Breaking News

ဧရာ(မန္တလေး) - ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းလာခြင်း (၁)



ဧရာ(မန္တလေး) - ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းလာခြင်း (၁)

(မိုးမခ) မေ ၈၊ ၂၀၂၀

🔹 ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊ ဟိတာယ သဗ္ဗပါဏိနံ (သုတ္တနိပါတ် အဋ္ဌကထာ)
သက်ရှိသတ္တဝါ ခပ်သိမ်း၏ အကျိုးစီးပွား အလို့ငှာ ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းလာခဲ့ပေသည်။


“ဗုဒ္ဓ” ဟူသည့် ဝေါဟာရသည် အသိဉာဏ်ပွင့်လင်းသူ (The Enlightened One), အမှောင်ထုမှ နိုးထသူ (The Awakened One) ဟု အဓိပ္ပါယ်ရသည်။ မိမိကိုယ်တိုင် သစ္စာတရားကို သိမြင်တော်မူပြီးနောက်၊ သတ္တဝါ အများအားလည်း အမှောင်ထုမှ နိုးထကာ မိမိနည်းတူ သိကြစေရန် သစ္စာတရားကို ဟောကြားပြသတော်မူခဲ့သည်။ ဗုဒ္ဓမြတ်စွာသည် လူသားတို့အား အသိဉာဏ် အလင်းရစေရန် မီးရှုးတိုင်ကို ကိုင်ဆောင်ပြသော (ဥက္ကာဓာရော မနုဿာနံ - The Bringer of the Light) ပညာရှိ တစ်ဦး ဖြစ်သည်။ ထိုဗုဒ္ဓမြတ်စွာသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကာလ (ယနေ့ အိန္ဒိယနိုင်ငံနိုင်ငံရှိ) ဂင်္ဂါ, ယမုံနာ, အစိရဝတီ, သရဘူ, မဟီဟူသော မြစ်ကြီးငါးသွယ်တို့ စီးဆင်းနေသည့် မြစ်ဝှမ်းလွင်ပြင် မဇ္ဈိမဒေသတွင် ပွင့်ထွန်းပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓသည် ထိုခေတ်က လွှမ်းမိုးခဲ့သည့် ဗြဟ္မဏဝါဒ ကိုးကွယ် ယုံကြည်မှုများကို ဆန့်ကျင်ကာ ပေါ်ပေါက်လာခဲ့သည့် ဘာသာရေး ခေါင်းဆောင်တဦး အဖြစ် သမိုင်းဆရာ အချို့က ဆိုသည်။ လွတ်လပ် ပွင့်လင်းသည့် ကိုယ်ကျင့်ဒဿနနှင့် မဟာလူသားဝါဒကို ဖော်ထုတ်ခဲ့သည့် အတွေးခေါ်ပညာရှင် တဦးအဖြစ် သုတေသီအချို့က ဆိုမည်။ လူသားတို့ကို ကယ်တင်ရန်အတွက် ကောင်းကင်ဘုံမှ ဆင်းသက်ကာ လူသားအဖြစ် ခံယူမွေးဖွားခဲ့သည့် အဝတာရဘုရား တစ်ပါး အဖြစ် ကိုးကွယ်ကြသူများလည်း ရှိပါသည်။ ဗုဒ္ဓသည် သမိုင်းတွင် အမှန်တကယ် မရှိခဲ့ဘဲ၊ ယုံကြည် ကိုးကွယ်သူများ အစဉ်အဆက် ပြောဆိုလာခဲ့ကြသည့် ဒဏ္ဍာရီ အဖြစ်မျှသာ မှတ်ယူကြသူများလည်း ရှိနိုင်ပါသည်။ ဗုဒ္ဓသည် မည်သို့သော ပုဂ္ဂိုလ် တဦးဖြစ်သည်ကို သမိုင်းဆရာများ, လူမှုရေးပညာရှင်များ, သုတေသီများ, ကိုးကွယ်ယုံကြည်သူကြများက မိမိတို့ သိမြင်ယုံကြည်သည့် ဓာတ်ခံအလျောက် အမျိုးမျိုး ပုံဖော်ကြည့်ကြပါလိမ့်မည်။

🔹 ယော ခေါ၊ ဝက္ကလိ၊ ဓမ္မံ ပဿတိ သော မံ ပဿတိ၊ ယော မံ ပဿတိ သော ဓမ္မံ ပဿတိ။
(သံ.၃.၈၇၊ ဝက္ကလိသုတ်)

“တရားကို မြင်သောသူသည် ငါ့ကို မြင်၏၊ ငါကို မြင်သောသူသည် တရားကို မြင်၏” ဟု ဗုဒ္ဓမြတ်စွာက ဝက္ကလိရဟန်းအား မိန့်ခဲ့ဖူးသည် (သံ.၃.၈၇၊ ဝက္ကလိသုတ်)။ ဗုဒ္ဓသည် မည်သို့သော ပုဂ္ဂိုလ်တဦး ဖြစ်သည်ကို နားလည်နိုင်ရန်မှာ ဗုဒ္ဓမြတ်စွာ၏ တရားတော်များကို အမှန်အတိုင်း နားလည်ရန် လိုအပ်သည်။ တရားတော် ဆိုရာတွင်လည်း ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သည့် တရား၊ ထိုတရား အားလျှော်စွာ လိုက်နာရမည့် အကျင့်နှင့် ထိုအကျင့်တို့ကို လိုက်နာ ကျင့်သုံးခြင်းဖြင့် ရရှိမည့် မဂ်ဖိုလ်နိဗ္ဗာန် ဟူ၍ အဆင့်ဆင့် ရှိနေမည် ဖြစ်သည်။

ဗုဒ္ဓမြတ်စွာ၏ ဘဝဖြစ်တော်စဉ်ကို ရေးသားထားသည် ဗုဒ္ဓဝင်ကျမ်းစာ စာအုပ် အများအပြား ရှိပြီး ဖြစ်ပါသည်။ ဤနေရာတွင် ဇာတ်လမ်းဇာတ်ကွက် စုံလင်ကျနသည့် ဖြစ်တော်စဉ်မျိုးထက်၊ ကျမ်းရင်း ပါဠိတော် နိကာယ်ငါးရပ်လာ တရားဒေသနာများတွင် တွေ့ရသည့် ဗုဒ္ဓမြတ်စွာ၏ ဘဝဖြစ်စဉ် အကြောင်းများ၊ ထိုဗုဒ္ဓမြတ်စွာ၏ ဘဝဖြစ်စဉ်များနှင့် ဆက်စပ်နေသည့် ဓမ္မအတွေးအမြင်များကို ဦးစားပေး ထုတ်နှုတ်ဖော်ပြသည့် ဗုဒ္ဓဝင်စာစုများကို #ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း ဟူသည့် ခေါင်းစည်းခွဲဖြင့် ရေးသားသွားပါမည်။