Breaking News

ဟိန်းနိုင်(မန္တလေး) - ပိုဆိုးမလာဖို့ ဆုတောင်းနေရတဲ့ တရုတ် မြန်မာနယ်စပ်အခြေအနေ

ပိုဆိုးမလာဖို့ ဆုတောင်းနေရတဲ့ တရုတ် မြန်မာနယ်စပ်အခြေအနေ
ဟိန်းနိုင် - မန္တလေး
(မိုးမခ) ဧပြီ ၁၇၊ ၂၀၂၀

(၁)
မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ -ရောဂါပိုးကူးစက်ခံရသူတွေ တွေ့ရှိလာချိန် တရုတ်နိုင်ငံဘက်က နယ်စပ်လူဝင်လူထွက်ဂိတ်တွေကို ဧပြီ ၁-ရက်နေ့မှာ စ ပိတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်မှာ ကိုဗစ် ၁၉-ဖြစ်နေချိန် မြန်မာနိုင်ငံဘက်က နယ်စပ်လူဝင်လူ ထွက်ဂိတ်တွေကို မပိတ်နိုင်ဖြစ်ခဲ့ပါတယ်။
လူဝင်လူထွက်နယ်စပ်ဂိတ်တွေတရားဝင်ပိတ်ကြောင်းကြေညာထားပေမယ့် ကုန်တင်ကားကြီးတွေကို ကုန်တွေနဲ့ ကျင်းစန်းကျော့နယ်စပ်ဂိတ်နှင့် မာန်ဝိန်းနယ်စပ်ဂိတ်တို့မှဝင်ထွက်ခွင့်ပေးမယ်၊ ဒရိုင်ဘာနှင့်စပါယ်ယာနှစ်ဦးပဲကားပေါ်လိုက်ပါလာရမယ်ဆိုတဲ့ စည်းကမ်းချက်များနဲ့ ကုန်ကားကြီးတွေဝင်ထွက်ခွင့်ပြုခဲ့ပါတယ်၊ ဧပြီ ၁-ရက်နေ့ နှစ်နိုင်ငံနယ်စပ်အာဏာပိုင်တွေဆွေးနွေးသဘောတူညီမှုဖြစ်ပါတယ်။   
ဧပြီ ၆-ရက်နေ့မှာ မာန်ဝိန်းနယ်စပ်ဂိတ်ကို မြန်မာဘက်ကကုန်ကားများ တရုတ်ပြည်ဘက် ဝင်လာမှု မရှိဖြစ်လာပါတယ်၊ တရုတ်ပြည်ဘက်မှာရှိနေတဲ့ မြန်မာကုန်ကားကြီးတွေကတော့ မြန်မာပြည်ဘက်ထွက်နေပါတယ်။ တရုတ်ပြည်ကကုန်တွေတင်ပြီး ထွက်နေတာပါ၊၊
လူဝင်လူထွက်နယ်စပ်ဂိတ်တွေကလည်း တရုတ်ပြည်ထဲကနေ မြန်မာနိုင်ငံသားတွေကို ထွက်ခွင့်ပေးနေပါတယ်။ ဧပြီ ၆-ရက်နေ့မှာ မြန်မာပြည်က တရုတ်ပြည်ဘက်ကို ကုန်ရောလူပါ အဝင်မရှိ ဖြစ်လာပါတယ်။ ဒီ့အတွက် နှစ်နိုင်ငံနယ်စပ်တာဝန်ရှိသူတွေ ဆွေးနွေးကြပါတယ်။ ဧပြီ- ၆-ရက်အလွန်နောက်ရက်တွေမှာ နှစ်ဖက်နယ်စပ်ဂိတ်တွေမှာ ကုန်ကားတွေ ဝင်ထွက်ခွင့်ရှိလာပြန်ပါတယ်။ မြန်မာဘက်ကနယ်စပ်ဂိတ်အတွင်း ကားမောင်းဝင်မယ့်သူ ၁၃-ယောက်ရွေးလိုက်သလို တရုတ်ပြည်ဘက်ကလည်း ၁၃-ယောက် တရုတ် မြန်မာဘက်နယ်စပ်ဂိတ်အတွင်းကားမောင်းဝင်ခွင့် သတ်မှတ်လိုက်ပါတယ်။
နယ်စပ်ကုန်ဝင်ကုန်ထွက်စည်းကမ်းတွေနဲ့ကုန်အဝင်အတွက်လဲ ဝင်ခွင့်ပြုခဲ့ပါတယ်။ တရုတ်ပိုင်နယ်စပ်ဘက်မှာမြန်မာပြည်ဘက်မှ သွင်းရသောကုန်ပစ္စည်းတွေ စျေးတက်လာပါတယ်။ ထက်ဝက်တက်လာပါတယ်။ ရွှေလီ၊ ကျယ်ကောင်နှင့်အတူအနီးပတ်ဝန်းကျင်ရွာများမှာ နေထိုင်ဆဲ မြန်မာနိုင်ငံသားများအနေနဲ့ အခြေအနေတွေ ပိုပိုဆိုးမလာဖို့ ဆုတောင်းနေရတဲ့အခြေနေဖြစ်လာခဲ့ပါတယ်။
 (၂)
မတ်လ ၁၉ ရက်နေ့မှာ တရုတ်နိုင်ငံထဲတွင် ကိုဗစ်၁၉-ရောဂါပိုးထပ်မံကူးစက်သူမရှိတော့ဘူးလို့ တရုတ်အစိုးရတရားဝင်ကြေညာခဲ့ပါတယ်။ ကြေညာပြီး မတ်လကုန်ရက်တွေထဲမှာ တရုတ်နိုင်ငံထဲကို နိုင်ငံခြားကနေဝင်လာသူတွေဆီက ကိုဗစ်၁၉-ရောဂါပိုးကူးစက်ခံခဲ့ရသူတွေ တွေ့လာပါတယ်။
ဒီအခြေအနေဟာ မြန်မာတရုတ်နယ်စပ်ဂိတ်တွေကို ပိတ်လိုက်ရခြင်းအကြောင်းရဲ့ အခြေခံအချက်လည်း ဖြစ်နေပါတယ်၊
မြန်မာပြည်ဘက်ကနေဝင်လာမယ့်သူတွေကတဆင့် တရုတ်နိုင်ငံထဲ နောက်တကြိမ် ကိုဗစ် ၁၉-ကူးစက်မှု ပြန်မဖြစ်ဖို့ကာကွယ်ကြောင်း နားလည်မိပါတယ်။ မျက်မှောက်အခြေအနေမှာ တရုတ်နယ်စပ်လူဝင်လူထွက်ဂိတ်တွေကို လချီကြာနေအောင်ပိတ်မယ်ဆိုတဲ့အခြေအနေဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာလည်း ကိုဗစ် ၁၉-ရောဂါပိုးတွေ့သူ အရည်အတွက်တိုးမြင့်လာတဲ့ စာရင်းဘက်ရောက်နေသလို တရုတ်ပြည်အတွင်းပိုင်းမှာလည်း ကိုဗစ် ၁၉- ရောဂါပိုးပြန်လည်ကူးစက်နေမှုတွေ မြင့်တက်နေကြောင်း သတင်းတွေ တွေ့နေရပါတယ်။
ကိုဗစ် ၁၉-ရောဂါပိုးကူးစက်မှုမရှိသေးမတွေ့ရသေးဖြစ်နေဆဲ ရွှေလီ၊ ကျယ်ကောင်၊ ပေါက်စန်း၊ ရင်ကျန်း၊ မန်စီမြို့တွေမှာတော့ သွားလာနေမှုတွေ ပုံမှန်အခြေအနေ ရှိနေပါသေးတယ်။ တဖက်မှာလည်း ရွှေလီမြို့တွင်းမှာ ပိုးသတ်ဆေးဖြန်းနေသော မြင်ကွင်းတွေလည်း မြင်တွေ့နေရပါတယ်။
ကျောက်စိမ်းအရောင်းအဝယ်တွေကလည်း ပုံမှန်လုပ်နေဆဲ မြင်တွေ့နေရပါတယ်။ ရွှေလီမြို့က လူသုံးကုန်ပစ္စည်း ကုန်မျိုးစုံရောင်းနေသောကုန်တိုက်ကြီးတွေကလည်း လျှော့စျေး ချရောင်းနေတာတွေရှိနေတော့ မြင်ကွင်းတွေမှာ လူတွေကြိတ်ကြိတ် တိုးစည်နေပုံတွေ မြင်တွေ့နေရပါတယ်။ တရုတ်နိုင်ငံသားတွေအဖို့ အခက်အခဲမရှိတဲ့ အခြေအနေကို မြင်တွေ့နေရတာ ဖြစ်ပါတယ်။။
(၃)
လက်ရှိမှာ မြန်မာနိုင်ငံရဲ့အခြေအနေမှန်ကလည်း ကိုဗစ် ၁၉-ကူးစက်မှုခန့်မှန်းမရသောအချိန် ဖြစ်နေပါတယ်။ တရုတ်ပြည်မှာစဖြစ်နေချိန် တရုတ်ပြည်ကနေပြန်လာသူတွေအားလုံးကို စောင့်ကြည့်အစီအစဉ်မရှိခဲ့တဲ့အခြေအနေလည်း ရှိခဲ့ပါတယ်။
တချို့ဆိုရင် နယ်စပ်ကနေပြန်သွားလိုက် ပြန်ဝင်လာလိုက်လုပ်ခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တကယ်စောင့်ကြည့်ကာလသတ်မှတ်ခဲ့တာ ဧပြီလဆန်းပိုင်မှ စ ခဲ့တာဖြစ်ပါတယ်။
စောင့်ကြည့်ကာလမသတ်မှတ်ခင်၊ အသွားအလာဖြတ်တောက်ပစ်ခြင်းတွေမလုပ်ခင်အချိန်မျိုးမှာလည်း ဘယ်လိုအခြေ အနေမျိုးရှိခဲ့သလဲလို့ ပြန်တွေးမိပါတယ်။ နယ်စပ်လူဝင်လူထွက်ဂိတ်တွေဖွင့်လာမယ့်ရက်မရှိသေးတဲ့အခြေအနေ ဖြစ်နေပါတယ်။
ဒီလိုအခြေအနေထဲမှာ ရွေလီ၊ ကျယ်ကောင်၊ မန်စီ၊ ရင်ကျန်း ၊ ပေါက်စန်းမြို့တွေမှာ နေထိုင်နကြသူ မြန်မာနိုင်ငံသားများအထူးဂရုစိုက်ပြီး သတိကြိးစွာနေထိုင်သွားလာနေရမယ့် အခြေအနေလို့ယူဆမိပါတယ်။
တကယ်လက်တွေအခြေအနေတွေထဲမှာ နယ်စပ်တကြောအတွင်း ကိုဗစ်၁၉-ကူးစက်ခံရမှုတွေရှိလာပြီဆိုရင် ရွှေလီ၊ ကျယ်ကောင်၊ မန်စီ၊ ရင်ကျန်း၊ လျှန်ဟော်၊ ကျန်ဖုံ ဆိုတဲ့နယ်စပ်မြို့တွေကို တရုတ်အစိုးရအနေနဲ့နောက်တကြိမ်အသွားအလာအဆက်အသွယ်တွေဖြတ်တောက်ပစ်နိုင်ပါတယ်။ ခန့်မှန်းမရတဲ့အခြေအနေတွေထဲမှာ ပိုဆိုးမလာဖို့ ကုန်သွယ်ရေးပင်မသွေးကြောဖြစ်တဲ့ ဒေသခံတွေက စိုးရိမ်ပူပင်နေကြတာတော့ အမှန်ပဲဖြစ်ပါတယ်။

ဟိန်းနိုင် - မန္တလေး
 ၁၆ - ၄ - ၂၀၂၀