Breaking News

ခိုင်မာကျော်ဇော - သင်တို့ အသားစားတဲ့အခါ ကျွန်ုပ်တို့ကို သတိရပါ


ခိုင်မာကျော်ဇော - သင်တို့ အသားစားတဲ့အခါ ကျွန်ုပ်တို့ကို သတိရပါ

(မိိုးမခ) မေ ၇၊ ၂၀၂၀

ကိုဗစ် ၁၉ ဟာ အမေရိကန်တွေရဲ့ အသက်တွေကို လေးစက္ကန့်တစ်ယောက်နှုန်းနဲ့ အလျင်အမြန် ချွေယူနေပါတယ်။
မေလ (၆)ရက်နေ့ စာရင်းအရ အမေရိကန်ပြည်ထောင်စုမှာ ကူးစက်သူ(၁.၂၆)သန်းကျော်နဲ့ သေဆုံးသူ ( ၇ သောင်း ၄ ထောင်) ကျော်ရှိနေပါပြီ။

နိုင်ငံအဝှမ်း ပိတ်ထားတွေကို တချို့ ပြန်ဖွင့်လိုက်တဲ့အတွက် ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းကလည်း မြင့်တက်လာပါတယ်။
ကျန်းမာရေး ပညာရှင်တွေရဲ့ အဆိုအရ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘဲ လူတွေ ပေါ့ဆနေရင် လာမဲ့ ဩဂုတ်လမှာ သေဆုံးမှုနှုန်းဟာ ယခုထက် ၂ ဆ ရှိလာမယ်လို့ ဆိုပါတယ်။

ဆိုရှယ်ဒစ်စတန့်တင်းနဲ့ အိမ်ပြင်ထွက်ရင် မတ်ခ့်တပ်ရမဲ့ စည်းကမ်းက လူတိုင်း မဖြစ်မနေ လိုက်နာရမှာ ဖြစ်ပေမယ့် မတ်ခ့်ထုတ်လုပ်တဲ့ စက်ရုံကိုသွားရောက်ခဲ့တဲ့ သမ္မတထရန့်ကိုယ်တိုင်က မတ်ခ့်မတပ်တဲ့အတွက် ဝေဖန်ခံ နေရပါတယ်။

မစ်ရှီကန်ပြည်နယ်မှာ စျေးဆိုင်ထဲဝင်မဲ့သူကို မတ်ခ့်တပ်ဖို့ သတိပေးခဲ့တဲ့ လုံခြုံရေးကို စျေးဝယ်လာသူက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ပစ်ခတ်မှုကလည်း အမေရိကန်ပြည်ထောင်စုမှာ လူပြောစရာ ဖြစ်နေပါတယ်။

ဒီနေ့ အသိတယောက်ရဲ့ ဖေ့စ်ဘွတ်မှာ သမ္မတထရန့်နဲ့ အမေရိကန်ပြည်သူတွေကို အသိပေးရေးထားတဲ့ စာတိုလေး တပုဒ် ဖတ်ရပါတယ်။

သူရေးထားတာက
" အမေရိကန်များ ခင်ဗျား စည်ကမ်းလိုက်နာခြင်းဖြင့် ကျွနု်ပ်တို့ကို ကူညီပါ "
" သမ္မတကြီး ခင်ဗျား ကျန်းမာရေး ဂရုစိုက်ပါ၊ အပြင်ထွက်ရင် မတ်ခ့်တပ်ပါ "
" သင်တို့ အသားစားတဲ့အခါ ကျွနု်ပ်တို့ကို သတိရပါ " တဲ့

ဒီစာကိုရေးသူက အိုင်အိုဝါ အသားစက်ရုံက စပိန်စကားပြောတဲ့ အမျိုးသားတဦးပါ။

ဆီချိုရောဂါသည် ဇနီးနဲ့ သားသမီး သုံးဦးရှိတဲ့ သူက ကိုဗစ် ၁၉ သတင်းကို နေ့စဉ်မှန်မှန် ကြည့်ပြီး စိုးရိမ်စိတ်တွေနဲ့ အသားစက်ရုံကို ပျက်ရက်မရှိ အလုပ်ဆင်းနေသူလည်း ဖြစ်ပါတယ်။
ဖျားနာရင် အလုပ်မဆင်းနဲ့လို့ မန်နေဂျာက ပြောပေမယ့် အလုပ်မဆင်းဘဲ အိမ်မှာနေရအောင် သူ့ဘဝက သူ့ကို မျက်နှာသာ မပေးဘူးလို့လည်း သူက ပြောပါတယ်။

အသားစက်ရုံက သူ့ဘဝက ဘာနဲ့ တူသလဲဆိုရင် ကျောပိုးအိတ်လွယ်ထားတဲ့ သားပိုက်ကောင် တစ်ကောင် လှောင်အိမ်ကျယ်ကြီးတခုထဲ ရောက်နေတာနဲ့ တူတယ်လို့ သူက ဆိုပါတယ်။

သူ့ ရင်ဘတ်မှာ ပိုက်ထားရတာက သူ့ မိသားစုတာဝန် သူ့ကျောမှာ ပိုးထားရတာက မက္ကဆီကိုမှာ ကျန်ခဲ့တဲ့ မိဘများနဲ့ ညီအကိုမောင်နှများ အတန်းပညာ နည်းနည်းနဲ့အမေရိကန်ပြည်ထောင်စုထဲ ပြောင်းရွေ့ဝင်ရောက်လာတဲ့ သူ့အတွက် အသားရုံတွေကလွဲပြီး အခြားရွေးချယ်စရာ သိပ်မရှိတဲ့ အကြောင်း သူက ပြောပါတယ်။

တကယ်တမ်းတော့ အမေရိကန်ပြည်ထောင်စုက အသားရုံတွေမှာ ကျောပိုးအိတ်ထမ်းထားရတဲ့ သားပိုက်ကောင်လို အလုပ်သမားဟာသူတစ်ယောက်ထဲတော့ မဟုတ်ပါဘူး။

အနီးစပ်ဆုံးပြောရရင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းတွေ၊ အိိန္ဒိယ-မြန်မာနယ်စပ်နဲ့ မလေးရှားနိုင်ငံတွေကနေ လာတဲ့ ကရင်၊ မြန်မာ၊ ချင်း၊ ရခိုင်၊ ကချင် စတဲ့ မြန်မာနိုင်ငံသားတွေလည်း အများကြီးရှိပါတယ်။

သူတို့အားလုံးဟာ အမေရိကန်ပြည်ထောင်စုထဲမှာ သူတို့ဘဝ အခြေကျဖို့နဲ့ ဆင်းရဲတွင်းနက်နေတဲ့ မြန်မာပြည်က မိဘတွေ ဆွေမျိုးအတွက်ပါ ရုန်းကန်နေကြရတာပါ။

ဒီနေရာမှာ တိုက်ဆိုက်လာလို့ အသားစက်ရုံမှာ အလုပ်လုပ်တဲ့ ကရင်လူငယ်တဦးရဲ့ပြောစကားကို ပြန်​ပြီး ပြောပြ ရရင်

" ကျနော်တို့မှာ ရှေ့တန်း စစ်မျက်နှာလည်း ဖွင့်ရတယ်"
" နောက်တန်း ပြန်မကြည့်ရတဲ့ လရယ်လို့ တစ်လမှ မရှိဘူး" တဲ့

အခုတော့ နှစ်ပူပေါ် နောက်အပူ တခုက ထပ်ဆင့်နေပါတယ်။ ကျောပိုးအိတ်လွယ်ထားတဲ့ သားပိုက်ကောင်တွေ လှောင်အိမ်ကျယ်ကြီးတခုထဲ ကိုဗစ် ၁၉ နဲ့ နပန်းလုံးနေရပါတယ်။

အိုင်အိုဝါက အသားစက်ရုံတခုမှာ အလုပ်သမားတွေ ဖျားနာတာများလို့ စစ်ဆေးကြည့်တဲ့အခါ အလုပ်သမား ၅၈% မှာ positive ဖြစ်နေတဲ့အကြောင်း၊ နီဘရားစကား အသားရုံက အလုပ်သမား ၆၀၀ ကျော် ရောဂါ ကူးစက်ခံထားကြောင်း တောင်ဒါကိုုုုတာ ပြည်နည်က ဝက်သားစက်ရုံအလုပ်သမားတွေ တောင်ပုံရာပုံ ဖျားနေတဲ့အတွက် အလုပ်ပြုတ်သူတွေ အမြောက်အများ ရှိကြောင်း သတင်းတွေက ဖော်ပြကြပါတယ်။

အလုပ်သမားတွေသာမက အသားထုတ်လုပ်မှုကို ကြီးကြပ်စစ်ဆေးတဲ့ * USDA က inspector ၃ ဦး သေဆုံးခဲ့ရပြီး (၁၄၅ )ဦးလည်း ရောဂါ ကူးစက်ခံထားရကြောင်းလည်း ဖတ်ရပါတယ်။

အလားတူ ပင်ဆယ်ဗေးနီးယား၊ အင်ဒီယားနား၊ နီဘရားစကား၊ မီနီဆိုးထား၊တောင်ဒါကိိုတာ၊ မြောက်ကာလိုလိုင်းနား၊ တက္ကဆက် စရှိတဲ့ အမဲ၊ ဝက်၊ ကြက်၊ ကြက်ဆင်စတဲ့ အသားထုတ် စက်ရုံတွေမှာ
ကိုဗစ် ၁၉ ကူးစက်မှုတွေ မြင့်တက်နေသလို အသေအပျောက်တွေရှိလို့ အသားရုံတချို့ ပိတ်ရတာတွေလည်း ဖြစ်လာပါတယ်။

နီဘရားစကားက အမဲရုံမှာ အလုပ်လုပ်တဲ့ ကရင်အမျိုးသမီး တဦးပြောတာကဘ သူတို့စက်ရုံမှာ ကိုဗစ် ၁၉ positive ဖြစ်သူတွေဟာ၊ အလုပ်သမား အချင်းချင်း ကူးစက်ကြတာဖြစ်ပြီး သူကိုယ်တိုင်လည်း တလိုင်းထဲ အတူလုပ်တဲ့ နီပေါ အမျိုးသမီးဆီက ကူးစက်ခံရတာလို့ ဆိုပါတယ်။

နောက် မိသားတစ်စုကတော့ အသားစက်ရုံကနေ အဖေက ရောဂါ ရလာပြီး မိသားစုဝင် (၅)ဦးလုံးဆီကို ကူးစက်နေတဲ့အတွက် တစ်မိသားစုလုံး ဆေးကုသမှု ခံယူနေရတယ်။

အမေရိကန်ပြည်ထောင်စု တဝှမ်းမှာ အသားရုံ လုပ်သား(၅) သိန်းကျော်ရှိပြီး လုပ်သားအများစုဟာ မြန်မာ၊ နီပေါ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မက္ကဆီကို၊ ဆိုမားလီးလား၊ အီသီယိုပီးလား၊ အီရထေးရီးယား စတဲ့ စီးပွားရေးနိမ့်ကျပြီး စစ်ရေးပဋိပက္ခရှိတဲ့ နိုင်ငံတွေကနေ ပြောင်းရွေ့ အခြေချ နေထိုင်သူတွေက အများစု ဖြစ်ပါတယ်။

သူတို့ဟာ အလုပ်ကျိုးစားသူတွေ ဖြစ်ပြီး၊ လူနေကျဲပြီး စီးပွားရေး နှေးကွေးတဲ့ ပြည်နယ်တွေရဲ့ ကွက်လပ်ကို ဖြည့်ဆည်း​ပေးသူတွေ ဖြစ်တယ်လို့ အကောင်းမြင်တဲ့ အမေရိကန်တွေက သူတို့ကို နွေးနွေးထွေးထွေး ရှိကြသလို သမ္မတ ထရန့်လို အမေရိကန်မှ အမေရိကန်ဖြစ်နေကြတဲ့ အမေရိကန်တွေက ရွေ့ပြောင်းအခြေချ နေထိုင်သူတွေဟာ နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်တယ် နိုင်ငံရဲ့ အရင်းအမြစ်တွေကို အချောင်လာ ခူးစားနေသူတွေ ဖြစ်တယ်။ တချို့ကလည်း ရောဂါပိုး သယ်လာသူတွေဖြစ်တယ်လို့လည်း မြင်ကြပါတယ်။

အခုချိန်မှာတော့ အသားရုံက ရွေ့ပြောင်းအလုပ်သမားတွေဟာ အမေရိကန်တွေအတွက် မရှိရင် မဖြစ်တဲ့ အလုပ်သမားတွေ ဖြစ်နေပါပြီ။

သမ္မတကြီး ထရန့်ကိုယ်တိုင်ကလည်း အသားစက်ရုံတွေကို လုံးဝ ပိတ်လို့ မဖြစ်ဘူး အသားရုံတွေ ပိတ်လိုက်ရင် နိုင်ငံသားတွေ အငတ်ဘေး ဆိုက်ကုန်မယ်လို့ ပြောပြီး အသားစက်ရုံတွေကို ဆက်ဖွင့်ဖို့ အရေးပေါ် ဥပဒေ ထုတ်ပြန်ခဲ့ပါတယ်။

အသားရုံ အလုပ်သမားတွေကလည်း စက်ရုံလုံးဝ ပိတ်သွားတာ၊ လုပ်ငန်း လုံးဝ ရပ်ဆိုင်း သွားတာမျိုးကို လိုလားကြတာ မဟုတ်ပါဘူး။
ဒီအလုပ်ကဘဲ သူတို့ကို ထမင်းကျွေးတာ ဒီအလုပ်ကဘဲ သူတို့ဘဝ ပြေလည်ရေးအတွက် ဖြေရှင်းပေးတာကို သူတို့ နားလည် လက်ခံကြပါတယ်။

ဒါပေမယ့်လည်း အများနည်းတူ သူတို့လည်း ကိုဗစ် ၁၉ ကို ကြောက်ကြပါတယ်။
ကြောက်စိတ် စိုးရိမ်စိတ်တွေနဲ့ဘဲ သူတို့ အလုပ်ရုံရှိရာကို အားတင်းပြီး သွားနေကြပါတယ်။
သူတို့ အမေရိကန် စီးပွားရေး ဘုံးဘုံးမလဲသွားအောင် ကြားကန်ပေးနေကြပါတယ်။

အမေရိကန်တွေရဲ့ သေဆုံးမှုနှုန်းဟာ ကမ္ဘာ့ထိပ်ဆုံးမှာ ရှိနေဆဲပါ
အိမ်ထဲမှာနေသူတွေ အပြင်ထွက်ရင် မတ်ခ့်တပ်ပါ
သင်တို့ အသားဟင်းစားတဲ့အခါ သူတို့ကို သတိရပါ။

* United States Department of Agriculture