅ ဒုတိယပါတီကွန်ဂရက်မှာတကြိမ် ပါတီဗဟိုကော်မတီဝင်အဖြစ် အရွေးချယ်ခံခဲ့ရပါသေးတယ်။ ခုတကြိမ်မှာတော့ ပါတီဗဟို ကော်မတီဝင်အဖြစ်သာမက ပါတီဗဟိုကော်မတီ စစ်ကော်မီရှင်၊ ဒုတိယဗဟိုဦးစီးဌာနချုပ်မှူး အဖြစ်နဲ့လည်း ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။ ဗိုလ်ကျော်ဇောဟာ သူပါဝင်တည်ထောင်ခဲ့တဲ့ တပ်မတော်ကို သူပြန်တိုက်ရလို့ စိတ်မ ကောင်းဖြစ်ရတယ်လို့ သိရပါတယ်။ တကယ်တော့ လက်ရှိတပ်မတော်ဟာ ဗိုလ်အောင်ဆန်းနဲ့ ဗိုလ်ကျော်ဇောတို့ ပြုစုပျိုး ထောင်ခဲ့တဲ့ တပ်မတော်ကြီးမဟုတ်တော့ပါ။ ဗိုလ်နေဝင်းရဲ့တလက်ကိုင် ပြည်သူဖိနှိပ်ရေး ကိရိယာဖြစ်နေတဲ့ စစ်တပ်ပါ။ ကျောင်းသားတွေ၊ ဘုန်းကြီးတွေ၊ အလုပ်သမား လယ်သမားတွေကို မြို့လယ်ကောင်၊ နေ့ခင်းကြောင်တောင်ကြီးအောက်မှာ ပဲ သေနတ်နဲ့ ပစ်ခတ်၊ ရိုက်နှက်ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်ခဲ့တဲ့ စစ်ဗိုလ်စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်ဖြစ်နေပါ ပြီ။ နေဝင်းစစ်တပ်ကို တိုက်ခိုက်ခြင်းဟာ ပြည်သူ့အတွက် သမိုင်းပေးတာဝန်ကို ထမ်းဆောင်ခြင်းတရပ်ပါပဲ။ (ဒါဟာ ဒီနေ့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မင်းအောင်လှိုင်တို့လက်ထက်အထိ မှန်ကန်နေဆဲပါပဲ။)

ဗိုလ်ကျော်ဇောဟာ တောတွင်းသူပုန်တွေနဲ့လည်း စစ်မြေပြင်မှာ ရင်ပေါင်တန်းပြီး တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ ရန်သူနဲ့ မတိုက်ခင်ကတုတ်ကျင်းတွေ တူးတာကအစ ကိုယ်တိုင်လိုက်လံစစ်ဆေးခဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အသက်ကြီးလာ တဲ့အတွက် တရုတ်ပြည်ထဲရောက်သွားပြီး စစ်မတိုက်ရတော့ဘဲ  အကြံပေးတဲ့အလုပ်စတာပဲ လုပ်ရပါတယ်။ ပြည်ပက ဘီဘီစီ၊ အာရ်အက်ဖ်အေ(လွတ်လပ်တဲ့ အာရှအသံ)၊ ဗွီအိုအေ (အမေရိကန် အသံ) စတဲ့အသံလွှင့်ဌာနတွေက မေးမြန်း တာတွေကို ဖြေကြားရင်း တပ်မတော်သမိုင်း၊ နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ ပြည်တွင်းစစ် အတွေ့အကြုံ သမိုင်းကြောင်းတွေကို သမီးဒေါက်တာလှကျော်ဇောရဲ့ အကူအညီနဲ့ ဖြေကြားတာတွေ လုပ်ပါတယ်။ သူ့သားကြီး အောင် ကျော်ဇောက ရွှေလီမှာနေပြီး ပြည်တွင်းနဲ့ဆက်သွယ်ပြီး မျက်မှောက် ခေတ်သမိုင်းစာအုပ်တွေကို ဗိုလ်ချုပ်ကျော်ဇော အ တွက် ဖတ်ရအောင် ဝယ်ပေးပါတယ်။ အဖိုးတန်ဆုံးကတော့ သူပါဝင်ခဲ့တဲ့ နယ်ချဲ့တိုက်ပွဲ ဖက်ဆစ်တိုက်ပွဲ ပြည်တွင်းစစ် တိုက်ပွဲတွေအကြောင်းကို ပြန်လည်သုံးသပ်ဝေဖန်မှုပေးတဲ့ စာတွေကိုရေးသား နိုင်သလောက်ရေးသား ထားရစ်ပေးခဲ့ခြင်း ပါပဲ။ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ရေးတော့ အသက် ၈၀ ကျော် ၉၀ တွင်း ရောက်နေပါပြီ။

ဒီလိုအတိတ်ကို ပြန်လည်တင်ပြရင်း မိမိကိုယ်ကိုယ်လည်း ဝေဖန်ပါတယ်။ ပါတီနဲ့ ကင်းကွာခဲ့တာ၊ ပါတီကလာပ်စည်း အတွင်းမှာ ကြပ်ကြပ်မတ်မတ် ဝေဖန်ရေး မိမိကိုယ်ကိုယ်ဝေဖန်ရေးတို့ ကောင်းစွာမလုပ်ခဲ့ရတာကိုလည်း ဝေဖန်ပြီး သင်ခန်းစာယူပါတယ်။ နိုင်ငံရေး အမြင်မရင့်ကျက်ခဲ့လို့ (၁) ကရင်တိုင်းရင်းသားများကို မဆင်မခြင် တိုက်ခိုက်ချေမှုန်းမိခဲ့ တာ (၂) မိမိပါတီနဲ့ အနေဝေးခဲ့လို့ ကွန်မြူနစ်စစ်ဗိုလ်တွေ တောခိုခဲ့ကြဖို့ ပါတီရဲ့ ညွှန်ကြားချက်ကို မလိုက်နာမိခဲ့တာ စတဲ့  ဖြစ်စဉ်တွေကို နှိမ်ချစွာပြန်လည်သုံးသပ်ခဲ့ပါတယ်။ သူ့အနေနဲ့ သူတို့တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးက တိုင်းပြည်ကို ဖိနှိပ်တဲ့ စစ်အာဏာရှင်တွေရဲ့ လက်သုံးဖြစ်ရတာကို တသက်လုံးစိတ်မကောင်းဖြစ်သွားခဲ့ရရှာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း တို့ မူလလက်သုံး တပ်မတော်ဆောင်ပုဒ်ကြွေးကြော်သံက “ပြည်သူသည်အမိ၊ ပြည်သူသည်အဖ” ဖြစ်ပါတယ်။ ဗိုလ်နေဝင်း တို့က သူတို့ကိုကျွေးတဲ့ ပြည်သူကို အသိအမှတ်မပြုဘဲ၊ “တပ်မတော်သာအမိ၊ တပ်မတော်သာ အဖ”ဆိုတဲ့ ဆောင်ပုဒ် သစ်ကို ဖော်ထုတ် လွှင့်တင်ထားကြပါတယ်။ ဗိုလ်ချုပ်ကျော်ဇောက တပ်မတော်သားတွေကို အလျဉ်းသင့်တိုင်း မှာကြားခဲ့ တာကတော့ ပြည်သူကို ဦးထိပ်တင်ကြဖို့ “ပြည်သူသာ အမိ၊ ပြည်သူသာအဖ” ဆိုတဲ့မူလလက်ဝယ်ကို ပြန်လည်လွှင့်တင် ကျင့်သုံးကြဖို့ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကျော်ဇောနဲ့ တကွ ရဲဘော်များ နိုင်ငံရေးသမားများဟာ တိုင်းပြည်ကို လွတ်လပ်အောင် ကျွန်တွင်းက ကယ်နိုင်ခဲ့ ပေမယ့် ခုအခါကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံအဖြစ်နဲ့ ခေတ်နောက်ကျကျန်ခဲ့တာကို မကယ်တင်နိုင်ခဲ့တာကိုလည်း ဝမ်းနည်းမ ဆုံး ဖြစ်ခဲ့ပြီး မျိုးဆက်သစ်တို့ကို ပခုံးပြောင်းပေးသွားခဲ့ရှာပါတယ်။ ဒီလိုနဲ့ တိုင်းပြည်အကျိုးကိုသာ ဦးခေါင်းထဲ ရင်ထဲမှာ ထည့်သွင်းရင်း အသက်အရှည်ဆုံး ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ချုပ်။ နှစ်ကြိမ်ဆက် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်အဖြစ် အရွေးခံခဲ့ရသူ၊ အသက်အရှည်ဆုံး ကွန်မြူနစ်ပါတီဝင် ဗဟိုကော်မတီလူကြီးအဖြစ်နဲ့ သူအမွှမ်းတင်ခဲ့တဲ့ မိခင်ရဲ့ “အိမ်” မိခင်ရဲ့ ရင်ခွင်မှာပဲ အသက် ၉၃ နှစ်အရွယ်မှာပဲ ကွယ်လွန်ခဲ့ရှာပါတယ်။

ဗိုလ်ချုပ်ကျော်ဇော ကွယ်လွန်ပြီးတဲ့နောက် တနှစ်အကြာမှာ “သူတို့ရင်ထဲက ဗိုလ်မှူးချုပ်ကျော်ဇော(ရဲဘော်ဦးတင်)” ဆိုတဲ့စာအုပ်တအုပ်ကို ၂၀၁၃ အောက်တိုဘာလထဲမှာ ကျန်ရစ်သူမိသားစုက ထုတ်ခဲ့ပါတယ်။ ဒီစာအုပ်မှာ ရပ်ဝေးရပ်နီး ရဲဘော်မိတ်ဆွေတွေ လက်လှမ်းမီသလောက် ဝိုင်းဝန်းရေးကြပါတယ်။ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်များပါသလို သားသမီးမြေးမြစ်တွေလည်း ပါဝင်ပါတယ်။ သူတို့ဟာ အပေါ်ယံခံစားမှုနဲ့ ရေးကြတာမဟုတ်ဘဲ ရင်ထဲက ခံစားမှုနဲ့ ရေးကြတယ်လို့ ဖတ်ရှုခံစားသိမြင်နိုင်ပါတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောဟာ စစ်သူကြီးတယောက်အဖြစ် ကျော်ကြားသူဖြစ်လို့ လူကြမ်းကြီးတဦးလို့ ထင်ရပေမယ့် အထင်နဲ့အမြင်အလွန်ကွာခြားပြီး သိမ်မွေ့ယဉ်ကျေးသူ၊ ရိုးသားနှိမ်ချသူ၊ သည်းခံ စိတ် ရှည်သူ၊ အားနာတတ် လိုက်လျောတတ်သူ၊ ကိုယ်ကျိုးစီးပွား လုံးဝမမက်မောသူအဖြစ် တသံတည်းထွက်ကြပါတယ်။ ဗိုလ်နေဝင်းကတောင် “ဘယ်သူ့အားကိုးနဲ့များ ဒီလောက်တောင် မိုက်နေရပါလိမ့်” လို့ ရေရွတ်ခဲ့ရဖူးသတဲ့။ သူ့ကို ဘာ ပေးလို့မှ မယူလို့လေ။

ရဲဘော်များ မိတ်ဆွေများ အများစုကတော့ စစ်မုန်းသူ ငြိမ်းချမ်းရေးဘက်တော်သား ဗိုလ်ချုပ်ကြီးကို သူတို့ရဲ့ တို့ဗမာအစည်း အရုံးသခင်အဖွဲ့ခေါင်းဆောင်၊ ကဗျာစာဆို၊ ငြိမ်းချမ်းရေးဖခင်ကြီး၊ ထာဝရလဲလျောင်းရာ ရွှေတိဂုံခြေရင်းမှာ အတူလဲ လျောင်းစေချင်တယ်လို့ တမ်းတကြခြင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ကျော်ဇောကိုယ်တိုင်ကလည်း ကွယ်လွန်ခါနီးမှာ ရွှေတိဂုံ ဘုရားကို ဖူးချင်တယ်လို့ တမ်းတသွားခဲ့ရှာတာ မဟုတ်လား။ ကွန်မြူနစ်ဗိုလ်ချုပ်ကြီးတယောက်၊ နောက်ဆုံး သူဖူးချင်ရှာတဲ့ ရွှေတိဂုံခြေရင်းမှာ ထာဝရ လဲလျောင်းခွင့်ရပါစေသတည်း။

မောင်စွမ်းရည်
ဗိုလ်ချုပ်ကျော်ဇောရဲ့ ငြိမ်းချမ်းရေး ဘက်တော်သား
၂၀၁၉ စက်တင်ဘာ ၂ ရက်။