Breaking News

အာဆီယံက ဆွဲတဲ့ကြိုးကို တင်းတင်းပြန်ဆွဲလိုက်တဲ့ စစ်တပ်အစိုးရ၊ ထိုင်းရဲ့ ချိန်ညှိထားသည့် ပြန်လည်ထိတွေ့ဆက်ဆံမှု အကျိုးသက်ရောက်မှု

 

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၁ မြင်ကွင်း


(မိုးမခ) ၊ ဩဂုတ် ၁၂ ၊ ၂၀၂၆

 

အာဆီယံက ဆွဲတဲ့ကြိုးကို တင်းတင်းပြန်ဆွဲလိုက်တဲ့ စစ်တပ်အစိုးရ၊ ထိုင်းရဲ့ ချိန်ညှိထားသည့် ပြန်လည်ထိတွေ့ဆက်ဆံမှု အကျိုးသက်ရောက်မှု

ခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်း၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ အဖွဲ့ဝင် ၁၁ နိုင်ငံရှိတဲ့ အာဆီယံအဖွဲ့ရဲ့ သဘောတူညီမူ ၅ ချက်၊ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရဲ့ ထိုင်းနိုင်ငံခရီးစဥ် တွေနဲ့ပတ်သက်လို့ တူရကီနိုင်ငံပိုင် Public Broadcaster TRT ရုပ်သံက ဆွေးနွေးခန်း အစီအစဥ်တခု တင်ဆက်ခဲ့ပါတယ်။ မကြာသေးခင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ တရားဝင်ဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့တဲ့ အကျိုးဆက်ကို ဆွေးနွေးသုံးသပ်ကြတာ ဖြစ်ပါတယ်။ 

ဒီဆွေးနွေးခန်းအစီအစဥ် ရဲ့ ခေါင်းစဥ်က အနောက်နိုင်ငံသတင်းမီဒီယာတွေက ရှုမြင်ကြတဲ့ ရှုထောင့်မျိုးဖြစ်တဲ့ “မြန်မာစစ်အာဏာရှင်အစိုးရကို ကမ္ဘာ့အသိုင်းအဝိုင်း ပြင်ပမှာ ထီးထီးချည်းထားခဲ့ရာက တဖြည်းဖြည်း လွတ်မြောက်လာပြီလား” ဆိုတဲ့ ခေါင်းစဥ်ပေးထားပြီး ဆွေးနွေးသူ အဖြစ် ဖိတ်ကြားထားတာ ၃ ယောက်မှာ မြန်မာနိုင်ငံမှာမွေးပြီး ကြီးပြင်းတဲ့ Free Burma Coalition အဖွဲ့ တည်ထောင်သူတဦးဖြစ်တဲ့ မောင်ဇာနည်၊ Asia Human Rights and Labour Advocates အဖွဲ့ရဲ့ ဒါရိုက်တာ ဖီလ်ရောဘတ်ဆန် နဲ့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ဌာနက ပါမောက္ခ တစ်တီနန် ဖောင်ဆူဒီရပ် တို့ပဲဖြစ်ပါတယ်။ 

ဆွေးနွေးမှုရဲ့ အဓိက ပင်မအကြောင်းအရာကတော့ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရကို ထိုင်းနိုင်ငံက တရားဝင်ဖိတ်ကြားဧည့်ခံဆွေးနွေးခြင်းအားဖြင့် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် အစိုးရရဲ့ သံတမန်ရေးအထီးကျန်မှု၊ အာဆီယံ သဘောတူညီမူ ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ဖို့ ဖိအားပေးမှုတွေကို အားနည်းသွားစေနိုင်မလားဆိုတာ ဖြစ်ပါတယ်။ 

ဒီဆွေးနွေးခန်း အစီအစဥ်မှာ မင်းအောင်လှိုင်စစ်အစိုးရကို လက်ရှိထိုင်းအစိုးရက တရားဝင် ဧည့်သည်တော်အဖြစ် ဖိတ်ကြားမှုက မြန်မာစစ်အစိုးရကို အာဆီယံထဲပြန်လည်ပေါင်းစည်းရေးကို အထောက်အပံ့ဖြစ်စေသလားလို့ မြန်မာနိုင်ငံမှာ မွေးဖွားပြီး လက်ရှိယူကေမှာနေထိုင်လျှက်ရှိသူ မောင်ဇာနည်ကတော့ ဒီမေးခွန်းကို ကမ္ဘာလုံးဆိုင်ရာ နောက်ခံအနေအထားနဲ့ ဆက်စပ်ဖြေဆိုမှသာ ပြည့်စုံမယ်လို့ ဆိုပြီး မြန်မာစစ်အစိုးရကို အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေ လုပ်ကြသည့်တိုင် လတ်တလော နှစ်တွေမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်ထားတဲ့ အစ္စရေးလ်လို နိုင်ငံကို ကမ္ဘာမှာ အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံအချို့က အားပေးထောက်ခံနေတာတွေကို ကြည့်ရင် မြန်မာစစ်အစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းထဲ မဝင်ရလို့ အရေးယူဖို့ ကျင့်ဝတ်ဆိုင်ရာအင်အား မရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ် ၃၀ ၁၉၉၇ ခုနှစ် က သန်းရွှေဦးဆောင်တဲ့ မြန်မာစစ်အစိုးရကို အာဆီယံထဲ လက်ခံ၊ မခံ စတဲ့ကာလတွေကတည်းက မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမလား၊ မဆက်ဆံဘူးလားဆိုတဲ့ အကြောင်းတွေ ဆွေးနွေးလာခဲ့ကြတာ အခုအချိန်ထိဖြစ်နေတာက စိတ်မကောင်းစရာ အခြေအနေနဲ့ ပြည်သူလူထုက ကြားမှာ ဒုက္ခခံစားနေကြရတယ်လို့ ဆိုပါတယ်။ မောင်ဇာနည် နောက်တချက်ထောက်ပြတာက ထိုင်းနိုင်ငံက မြန်မာစစ်တပ်ခေါင်းဆောင် အစိုးရကို အစိုးရရဲ့ ဧည့်သည်တော်အဖြစ် တရားဝင်ဖိတ်ကြားလိုက်တာကြောင့် ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒထိခိုက်ရအောင် ထိုင်းနိုင်ငံကရော ဒီမိုကရေစီ နိုင်ငံဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ဝေဖန်ပါတယ်။ 
ဒီဆွေးနွေးခန်းက အမြင်မတူတာတွေလည်း ဆွေးနွေးငြင်းခုံတဲ့ Debate ဆန်ဆန် ဆွေးနွေးတဲ့အစီအစဥ်ဖြစ်လို့ တဖက်က ဖီလ်ရောဘတ်ဆန်ကလည်း အနောက်နိုင်ငံတွေ အနေနဲ့ ကျင့်ဝတ်ဆိုင်ရာအင်အားရှိတယ်၊ စစ်အစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတာကြောင့် လူ့အခွင့်အရေးလေးစားဖို့အတွက် ဖိအားပေးဖို့လိုတယ်လို့ မြင်တယ်လို့ ဆိုပြီး သူ့အမြင်ကိုဆက်လက် ငြင်းခုံပြောဆိုပါတယ်။ 

စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းကို တရားဝင်ဖိတ်ကြားခံရတာကြောင့် အာဆီယံက ပြန်လည်လက်ခံတော့မှာလား လို့မေးရင် မဟုတ်ဘူးလို့ ဆိုရမှာပါ။ ထိုင်းနိုင်ငံရဲ့ လက်ရှိအစိုးရအနေနဲ့ နယ်စပ်တလျှောက်မှာ ဖြစ်ပွားနေတဲ့ မြန်မာနယ်စပ်ဘက်ကနေ ဝင်ရောက်နေတဲ့ မူးယစ်ဆေးဝါး ပြဿနာ၊ ကရင်ပြည်နယ် နဲ့ နယ်စပ်က တရုတ်နိုင်ငံသားတွေ ဦးစီးလုပ်ကိုင်နေတဲ့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကြောင့် ထိုင်းနိုင်ငံကို ဖြတ်သန်းပြီးဖြစ်ပွားနေတဲ့ လူကုန်ကူးမှု ပြဿနာ၊ ရှမ်းပြည်အရှေ့ပိုင်း နယ်စပ်ကို ကျော်ဖြတ်လာတဲ့ လေထု ညစ်ညမ်းမှုနဲ့ မြစ်၊ ချောင်းနဲ့ ရေနသတ္တဝါတွေ အဆိပ်သင့်မှုတွေ၊ တရားမဝင် လက်နက်ခဲယမ်း မှောင်ခိုမှုတွေ နဲ့ ထိုင်းနယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ပြဿနာတွေ အဖြေရှာဖို့ရာမှာ မြန်မာနိုင်ငံရဲ့ နယ်မြေ ထက်ဝက်နီးပါးကို ထိန်းချုပ်ထားပြီး အစိုးရအဖြစ် ရှိနေတဲ့ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်အစိုးရနဲ့ ဆက်ဆံရမယ့် အနေအထားဖြစ်ပါတယ်။ 

ဧပြီလမှာ အစိုးရဖွဲ့စည်းပြီးနောက် မေလနဲ့ ဇွန်လတို့မှာ အိန္ဒိယနဲ့တရုတ်နိုင်ငံ အသီးသီးက တရားဝင်ခရီးစဥ်တွေ သွားရောက်ခဲ့ပြီး တတိယမြောက်အဖြစ် လာအိုနိုင်ငံကို သွားရောက်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာ ထိုင်းနိုင်ငံ အစိုးရကဖိတ်ကြားခဲ့တာဖြစ်လို့ မင်းအောင်လှိုင်ကို အသိအမှတ်ပြု ဖိတ်ကြားသူတွေထဲ စတုတ္ထမြောက်နိုင်ငံသာ ဖြစ်ပါတယ်။  

သို့ပေမဲ့ အာဆီယံမှာ အတိုင်းအတာတခုထိ သြဇာရှိတဲ့ နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက တရားဝင် ထိတွေ့ဆက်ဆံမှုကို စတင်လုပ်ဆောင်လိုက်ခြင်းဟာ အာဆီယံအဖွဲ့ဝင် အခြားသောနိုင်ငံတွေအဖို့ တစုံတရာတော့ ဖိအားဖြစ်ကောင်း ဖြစ်စေပါလိမ့်မယ်။ 

သို့ပေမဲ့ အာဆီယံထဲက ကျွန်းနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်တို့က မြန်မာစစ်အစိုးရကို အာဆီယံသဘောတူညီမူ ၅ ချက် အကောင်အထည် မဖော်နိုင်မချင်း ခေါင်းဆောင်တွေရဲ့ ပုံမှန်အစည်းအဝေးမှာ အတွင်းဝန်အဆင့်ထက်မြင့်တဲ့ ရာထူးရှိသူကို မဖိတ်ဖို့ သဘောထားရှိကြတာ ဖြစ်ပါတယ်။ 

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အာဆီယံရဲ့ သဘောတူညီမူ ၅ ချက်ကို ၅ နှစ်ကျော်ကြာ အကောင်အထည် မဖေါ်နိုင်ဘဲ တိုင်းပြည်တည်ငြိမ်ပြီးနောက်မှ လုပ်ဆောင်ရမယ်ဆိုပြီး အကြောင်းပြပြောဆိုခဲ့ရာက အခု ထိုင်းနိုင်ငံ ခရီးစဥ်ပြီးနောက်မှာတော့ မြန်မာ့အရေးအတွက် အာဆီယံရဲ့ အထူးသံတမန် ခန့်အပ်ဖို့မလိုတော့ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။ ဒီလို အာဆီယံနဲ့ ဆက်ဆံရေးကို ကြိုးခပ်တင်းတင်းပြန်ဆွဲဖို့ ဖြစ်စေတဲ့အကြောင်းက ဘာတွေပါလဲ။ ထိုင်းနိုင်ငံရဲ့ တရားဝင်ဖိတ်ကြားမှု တခုထည်းကြောင့်တော့ မဟုတ်တာ သေချာပါတယ်။ ဧပြီလမှာ သမ္မတဖြစ်လာတဲ့ စစ်ခေါင်းဆောင်ကို အိန္ဒိယ၊ တရုတ်နဲ့ လာအိုတို့က တရားဝင်ဖိတ်ကြားခဲ့ခြင်းဟာ အရပ်သားတဖြစ်လဲ စစ်ခေါင်းဆောင်ကို ယုံကြည်မှုတွေမြင့်တက်စေခဲ့တာပါ။ ဒီ ခရီးစဥ်တွေကနေ အခုလို အာဆီယံကို ကြိုးပြန်တင်းဖို့ အားဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ ဒေသတွင်းနဲ့ ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေစာရင်းထဲပါဝင်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ သံတမန်ရေးအရ အသိအမှတ်ပြု ဖိတ်ကြားခဲ့ခြင်းဟာ ရွေးကောက်ပွဲပြီးနောက် နိုင်ငံတကာက အသိအမှတ်ပြုတဲ့ တရားဝင်အစိုးရသဖွယ် မှတ်ယူစေခဲ့တာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံက သူ့ရှေ့က ဖိတ်ကြားတဲ့ ၃ နိုင်ငံကို အကဲခတ်ပြီး ချိန်ညှိထားသည့် ပြန်လည်ထိတွေ့ဆက်ဆံမှု ဆိုတဲ့ စကားလုံးနဲ့ မြန်မာအပေါ် နိုင်ငံခြားရေးမူဝါဒကို ရွှေ့ပြောင်းဖို့ ဆုံးဖြတ်စေခဲ့ပုံရပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ မင်းအောင်လှိုင် အစိုးရကို ထိတွေ့ဆက်ဆံခြင်းအားဖြင့် နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းရမယ့် ပြဿနာတွေကို အဖြေထုတ်နိုင်မယ်လို့ ယူဆပုံရပါတယ်။ ထိုင်းနိုင်ငံ အဖို့ အရှေ့ဘက် နယ်နိမိတ်က ကမ္ဘောဒီးယားနိုင်ငံနဲ့ နယ်စပ်အငြင်းပွားမှုကို အကြောင်းပြုပြီး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ကာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်တာ၊ ကမ္ဘောဒီးယားနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ဖြည့်ဆည်းမှု လျော့ကျသွားတဲ့ အခြေအနေတွေကို မဲတင်းဖို့ မြန်မာနဲ့ဆက်ဆံရေး တိုးမြှင့်ဖို့ လုပ်ဆောင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

အခုလို မြန်မာစစ်ခေါင်းဆောင်က အာဆီယံကို ကြိုးပြန်တင်းကြည့်ခြင်းဟာ အာဆီယံ အဖွဲ့ကနေ နုတ်ထွက်တဲ့ အခြေအနေမျိုးထိတော့ ရည်ရွယ်ထားပုံမရပါဘူး။ အာဆီယံက မြန်မာနိုင်ငံ ပြည်တွင်းရေးကို သြဇာမပေးဖို့ဆိုတဲ့ စည်းကို တားကြည့်ပြီး ၅ နှစ်ကြာ တိုးတက်မှုမရှိတဲ့အနေအထားနဲ့ ကာလတခုထိ ရှေ့ဆက်မယ့် အရိပ်အယောင်လို့ ကောက်ချက်ချရပါတယ်။ 

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar