Breaking News

မောင်လူပေ ကိုရိုနာ ၂၇/၀၅/၂၀

မောင်လူပေ ကိုရိုနာ ၂၇/၀၅/၂၀

(မိုးမခ) မေ ၂၈၊ ၂၀၂၀

အမေရိကန်ပြည်ထောင်စုတွင် ကျန်းမာရေးဝန်ထမ်း ခြောက်သောင်းနှစ်ထောင်မျှ ဗိုင်းရပ်ကူးစက်ခံခဲ့ရပြီး အနည်းဆုံး(၂၉၁)ဦး သေဆုံးခဲ့သည်ဟု CDC မှ ကြေညာသည်။ ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုထဲတွင် ကျန်းမာရေးဝန်ထမ်းကိုးထောင်ကျော် ကူးစက်ခံရပြီး ငါးဆယ်မျှ သေဆုံးသွားခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် ကူးစက်ခံရသူ တစ်သိန်းကျော်ရှိပြီဖြစ်ကာ သုံးထောင့်ရှစ်ရာကျော်သေဆုံးခဲ့သည်။ ဆန်ဖရန်စစ္စကိုဗေးဧရိယာအတွင်း၌ ကူးစက်ခံရသူ တစ်သောင်းနှစ်ထောင့်ရှစ်ရာကျော်ရှိပြီး (၄၃၂)ဦး သေဆုံးခဲ့သည်။

အမေရိကားတွင် ဗိုင်းရပ်စစ်ဆေးမှုများကို လူ(၁၅)သန်းကျော်အထိ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သော်လည်းဩဂုတ်လအထိ တပြည်လုံးတွင် သေဆုံးသူ တစ်သိန်းသုံးသောင်းမျှရှိမည်ဟု ဝါရှင်တန်တက္ကသိုလ်၏ ခန့်မှန်းချက်ထွက်လာသည်။ ယခင်အပတ်က ခန့်မှန်းချက်ထက် သေဆုံးသူ တစ်သောင်းကျော် လျှော့နည်းသည်။

ရောဂါပျံ့ပွားမှုကို မထိန်းချုပ်နိုင်ပါက ဩဂုတ်လလောက်ရောက်လျှင် ဘရာဇီး၌ သေဆုံးသူ တစ်သိန်းနှစ်သောင်းခွဲအထိ ရှိမည်ဟု WHO က သတိပေးသည်။

WHO အနေဖြင့် ရံပုံငွေရှာဖွေရန်အတွက် WHOဖေါင်ဒေးရှင်းထူထောင်မည်ဟု ထိုအဖွဲ့၏ အကြီးအကဲက ဆိုသည်။ ရံပုံငွေအများဆုံးပေးအပ်နေသည့် အမေရိကန်ပြည်ထောင်စုက ပေးအပ်မှုရပ်တန့်ထားလိုက်သည့်အတွက် သီးခြားရံပုံငွေရှာဖွေရန် အတွက် ကြိုးစားခြင်း ဖြစ်၏။ ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးတွင် WHO အဖွဲ့ကြီးကို သူကသာ ဆက်လက်ဦးဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ရောဂါကြောင့် ကျဆင်းသွားသည့် စီးပွားရေးကို ကုစားရန်အတွက် ဥရောပသမဂ္ဂအနေဖြင့် ယူရို (၇၅၀)ဘီလီယံသုံးစွဲမည့် အစီအစဉ်ကို တင်ပြသည်။

ငှက်ဖျားဆေး ဟိုက်ဒရိုစီကလိုရိုကွင်းကို ဗိုင်းရပ်ရောဂါကုသရေးတွင် အသုံးမပြုရန် ပြင်သစ်နိုင်ငံမှ တားမြစ်လိုက်သည်။

မြန်မာပြည်တွင် ကူးစက်သူအသစ်မတွေ့ရှိခဲ့ပါ။

ကမ္ဘာ့လူဦးရေ ၅.၇သန်းကျော် ကူးစက်ခဲ့ပြီး ၂သန်းခွဲနီးပါး သက်သာပျောက်ကင်းခဲ့သည်။ သုံးသိန်းငါးသောင်းခန့် သေဆုံးခဲ့သည်။