Breaking News

အမေရိကန်ရဲဝန်ထမ်းလက်ချက်နဲ့ ဂျော့ဖလွိုက်အမည်ရှိ လူမည်း သေဆုံးမှု တပြည်လုံးကန့်ကွက်ဆန္ဒပြ


အမေရိကန်ရဲဝန်ထမ်းလက်ချက်နဲ့ ဂျော့ဖလွိုက်အမည်ရှိ လူမည်း သေဆုံးမှု တပြည်လုံးကန့်ကွက်ဆန္ဒပြ

(မိုးမခ) မေ ၃၀၊ ၂၀၂၀

အမေရိကန်ပြည်ထောင်စု၊မီနီဆိုးတားပြည်နယ်၊ မီနီယာပုလိစ်မြို့တော်မှာ လွန်ခဲ့တဲ့တနင်္လာနေ့က ရဲ ၄ဦးက လူမည်းတဦးကို လမ်းပေါ်မှာ ရပ်တန့်စစ်ဆေးရာကနေ အကြမ်းဖက်ဖမ်းဆီးသည်အထိ ဖြစ်ပွားခဲ့ပါတယ်။ ရဲ ၃ ဦးက ဂျော့ဖလွိုက်အမည်ရှိ အဆိုပါအရပ်သားကို လမ်းပေါ်မှာ လှဲချပြီးချုပ်နှောင်ထားတာအပြင် ရဲတဦးက ၎င်းလည်ပင်းကို ဒူးဖြင့် ဖိနင်းထားခဲ့ပါတယ်။ ဂျော့ဖလွိုက်က သူအသက်ရှှုလို့မရတော့ဘူးဟု အကြိမ်ကြိမ် အော်ဟစ် တောင်းပန်နေတဲ့ကြားက ဆက်ပြီး ဖိနှိပ်ထားတာကြောင့် ပရိသတ်မျက်စိရှေ့မှာပဲ အသက်ပျောက်သွားခဲ့ရပါတယ်။ 

အဲသည် ဗီဒီယိုရိုက်ကူးထားတာ ဆိုရှယ်မီဒီယာပေါ်  နောက်တရက်အတွင်း ပြန့်နှံ့သွားလို့ အများပြည်သူက မခံမရပ်နိုင်ဖြစ်ပြီး လမ်းပေါ်ထွက် ဆန္ဒပြကန့်ကွက်သည်အထိ ဖြစ်ပွားခဲ့ပါတယ်။ လူဖြူ ရဲသားတွေက လူမည်းအရပ်သားတွေအပေါ် အလွန်အကျွံ အကြမ်းဖက်မှု သတ်ဖြတ်သည်အထိ ကျုးလွန်မှုတွေ အမေရိကန်မှာ သမိုင်းဆိုး ရှိတာကြောင့် ဒီအရေးအခင်းဟာ အသားအရောင်ခွဲံခြားမှု ရဲအကြမ်ဖက်မှုအဖြစ် မတရားမှုကို အရေးယူနိုင်ဖို့ နိုင်ငံသားအခွင့်အရေးသမားတွေ ပြည်သူတွေက ကန့်ကွက် တောင်းဆိုမှုတွေ တိုးမြှင့် ဖြစ်ပွားလာပါတယ်။


အဆိုပါအမှုအခင်းကို မြို့တော်အာဏာပိုင်တွေက နှုတ်ငုံနေရာက ထိန်းသိမ်းမရအောင် ကန့်ကွက်မှုတွေ ကြီးထွားလာလို့ ရဲလေးဦး ကို အလုပ်က ထုတ်ပစ်တယ်လို့ ကြေညာရပါတယ်။ တရားရေးဌာနကလည်း အမြန်ဆုံး စွဲချက်တင်အရေးယူပါ့မယ်လို့ ထုတ်ဖော်ပြောဆိုရပါတယ်။ အဲသည် ဆန္ဒပြပွဲတွေ မီနီးဆိုးတားပြည်နယ်ကနေ တနိုင်ငံလုံးကို အခုတပတ်အတွင်း ပြန့်နှံ့သွားပါတယ်။ သမတထရန့်က ဆန္ဒပြသူတွေဟာ အကြမ်းဘက်တွေလို့ ပုတ်ခတ်တာကြောင့် လူတွေက ပိုပြီး မခံမရပ်နိုင်ဖြစ်ကြပြီး လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ တောမီးလို တပြည်လုံး ပြန့်နှံ့ကုန်ပါတယ်။ ၂၉ မေ မှာ ပြည်နယ်တရားရုံးကနေ ဒူးနဲ့ဖိသတ်တယ်အစွပ်စွဲခံရတဲ့ ရဲသားကို လူသတ်မှုအဆင့်၃ နဲ့သာ စွဲချက်တင်တာမို့ ပိုပြီး လူတွေက ဒေါသပေါက်ကွဲပြီး လမ်းပေါ်မှာ ရဲနဲ့ လူထု အဓိက့ရုဏ်းတွေ တပြည်လုံး ဖြစ်ပွားနေပါတော့တယ်။
 
ယခုအချိန်မှာ နယူးယောက် ဆန်ဖရန် အမေရိကန် အရှေ့ခြမ်း အနောက်ခြမ်း မြို့တော်တွေမှာ လမ်းတွေ ပိတ်၊ ရဲတွေနဲ့ ထိပ်တိုက်ဖြစ်၊ သတင်းထောက်တွေပါ ရဲတွေက ဖမ်း၊ ရော်ဘာကျည်ဆံ အပစ်ခံရ၊ ဆိုင်တွေ စျေးတွေ မီးရှို့ ဖျက်ဆီးခံရတဲ့ သတင်းတွေ တက်လာနေပါတော့တယ်။


အခုအရေးအခင်းက ဂျော့ဖလွိုက် သေဆုံးရမှုတခုတည်းကနေ စတာမဟုတ်ပါဘူး။ ဒီ နှစ်ထဲမှာ ဂျော့ဂျီယာ၊ ကင်တာကီပြည်နယ် ၂ ခုမှ လူမည်း ၂ ဦး ကို လူဖြူတွေက (ရဲ၊ အရပ်သား) လမ်းမှာ ပစ်သတ်ခဲ့ကြပြီး ဖြစ်ပါတယ်။ သူတို့က တရားစီရင်တာ၊ ကိုယ့်ကိုယ်ကို ကာကွယ်တာလို့ ဖြေရှင်းခဲ့ကြပြီး သက်ဆိုင်ရာက လူမသိအောင် ဖုံးဖိထားတယ်လို့ အစွပ်စွဲခံရပါတယ်။ သည်အမှုတွေကလည်း ဆိုရှယ်မီဒီယာတွေပေါ် ရောက်လာတော့မှ အများပြည်သူတွေ သိရှိရပြီး ပြည်သူတွေနဲ့ နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူတွေ ကန့်ကွက်တောင်းဆိုကြလို့ ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးတဲ့အဖြစ်ကို ရောက်ရပါတယ်။

အမေရိကန်ပြည်ဟာ ထိပ်တန်းနိုင်ငံကြီးဆိုသော်လည်း ကိုဗစ်၁၉ ကပ်ရောဂါကို ကာကွယ်ဖြေရှင်းနိုင်ဖို့ ခုချိန်ထိ အစိုးရအဆင် ပြည်နယ်အဆင့် လူထုအဆင့် အငြင်းပွားနေဆဲ ဖြစ်ပါတယ်။ ညီညွတ်တဲ့ ခေါင်းဆောင်မှုနဲ့ အဖြေလည်း မရနိုင်သေးပါ။ အခုဆို လူ ၁.၆ သန်း ကူးစက်၊ ၁သိန်းကျော် သေဆုံးခဲ့ရပါပြီ။ ကပ်ဘေးအောက်မှာဖြစ်နေကာမူ အမေရိကန်က အသားအရောင်ခွဲခြားမှုသမိုင်းဆိုးက ကပ်ဘေလည်းမရှောင်ဘဲ လူမည်းတွေကို ဆက်ပြီး သတ်ဖြတ်နေဆဲ ဖြစ်ပါတယ်။