Breaking News

နိုင် ဝင်း သီ - ပေါက္ကံလေညင်း

Photo credit- wikiwand.com
ပေါက္ကံလေညင်း

  နိုင် ဝင်း သီ
(မိုးမခ) ဧပြီ ၁၆၊ ၂၀၂၀

   ကျွန်တော်တို့အဖွဲ့ ပုဂံကိုရောက်သွားတော့ ပုဂံရဲ့ နံနက်ခင်းဟာ နှင်းရေစက်တွေအောက်မှာ အေးစက်တုန် ခိုက်နေဆဲ။‌ စိမ်းသလိုဝါသလိုဖြစ်နေတဲ့ စိမ်းဝါနုရောင် တမာရွက်ဖျားလေးတွေထိပ်မှာ နှင်းစက်လေးတွေ တွဲခိုနေဆဲ။ အဲဒီ‌နေ့နံနက်ခင်းက ကျွန်တော်တို့ဟာ ပုဂံပုံရိပ်က မြတ်ဝေနဲ့ ဖျပ်ခနဲတွေ့။ ထီးလိုမင်းလိုနှင့် ရွှေစည်းခုံကို ကသုတ်ကရက်ဖူး။ ပခုက္ကူဘက်ကမ်းကို အပြေးအလွှား ကူးခဲ့ရ။

      မြိတ်ပီတာစဘတ်က နရီမြိတ်ပေါ့လေ။နှစ်ပေါင်း သုံးဆယ်‌ကျော်ကွဲကွာနေခဲ့တဲ့ သူ့ရဲ့အစ်ကိုလေး‌‌ပေါ့လေ။ ပခုက္ကူမှာရှိနေတယ်ဆို‌တော့ ပြန်ပြီးဆုံပါရ‌စေပေါ့လေ။ သို့ကလိုဆိုလာတော့လည်း ဒေသလုံးဆိုင် ရာ ညှိနှိုင်းကွပ်ကဲရေးမှူး ကိုဆွေခင်ဟာ ဘာမှပြောမနေတော့ဘဲ ကားကို ပခုက္ကူမောင်းချသွားခဲ့ပြီ။
       ဒီလိုနဲ့ကျွန်တော်တို့ဟာ  မြို့ကိုဖြတ်မြစ်ကိုဖြတ် တံတားကိုလည်း ဖြတ်ခဲ့ကြ။
       ပခုက္ကူတံတားပေါ်ကနေလှမ်းကြည့်လိုက်ရင် စိမ်းမြဧရာဝတီထဲမှာ ထွန်းနေတဲ့ သောင်ညိုတွေဟာ ဟိုနေရာတစ်ကွက် ...သည်နေရာတစ်ကွက်နဲ့ ။ ရေလွှာပြင်ထဲမှာပေါ်နေတဲ့ အစက်အပြောက်ကြီးတွေလို။

      ပခုက္ကူဘက်ကမ်းရောက်တော့ တံတားအဆင်းနားလေးမှာ ဖွင့်ထားတဲ့ ညီ(ပခုက္ကူ )ရဲ့  ရပ်ဝန်းသစ်ကဖေးဆိုင်လေးမှာ ကျွန်တော်တို့ဟာ တစ်ထောက်နားကြ။ ကျွန်တော်တို့ ရောက်နေမှန်းသိတော့ ညီလေး ရိုးခက်နဲ့ ညီလေး မောင်‌ပြည်အေး( ချောက္ကံ )တို့ဟာ ဆိုင်ကယ်တွေကို မြင်းလိုဒုန်းစိုင်းစီးပြီး ကျွန်တော်တို့ဆီကို အသော့နှင်လာခဲ့ကြ။ ပခုက္ကူက ချစ်ရတဲ့ညီလေးတွေနဲ့ စကားကောင်းနေဆဲမှာပဲ နရီမြိတ်ရဲ့အစ်ကိုလေးဟာ ရပ်ဝန်းသစ်ကဖေးဆိုင်လေးထဲကို ကားတစ်စီးနဲ့ ရောက်ချလာခဲ့ပြီ။

      စစ်အတွင်းက ကွဲကွာပြတ်‌တောက်သွားခဲ့တဲ့ ညီအစ်ကိုနှစ်ယောက်လို သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံခန်းဟာ ဝင်းပကြည်နူးစရာ။ သူတို့ ညီအစ်ကိုနှစ်‌ယောက်ကို ကြည့်ပြီး သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေဟာ ကျွန်တော်တို့ကိုပါ ကူးစက်ပျံ့နှံ့လာခဲ့တာ။ အဲဒီနေ့က ပခုက္ကူရဲ့ တစ်ခုသော K .box တစ်ခုမှာ ကိုနရီရဲ့ အကောင်းဆုံးသော သီဆိုမှုကို ကျွန်တော်တို့ ရှုစားခဲ့ရ။

အသေချာဆုံးသော အချက်အလက်တွေကိုစုစည်းပြီး တရားခွင်ထဲမှာ တစ်တောင့်ချင်း တစ်ချက်ချင်း ပစ်ခတ်တတ်တဲ့ ရှေ့နေကဗျာဆရာဟာ ခေတ်ပေါ်သီချင်းကို သီဆိုတဲ့နေရာမှာလည်း သပ်ရပ်လှပနေတတ်တာ။ သူ့ကိုကြည့်လိုက်တိုင်းလည်း ဝင်ဆာရဲတိုက်ထဲက ထွက်ခွာလာတဲ့ မင်းညီမင်းသားတစ်ပါးလို ဝင့်ကြွားတောက်ပနေတတ်တာ။
      ဒီကြားထဲမှာ ကျွန်တော်တို့နဲ့အတူပါလာခဲ့တဲ့ ကဗျာဆရာ သံယောဇဉ်(ကျောက်ပန်းတောင်း) သီဆိုသွားတဲ့ သီချင်းလေးတွေဟာ လှပခံ့ထည်နေသလို သူ့ရဲ့သံယောဇဉ် တွယ်ငြိခိုတွဲပုံလေးတွေကလည်း ကျွန်တော်တို့အတွက် အမှတ်ရချင်စရာ။
      နောက် ကိုထွန်းဝေမြင့်။ မှုန်တေတေ ညှင်းသိုးသိုးနှင့် ဘယ်သူ့ကိုမှ ထီမထင်တဲ့ပုံစံမျိုး။ မသိတဲ့လူဆို ယာကူဇာဂိုဏ်းထဲကလား။

ဥုံရှင်ရီကျို ဂိုဏ်းထဲကပဲလား ထင်ယောင်ထင်မှား ဖြစ်ချင်စရာ။ တကယ်တော့ သူဟာ လေထန်ကုန်းမပေါ်ခင် ဝါဇီ၊ ပွင့်ဦး၊ ရွှေကြည်အေးခေတ်ကတည်းက သူ့လမ်း သူ‌‌ဖောက်ပြီး အနုပညာလောကထဲမှာ ဖြတ်သန်းလာခဲ့တဲ့ ကဗျာဆရာ။ တစ်ခါတစ်ခါ သူပန်းချီဆွဲနေတဲ့ အခန်းကျဥ်းလေးထဲမှာပျစ်ချွဲ‌နေတဲ့ အကောစတစ်ဂစ်တာသံနဲ့အတူ November rain ဟာ တိုးတိုးညင်ညင်လေး လွင့်နေတတ်တာ။ တစ်ခါတစ်ခါမှာတော့ Yanni ရဲ့ Tribute ကို ခပ်ကျယ်ကျယ်လေးဖွင့်ထားရင်း စုတ်ချက်တွေထဲမှာသူ့ကိုယ်သူ နှစ်ထားတတ်တာ။တစ်ခါတစ်ခါမှာတော့ ဘာတွေဘယ်လို ဖြစ်ကုန်တယ်မသိ။

    သံသရာ အလှည့်မှာ အသိခက်သွား...
    ကံကြမ္မာ အနွဲ့မှာ မချိရတက်ပွား...
    ပြန်လာလှည့်ပါ မိငှက်ခါး..လေးရယ်တဲ့။

    တွံတေးသိန်းတန်ဆိုခဲ့တဲ့ သီချင်းလေးထင်ပါရဲ့။ သူ့ရဲ့ နှုတ်ဖျားက‌နေ မပွင့်တပွင့် ညည်းနေတတ်တာ။
    အဲဒီနေ့က သူလည်းပဲ ခပ်လွင့်လွင့်ညနေခင်းတွေထဲမှာ ဆိုလေ့ရှိတဲ့ မြေနီလမ်းနဲ့ခတ္တာကို သီဆိုပြီး သူ့ကိုယ်သူ ဗုံးတစ်လုံးလိုဖောက်ခွဲလာခဲ့တာ။
     ကျွန်တော်တို့ ပေါက္ကံပြည်ထဲ ပြန်ရောက်လာတော့ ညနေစောင်းနေပြီ။ တန့်ကြည့်တောင်ထိပ်မှာ ဆည်းဆာရိပ်တွေ ရွေ့လျားလာခဲ့ပြီ။ အလင်းလဲ့လဲ့လေးရှိနေတုန်း အာနန္ဒာနှင့်ဓမ္မရံကြီးကိုဖူး။ ပြီး ပုဂံမြို့သစ်ထဲက ဘီညိုဆီကို ဝင်ခဲ့ကြ။ ပြောမယ်ဆိုရင် အဲဒီအချိန်ထဲက ပုဂံထဲမှာ ရက်စက်သောတိတ်ဆိတ်မှုတွေဟာ စတင်ဝင်ရောက်နေခဲ့ပြီ။ ဘီညိုရဲ့ နွေးထွေးမှုထဲကနေ ကျွန်တော်တို့အဖွဲ့ ထွက်ခွာလာတော့ ပုဂံဟာ အမှောင်ထဲမှာ နစ်မြုတ်ငြိမ်သက်လို့။
      အဲဒီအမှောင်ထဲမှာပဲ  ကျွန်တော်တို့ဟာ မြင်းကပါအရပ်က ရာဇကုမာရ်ရဲ့ မြစေတီကိုရောက်အောင်သွားပြီး မင်းသားငယ်ရဲ့လူသားဆန်မှုကို ချစ်ခင်လေးနက်ခဲ့ကြ။
ထီးရိပ်နန်းရိပ်နှင့် မင်းစည်းစိမ်အတွက်သာဆို ဓား‌လေးတစ်ချက်ဝင့်ရုံနှင့်။ လှံ‌လေးတစ်ချက် မ ရုံမျှနှင့် သမိုင်းစာမျက်နှာတချို့ဟာ သွေးစက်တွေ စွန်းပေခဲ့ဖူးပြီ။
        ဟောဒီနေရာလေးကတော့ အဖေကိုနားလည်ခွင့်လွှတ်‌တဲ့ သားတစ်ယောက်ရဲ့ နူးညံ့သောချစ်ခြင်းမေတ္တာကို ဖွဲ့ဆိုပြညွှန်းရာ ချစ်ခြင်းအိမ်။ ညဘက်ဖြစ်နေလို့လားမသိ။ တစ်ချက်တစ်ချက် သုတ်မြူးသွားတဲ့ လေပြည်ကလွဲပြီး ဝန်းကျင်တစ်ခွင်လုံးဟာ အသံဗလံတစ်ခုမှမကြားရအောင် ငြိမ်သက်လို့။ တိတ်ဆိတ်နေတဲ့ စေတီရင်ပြင်ပေါ်မှာတော့ ချစ်ခြင်းရနံ့တွေနဲ့ ထုံရီမွှေးယစ်လို့။  
       မနူဟာဆီကိုရောက်တော့ တစ်ချိန်လုံးလွင့်လာခဲ့တဲ့ စိတ်ဟာ တစ်စုံတစ်ခုခုက စုပ်ယူဆွဲချသွားသလို ကျုံ့ဝင်နစ်မြုပ်သွားခဲ့။
မနူဟာတည်ထားခဲ့တဲ့ စေတီကို မွန်းကျပ်ပူလောင်စွာ ကြည့်ငေးနေရင်းနှင့်ပဲ ကျွန်တော်ဟာ ကျွန်တော်ရဲ့ ဖြစ်တည်မှုထဲက လွင့်ရှပျောက်ဆုံးသွားသလိုလို။ ကျွန်တော်ဟာ ကျွန်တော်နဲ့အဝေးဆုံးနေရာတစ်ခုကို လွင့်မျောသွားသလိုလို။ အာရုံမှာ အကျဉ်းစံမနူဟာရဲ့ အသက်ရှူသံပြင်းပြင်းနဲ့ နရီပျက်သွေးခုန်သံများ။ မချင့်မရဲ တောက်ခေါက်သံများ။ နာကျင်အော်ဟစ်သံများ။
     စစ်ရှုံးသူဧကရာဇ်‌တွေဟာ ရှည်လျားပူလောင်တဲ့ စိတ္တဇနဲ့။ အညွန့်အစွယ်မရှိတော့တဲ့ မီးလျှံမီးတောက်နဲ့။
       မနူဟာဟာ သူ့ဘဝရဲ့ နောက်ဆုံးအချိန်တွေမှာ ဖြစ်လေရာဘဝတိုင်း နော်ရထာနဲ့ ကင်းပကွေ့‌ကွင်းရလိုပါ၏လို့ပဲ ဆုတောင်းလေမလား။ ဒါမှမဟုတ် နော်ရထာနဲ့ ဆုံတွေ့ခဲ့လေတိုင်း ထင်လင်းပြတ်သားစွာ အနိုင်ရရှိပါ‌စေလို၏လို့ပဲ တောင်းဆုခြွေလေမလား။
      တမာရိပ်ကို ပြန်ရောက်လာတဲ့အထိ အာရုံဟာ မနူဟာရဲ့ မွန်းကျပ်မှုထဲမှာ တစ်ချိန်လုံး ပိတ်မိနေခဲ့တာ။
                        
( ငါး )

    ဒီနေ့ညမှာ ခိုင်မန္တလေးနဲ့ ပြန်မှာဆိုတော့ နေထန်းတစ်ဖျားမရောက်ခင်မှာ မမတင်ရဲ့ ကျောင်းလေးရှိရာကိုသွား။ မောင်ချောနွယ်ကိုလွမ်း။ ပြီးတာနဲ့ ကိုဖေတင်ညွန့်တို့ရဲ့ချောက်ကို အရပ်အနားမရှိဘဲ တောက်လျှောက်မောင်းချလာခဲ့။‌
နေရောင်ခြည်ရှိနေသော်လည်းပဲ ရှည်လျား‌ခွေခေါက်နေတဲ့ လမ်းက‌လေးထက်မှာတော့ နှင်းမြူတွေဟာ ဝေဝါးမှုန်ရီလို့။
      တောင်ကုန်းလေးတွေနဲ့ ချောက်ဟာ ဘယ်လိုအချိန်မျိုးမှာကြည့်လိုက်ကြည့်လိုက် ကဝေဆန်ဆန် လှပနေတဲ့မြို့ကလေး။
နှစ်ဆယ့်ငါးနှစ်သက်တမ်းကို ဖြတ်ကျော်လာတဲ့ မဇ္စျိမအလင်းနဲ့ နှစ်လေးဆယ်ပြည့်တော့မယ့် "သူရိန်နှင့်သူရဲကောင်းများစာ‌ပေ" ဟာ စာသမားတွေ အလေးအမြတ်ပြုအပ်ရာ ချောက်မြို့ရဲ့ ထင်ရှားသောအမှတ် အသား။
      ဝိုင်းတော်သားတွေ စခန်းချရာ သံကန်ကြီးကိုရောက်တော့ ချောက်ဟာ နှင်းမြူတွေကင်းစင်ပြီး လင်းပကြည်လင်နေပြီ။
     အဲဒီနေ့က ကိုဖေတင်ညွန့်၊ မောင်သန်းစိုး(ချောက်)၊ ကိုကြီးသိန်း၊ မိုးဇက်တီကေ၊ ကာတွန်းပေါက်ကျိုင်းတို့နဲ့ ကျွန်တော်တို့အဖွဲ့ပေါင်းစည်းပြီး သံကန်ကြီးမှာ ကဗျာတွေရွတ်ခဲ့ကြ။ အာဠာဝက သခင်ဘိုးလှကြီးကို အလေးသွားပြုခဲ့ကြ။

     သခင်ဘိုးလှကြီးတို့ သပိတ်မှောက်ခဲ့တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကနေ တွက်ကြည့်လိုက်လျှင် အခု ၁၃၈၁ ကို ရောက်နေပြီမို့ နှစ်ပေါင်းရှစ်ဆယ်ကျော်ကြာမြင့်သွားခဲ့ပြီ။ မျိုးဆက်တစ်ဆက်ကို ကျော်လွန်သွားခဲ့
ပြီ။ကျွန်တော်တို့ဆီမှာတော့ သပိတ်တွေဟာ တစ်မျိုးပြီးတစ်မျိုး  တစ်လုံးပြီးတစ်လုံးသံသရာ အဆက်ဆက် မှောက်နေကြရဆဲ။ အောက်ခြေဘဝထဲက လူးလွန့်တိုးထွက်လာတဲ့ နာကျင်အော်ဟစ်သံတွေကို ကြားနေကြရဆဲ။
       သည့်နောက်မှာတော့ ကိုသန်းစိုးနဲ့ကိုဖေတင်ညွန့်တို့ရဲ့အစီအစဉ်နဲ့ ရွှေပုံတောင်ပေါ်က ရွှေပုံတောင်စေတီကို ကျွန်တော်တို့အဖူးအမြော်ဝင်ခဲ့ကြ။ ဒီတောင်လေးပေါ်ကနေလှမ်းပြီးကြည့်လိုက်ရင် ဧရာဝတီဟာ မျက် လွှာလေးချပြီး မခို့တရို့ စီးလို့။
        တောင်ပေါ်ကဆင်းလာပြီးလို့ နေ့လယ်စာစားပြီးချိန်မှာတော့ ပန်းချီဆရာ ဝင်းရွှေမိုး( ချောက် )ရဲ့ အိမ်ရှိရာ တောင်ကုန်းလေးတစ်ခုပေါ်ကို ကျွန်တော်တို့ဟာ ချဉ်းကပ်လာခဲ့ကြ။ သူ့ရဲ့အိမ်လေးဟာ တစ်ခုသောတောင်ကုန်းလေးပေါ်မှာ ရှိနေတာကြောင့် ပီကာဆိုတို့၊ ရိုဆူးတို့နေသွားခဲ့ဖူးရာ မွန်မတ်တောင်ကုန်းဒေသလေးကို သတိရချင်စရာ။

     မနှစ်က အဲဒီပန်းချီဆရာဆီရောက်တော့ ဧရာဝတီတစ်ဖက်ကမ်းကိုကူးသွားပြီး ဆိပ်ဖြူမြို့ကလေးက ဘီယာဆိုင်လေးတစ်ဆိုင်မှာထိုင်ခဲ့ဖူးတာကို အမှတ်ရနေခဲ့တာ။ ဒီနှစ်မှာတော့ အဲဒီလိုအချိန်မရတော့တာကြောင့် ပန်းချီဆရာဆီမှာ နာရီဝက်လောက်နေပြီးတာနဲ့ သူ့ရဲ့ တောင်ကုန်းအိမ်လေးပေါ်ကနေ ကျွန်တော်တို့ဟာ ကသောကမျော ပြန်ဆင်းလာခဲ့ကြ။ တစ်မနက်လုံး မျှော်နေတဲ့ မောင်ခင်မှိုင်း(ချောက်)ဟာ လှမ်းလှမ်းမေးလှပြီ။ မောင်ခင်မှိုင်းတို့၊ ငှက်ပြာမောင်မောင်တို့ရဲ့  သစ်ညိုကုန်းအဖွဲ့သားတွေနဲ့ ဆုံတွေ့ဖို့ စလေကို မနားတမ်းမောင်းသွားသော်လည်း စလေကိုရောက်သွားတဲ့အချိန်မှာ မွန်းတိမ်းနေခဲ့ပြီ။ စလေရောက်တော့လည်း ကိုယ့်လူက အလှည့်ဆင်းဖြစ်နေလေတော့ ဓာတ်မြေဩဇာစက်ရုံထဲ ရောက်ရှိသွားခဲ့ပြီ။
      
ဒီလိုနဲ့ပဲ မွန်းလွဲနေရောင်အောက်မှာ ရိပ်ရိပ်ထနေတဲ့ တံလျှပ်ပင်လယ်ကြီးကိုဖြတ်ပြီး ချောက် ရေနံချောင်းလမ်းဆုံက ဇေယျာလင်းဝေရဲ့ အချစ်ရွာလေးဆီ ခရီးဆက်ခဲ့ကြပြန်။ ဟိုရောက်တော့လည်း သူ့ရဲ့ အချစ်ရွာလေးမှာ ဘယ်သူမှ မရှိဘဲ တိတ်ဆိတ်သွေ့ခြောက်လို့။

       ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ တမာရိပ်ဆီပြန်လှည့်လာပြီး ဘယ်လိုနည်းနှင့်မှ လူချင်းမလွဲနိုင်တဲ့ ဟန်ကျော်မိုးရဲ့  Art workထဲကို ရောက်ရှိလာခဲ့ကြ။ သူ့ရဲ့ Art work ထဲမှာပန်းချီကားတွေဆိုတာ အသွေးစုံအရောင်စုံ
အရွယ်အစားအစုံ။ သူ့ရဲ့ စုတ်ချက်နဲ့အရောင်ဖွဲ့စည်းမှုတွေကို ငေးရီကြည့်နေရင်းနဲ့ တချို့တချို့သော ပန်းချီကားတွေထဲမှာ ကျွန်တော် တို့ဟာ လွင့်လွင့်‌မျောမျောဖြစ်သွားခဲ့ရတာ။

      ဟန်ကျော်မိုး( သို့မဟုတ် ) ကဗျာဆရာနေသူရိန်ဟန်။ တမာရိပ်ကို ကျွန်တော်တို့ရောက်သွားလေတိုင်း ကိုဆွေခင်တို့ အိမ်နား‌လေးက "နန်းမြို့မေ" ဆိုင်လေးဟာ သူနဲ့ ကျွန်တော်တို့ရဲ့ ဆုံမှတ်တစ်ခုလို ဖြစ်နေခဲ့တာ။ အဲဒီဆိုင်လေးထဲမှာ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ အနုပညာသမားတွေရဲ့ အရိပ်တွေနဲ့ ယိမ်း ထိုးနေတတ်တာ။
ဒီလိုနဲ့ပဲ အမှောင်ရိပ်တွေဟာ ခါတိုင်းရက်တွေထက်စောပြီး တမာရိပ်ထဲကို ထိုးကျလာခဲ့တာ။

        အဲဒီညက ရန်ကုန်ပြန်မယ့်ကားမလာသေးခင် ကားဂိတ်နဲ့ သိပ်မဝေးတဲ့ဆိုင်လေးတစ်ဆိုင်မှာ ကျွန် တော်တို့စုဖွဲ့ခဲ့ကြ။ ကျွန်တော်တို့လေးယောက်နဲ့၊ ကိုဆွေခင်နဲ့၊ ကဗျာဆရာ နေသွေးငယ်နဲ့။ နေသွေးငယ် ရေးဖွဲ့ထားတဲ့ ထန်းတောထဲက ပြေးထွက်လာတဲ့မြို့ဆိုတာ စံပယ်ဖြူမဂ္ဂဇင်းထဲမှာဖတ်ဖူးခဲ့တာ ဆယ်နှစ်လောက်တောင် ရှိသွားခဲ့ပြီ။ ဘာဖြစ်လို့မှန်းလည်း မသိ။ အဲဒီထန်းတောထဲက ပြေးထွက်လာတဲ့မြို့လေးဟာ ဘာအဆက် အစပ်မှ မရှိပါဘဲနဲ့ အာရုံမှာ ဖျိုးခနဲ ဖျပ်ခနဲ ပေါ်ပေါ်လာတတ်တာ။ သူ့ရဲ့ ကျောက်ပန်းတောင်းမြို့ဖွဲ့ကဗျာရှည်ဟာ ကိုယ်တိုင် ကျောက်ပန်းတောင်းကို ရောက်လာပြီး တစ်မျှော်တစ်ခေါ် ထန်းတောတွေကို မြင်တွေ့လာတဲ့အခါမှာ အရသာပိုရှိလာခဲ့တာ။

      ဒီလိုနဲ့ပဲ ရန်ကုန်ကိုပြန်မယ့် ခိုင်မန္တလေး အိပ်စ်ပရက်ကားဟာ ရောက်ရှိလာခဲ့ပြီ။
ခွဲခွာရမယ့်အချိန်ကို ရောက်လာလို့လားတော့မသိ။ လမ်းကလေးပေါ်ကို ဖြာ‌ဝေကျလာတဲ့လရောင်ဟာ လွမ်းစရာကောင်းသွားသလို သူတို့နှစ်ယောက်ရဲ့ မျက်လုံးတွေထဲမှာလည်း အလွမ်းတွေနဲ့ စိမ်းဝေမှုန်ရီသွားခဲ့ပြီ။နှစ်တစ်နှစ် ပြီးဆုံးသွားခဲ့တာ မဟုတ်ပေမယ့် ကျွန်တော်တို့အတွက်တော့  မူးရစ်ဝေသော တမာရိပ်‌နွေညများ အဆုံးသတ်သွားခဲ့ရတာ။ ကျွန်တော်တို့ ကားပေါ်တက်ပြီး သိပ်မကြာခင်မှာပဲ  ကိုဆွေခင်ရဲ့ကားလေးဟာ ဖွဲဖွဲလွင့်လွင့် တမာရွက်ကြွေတွေကြားက သူ့ရဲ့အထီး တမာရိပ်လေးရှိရာ အရှေ့အရပ်ဆီကို တရွေ့ရွေ့နဲ့ တိုးဝင်သွားခဲ့တာ။  ။

                                        နိုင် ဝင်း သီ
                                      ၁၄ ၊ ၄ ၊ ၂၀၂၀