Breaking News

လှကျော်ဇော - တရုတ်-အမေရိကန် ပွတ်တိုက်မှုများရဲ့ နောက်ကွယ်မှာ



လှကျော်ဇော - တရုတ်-အမေရိကန် ပွတ်တိုက်မှုများရဲ့ နောက်ကွယ်မှာ

(မိုးမခ) မေ ၂၉၊ ၂၀၂၀

၂၃-၅-၂၀၂၀ နောက်ဆုံးထုတ် စာရင်းများအရ အမေရိကန်မှာ ကိုဗစ်-၁၉ ရောဂါသည်ပေါင်း ၁ သန်းခွဲကျော်သွားပြီး သေဆုံးသူပေါင်းက ၉ သောင်းကျော်သွားပြီ။ ကမ္ဘာပေါ်မှာ ရောဂါသည်ပေါင်းအရရော သေဆုံးသူပေါင်း အရရော နံပါတ် ၁ ဖြစ်နေပါပြီ။

ရောဂါအရှိန်တန့်တဲ့လက္ခဏာလည်း မပေါ်သေးပါဘူး။ ဒါ့အပြင် စီးပွားရေးအရလည်း မရှူနိုင်မကယ်နိုင်နဲ့ အလုပ်လက်မဲ့ဦးရေကလည်း သန်းဆယ်ချီနေပါပြီ။ နိုဝင်ဘာ ၄ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကလည်း နီးသထက် နီးလာနေပြီ။

ဒီတော့ ဒီရောဂါ တပတ် နှစ်ပတ်အတွင်း ကျော်သွားမှာပါလို့ စကားလွန်ထားတဲ့ သမ္မတကြီးထရမ့်အဖို့ တရားခံကို တန်းစီရှာရတော့တာပေါ့။ ကံဆိုးသူ မောင်ရှင်များအဖွဲ့မှာ ထိပ်ဆုံးက ပါမြဲပါနေတာကတော့ တရုတ်ပါပဲ။
တရုတ်ကလည်း အခုတလော အတော်ရေပန်းစားနေပြန်တယ်။ အကောင်း အဆိုး နှစ်ဖက်စလုံးမှာပါ။
ကပ်ရောဂါကို မြန်မြန်ဆန်ဆန် ထိန်းချုပ်လိုက်နိုင်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ချီးကျူးမှုခံရတယ်။ နိုင်ငံအများအပြားကို (အမေရိကန်ပါ အပါ) ရောဂါတိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ ဆေးဝါးပစ္စည်းအမျိုးစုံ လှူတန်လှူ၊ ရောင်းပေးတန် ရောင်းပေးနဲ့ အကူအညီပေးနေတာကို သက်ဆိုင်ရာနိုင်ငံများက ကျေးဇူးတွေ ဝိုင်းတင်နေကြတယ်။ ဒါ့အပြင် နိုင်ငံအချို့ရဲ့ တောင်းဆိုချက်နဲ့ ဆေးဝန်ထမ်းများကိုပါ လွှတ်ပြီး ကူညီနေတာတွေကလည်း မနည်းမနော။ သတင်းမီဒီယာ ဆက်သွယ်မှုနဲ့ တယ်လီကွန်ဖရင့်တွေလုပ်ပြီး တရုတ်ဆေးပညာရှင်များနဲ့ နိုင်ငံတကာက ဆေးပညာရှင်များ ဆွေးနွေးကြ၊ အတွေ့အကြုံတွေ ဖလှယ်ကြနဲ့ တရုတ်တွေရဲ့ ဘက်စုံပါဝင် ဖြေရှင်းပေးနေမှုများကလည်း တရုတ်ရဲ့ပုံရိပ်ကို အများကြီးတက်လာစေပါတယ်။
ဒီကြားထဲ ပြည်တွင်းလုပ်ငန်းများကလည်း (အထူးသဖြင့် ၂၀၂၀ မှာ အပြီး ပစ်မှတ်ထားတဲ့ ဆင်းရဲမှုပပျောက်ရေး လုပ်ငန်းများ) အဆင်ပြေ အောင်မြင်နေတော့ အမေရိကန် အပါအဝင် အနောက်နိုင်ငံအချို့က နိုင်ငံရေးသမားများအဖို့ အတော်ဘဝင်မကျစရာပါ။ အဲဒီတော့ ဓာတ်ခွဲခန်းက တမင်ဖန်တီးတဲ့ ဝူဟန်ဗိုင်းရပ်စ်လို့ အထောက်အထားမဲ့ ပုတ်ခတ်မှုနဲ့ တရုတ်ကို တရားစွဲရေးတို့ လျော်ကြေးတောင်းရေးတို့ ဆိုတာတွေကလည်း ထရမ့်အစိုးရအဖွဲ့အတွင်း ပွဲဆူနေပါတယ်။

ဒီကြားထဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးပါ တုတ်ဆက်ခံရပြီး အမေရိကန်က ထောက်ပံ့ကြေးဖြတ်မယ်လို့ ရာဇသံပေးတာ ခံနေရပါတယ်။ တရုတ်ဘက် မျက်နှာလိုက်လို့တဲ့။ တကယ်တော့ ဒီပွတ်တိုက်မှုတွေဟာ အခြေခံအားဖြင့် (နိုင်ငံရေးအရ ပြောရရင်) မလွှဲမရှောင်သာ ပေါ်ထွက်လာတဲ့ လူတန်းစားတိုက်ပွဲ အဆက်များသာ ဖြစ်ပါတယ်။

တရုတ်အာဏာပိုင်များအနေနဲ့ ပြည်သူလူထုရဲ့ အသက်ရှင်သန်ခွင့်ကို အာမခံပြီး ဒီကပ်ဘေးတိုက်ဖျက်ရေးမှာ သူတို့နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ် (တရုတ် ထူးခြားချက်များနဲ့ ဆိုရှယ်လစ်စနစ်)ရဲ့ အားသာချက်ကို ကမ္ဘာ့အလယ်မှာ ပြသလိုက်နိုင်ပါတယ်။

အမေရိကန်ရဲ့ပါတီများဆိုင်ရာ အကျိုးစီးပွား ရှေ့တန်းတင်မှုကြောင့် (အထူးသဖြင့် အခုလို ရွေးကောက်ပွဲနှစ်များ အတွင်း) ကပ်ရောဂါတိုက်ဖျက်ရေးမှာ အနှောင့်အယှက် အတားအဆီးတွေ ဖြစ်နေတာကို တွေ့လာရပါတယ်။ ပါတီကြီး နှစ်ခုလုံးမှာကို ဂလိုဘယ် လက်ဝါးကြီးအုပ်ဘဏ္ဍာအရင်းရဲ့ လွှမ်းမိုးယှက်တင်မှုတွေနဲ့ ရှုပ်ထွေးနေတာပါ။

ရှင်းရှင်းပြောရရင် ရွေးကောက်ပွဲများအတွက် လိုအပ်တဲ့အလှူငွေများကို ထည့်ဝင်တဲ့ အရင်းရှင်ကြီးများရဲ့ မျက်နှာကို ထောက်ရတာအဓိကပါ။ ဥပမာအားဖြင့် လက်နက်ကိုင်ဆောင်ခွင့် ပိတ်ပင်တဲ့အမိန့်ကို နှစ်ပါတီလုံးက မလုပ်နိုင်ခဲ့ပါဘူး။ နှစ်ပါတီလုံးက လက်နက်ကုမွဏီကြီးများ မျက်နှာထောက်နေရလို့ပါ။ ဒါ့အပြင် ဆေးဝါးကုမွဏီကြီးတွေရဲ့ မျက်နှာတွေလည်း ထောက်ရပြန်ပါတယ်။ ဒါ့ကြောင့် ထရမ့်က ဘီလ်ဂိတ် (ကာကွယ်ဆေးများ အခမဲ့ထိုးနိုင်ရေးအတွက် လှူဒါန်းနေမှု) ကို မဲနေတာ၊ တိုက်ခိုက်နေတာ။

အဲဒီတော့ အောက်ခြေ အခြေခံလူတန်းစားတွေ လှိမ့်ခံနေရတာပါ။ အခုကပ်ဘေးမှာ သေဆုံးသူများစာရင်းကို ကြည့်ပါ။ နယူးယောက်မှာ လူမည်းက လူဦးရေရဲ့ ၁၄ ရာခိုင်နှုန်း ရှိပေမယ့် ကပ်ရောဂါကြောင့် သေရသူတွေ ကြားမှာ လူမည်းက ၃၀ ရာခိုင်နှုန်း ကျော်ပါတယ်။ (ကျန်းမာရေးအာမခံချက်က လူမည်းအများစုမှာ မရှိဘူး တဲ့။ ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမား အများစု (လက်တင်အမေရိက က လာသူများ) မှာလည်း နေထိုင်ခွင့် လက်မှတ်တွေ မရှိတာကြောင့် အခွန်တော့ဆောင်ရပြီး ထောက်ပံ့ကြေး အလုပ်လက်မဲ့ကြေး စတာတွေ မရ--တဲ့။)
တကယ်တော့ အမေရိကန်ရဲ့ အုပ်ချုပ်မှုစနစ်ဟာ အတော်ယိုယွင်းလာနေပြီး အဆောက်အအုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ (ဥပမာ- အခွန်စနစ်) လုပ်ဖို့လိုနေပါပြီ။ ဒါ့ကြောင့် အခုနောက်ပေါက်လူငယ်များက ဆိုရှယ်လစ်အတွေးအခေါ် အယူအဆတွေ (တနည်း) လူမှုရေး တရားမျှတမှုကို တောင်းဆိုမှုတွေ ရှိလာကြတာပါ။

ထရမ့်အနေနဲ့က ဒီအရင်းရှင်ကြီးများရဲ့ မျက်နှာကြည့်ပြီး မိမိနိုင်ငံအစိုးရရဲ့ (စနစ်ပိုင်းဆိုင်ရာ) အားနည်းချက်များကို မပြင်နိုင်ဘဲ အပြစ်ဟူသမျှကို တခြားသူတွေအပေါ် ပုံချနေရပါတယ်။ တရုတ်တွေဘက်ကတော့ ပျော့ပျော့ပျောင်းပျောင်း ကျေကျေအေးအေးဖြစ်ဖို့ အလေးထားပုံရပါတယ်။

၁၆-၅-၂၀၂၀ နေ့ထုတ် ဂလိုဘယ်တိုင်းမ်သတင်းစာက ဆောင်းပါးတစောင်မှာ တရုတ်နဲ့ အမေရိကန် အပါ အနောက်နိုင်ငံများအကြား သဘောတရားရေးရာ ခြားနားချက် ငြင်းခုံမှုများကို တတ်နိုင်သမျှ လျှော့ချပြီး တူညီတဲ့ တန်ဖိုးများအတွက် ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းရေးသားထားတာ တွေ့ရပါတယ်။

တရုတ်အနေနဲ့ကလည်း နိုင်ငံရေးစနစ် မတူတဲ့ နိုင်ငံများအကြား အပြန်အလှန် လေးစားပူးပေါင်း လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို (ခက်ခဲကောင်း ခက်ခဲနိုင်ပေမယ့်) ရှာဖွေသင့်တယ်လို့လည်း ဆိုထားပါတယ်။

ဒီအမြင်ကလည်း တရုတ်တွေအကြားမှာ သမိုင်းရှိပါတယ်။ ၁၉၇၆ ခုနှစ် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီကို စတင်ကျင့်သုံးခဲ့တဲ့ တိန်ရှောင်ပင်က ဒီလို သတိပေးထားခဲ့ဖူးပါတယ်။

“တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အမေရိကန် အပါအဝင် အနောက်တိုင်းနိုင်ငံများက ရှောရှောရှူရှူ ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါ့ကြောင့် တတ်နိုင်သမျှ ထိပ်တိုက်ရင်ဆိုင်ရမှုတွေကို ရှောင်၊ ကိုယ့်စီးပွားရေးကို ကောင်းအောင် အရင်လုပ်ကြ" တဲ့။

ဒီတော့ တတိုင်းပြည်လုံး လေ့လာရေး ဆိုပြီး အရင်းရှင်စနစ်ရဲ့ အားသာချက်တွေကို တကမ္ဘာလုံးအနှံ့ သွားလေ့လာကြ၊ အရင်းရှင်နိုင်ငံကြီးတွေက ပုံနေတဲ့ အရင်းအနှီးတွေ တရုတ်ပြည် ဝင်လာရေးအတွက် နည်းလမ်းပေါင်းစုံ တံခါးဖွင့် ကြိုးပမ်းကြ၊ ရရှိလာတဲ့ အကျိုးအမြတ်တွေကို အမျိုးသားအရင်းအနှီးအဖြစ် နိုင်ငံတော် စီမံကိန်းတွေ (လူမှုစီးပွား)မှာ ပြန်လည်မြှုပ်နှံကြ၊ တတ်နိုင်သမျှ ပြည်သူများအကြား မျှမျှတတ ခွဲဝေပေးကြနဲ့ တရုတ်ဆိုရှယ်လစ်စနစ်ကို စမ်းတဝါးဝါးနဲ့ တည်ဆောက်ကြပါတယ်။ ဒီလိုနဲ့ ကမ္ဘာ့ဒုတိယအင်အားအကြီးဆုံး (စီးပွားရေးအရ) နိုင်ငံဘဝ ရောက်လာပါတယ်။

တရုတ်က စီးပွားရေးအရ တည်ဆောက်ရာမှာ ပြည်တွင်းမှာသာ မကဘူး။ နိုင်ငံတကာမှာပါ ခြေသွက်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ တည်ဆောက်ခဲ့ တဲ့ (စစ်ကြီးမှာ အနိုင်ရခဲ့တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများအကျိုး ဘက်လိုက်တဲ့) ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများထဲ မိမိရဲ့ တရားဝင်အခွင့်အရေးကို ရအောင်ယူပြီး တခြား ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့အတူ နိုင်ငံတကာစည်းမျဉ်းများကို ပြန်ရေးဆွဲတာတွေ ဖြစ်လာပါတယ်။ အဲဒီအဖွဲ့အစည်း တွေက တင်းခံနေရင် ကိုယ့်အဖွဲ့အစည်းကိုယ် ဖွဲ့တယ်။

ဒါ့ကြောင့် အာရှအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (A.I.I.B)ကို တည်ထောင်တယ်။ ရှိရင်းစွဲဘဏ်များရဲ့ လိုအပ်ချက်များကို ဖြည့်တာပါလို့တော့ ဆိုပါတယ်။ ဒါ့အပြင် တရုတ်က သူ့နိုင်ငံရဲ့အရန်ငွေကို အမေရိကန် ဒေါ်လာ တမျိုးတည်း မထားဘဲ ယူရိုငွေ၊ ဂျပန် ယန်း၊ ကိုးရီးယား ဝမ် စသဖြင့် ခွဲထားပါတယ်။ (ကြက်ဥတွေကို ခြင်းတလုံးထဲမှာ အကုန်ထည့်မထားတဲ့ သဘောပါပဲ။) ဒါ့အပြင် နိုင်ငံတကာကုန်သွယ်ရေးများ လုပ်ဆောင်ရာမှာ (ယခင်နည်းဖြစ်တဲ့) ဒေါ်လာငွေကြေးကို ကြားထားတာ မလုပ်တော့ဘဲ သက်ဆိုင်ရာနိုင်ငံငွေကြေးနဲ့ တရုတ်ယွမ်ငွေ တိုက်ရိုက်လဲလှယ်လုပ်တဲ့စနစ် (swap system) သုံးလာပါတယ်။ ဒါက ဒေါ်လာငွေဈေး ကစားမှုကနေ အမြတ်ကြီး မြတ်နေတဲ့ အမေရိကန်ကို အထိနာစေပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ မိမိရဲ့အားနည်းချက်နဲ့ အမှားများကို အချိန်မီနဲ့ အဆက်မပြတ် ပြုပြင်ပြောင်းလဲမှုများက နိုင်ငံရဲ့ စီးပွားရေးစနစ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပါတယ်။ ဥပမာ- လုပ်အားခများ စျေးတက်လာတော့ အထည်ချုပ်လုပ်ငန်းတွေကို တခြားလုပ်အားခစျေးချိုတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ (ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ် စသဖြင့်) သို့ ပြောင်းပေးလိုက်ပြီး မိမိနိုင်ငံသားများကို ကျွမ်းကျင်မှုမြင့်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်နိုင်အောင် စီစဉ်ပေးမှု၊ ဆင်းရဲမှုပပျောက်ရေး အစီအစဉ်များအောက်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်လာနိုင်မှုက ရွှေ့ပြောင်းအလုပ်သမားတွေကို မိမိနေရပ်မှာပဲ နေဖို့ အခွင့်အလမ်းတွေ ရလာစေပါတယ်။
စက်မှုလက်မှုလုပ်ငန်းများမှာ အဆင်ပြေချောမွေ့ရေးအတွက် ထုတ်လုပ်ရေးကွင်းဆက်များကို အစိတ်အပိုင်းအလိုက် ထုတ်လုပ်မှုမှ အပြီးသတ်တပ်ဆင်မှုအထိ ဘက်စုံအခြေခံအဆောက်အအုံများ၊ ဥပဒေ နည်းဥပဒေများပါ စီစဉ်ပေးထားနိုင်မှုများကလည်း နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများကို ထိန်းထားနိုင်ပါတယ်။ ဒါ့ကြောင့်လည်း တရုတ်ကို ကမ္ဘာ့စက်ရုံကြီးလို့ တင်စားကြတာပါ။

ဒါကြောင့်ပဲ အမေရိကန်တို့၊ ဂျပန်တို့က ဘယ်လိုပြန်ခေါ်ခေါ် အဲဒီစက်ရုံတွေက ပြန်မသွားကြတာပါ။
ဆိုလိုချင်တာကတော့ တရုတ်အနေနဲ့ (ဆိုဗီယက် ရုရှားလို) (လောလောဆယ်မှာ) အရင်းရှင်စနစ်ကို အပြီးတိုင် ဖျက်ပြီး ဆိုရှယ်လစ်စနစ်နဲ့ အစားထိုးဖို့ မဟုတ်ဘဲ အရင်းရှင်စနစ်က ကောင်းတဲ့အချက်များကို လေ့လာ၊ မိမိနိုင်ငံ စီးပွားရေးကို မြှုင့်တင်ပြီး ကိုယ့်ပြည်သူတွေ ဘဝမြင့်တက်လာရေးအတွက် သင့်တော်တဲ့ ပြည်သူ့ဒီမိုကရေစီ စီးပွားရေးစနစ်တရပ် (တရားဝင်အခေါ်က ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးနဲ့ တခါးဖွင့်ဝါဒ) ပေါ်ထွက်လာရေးကို ကြိုးစားရှာဖွေနေတာဖြစ်ပြီး တချိန်တည်းမှာပဲ ကျန်ဖွံ့ဖြိုးဆဲနိုင်ငံများကိုပါ ဆွဲခေါ်နေတဲ့သဘောပါပဲ။

ဒီအတွက် တူညီတဲ့တန်ဖိုးများ ရှာရအောင် ဆိုတာတို့၊ အနာဂတ်ကို မျှဝေရေး ဆိုတာတို့ ကြွေးကြော်သံအမျိုးမျိုး ပေါ်လာနေတာပါ။ ဒါ့အပြင် တရုတ်က ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပြီး တရားမျှတတဲ့ ကမ္ဘာ့အုပ်ချုပ်မှုစနစ်တရပ် ပေါ်ရေးဆိုတာကို ကြိုးစားနေပါတယ်။ ဒါကို (အရင်က အပေါ်စီးယူထားပေမယ့် တဖြည်းဖြည်း သြဇာကျလာနေတဲ့) အမေရိကန် အမှူးပြုတဲ့ အရင်းရှင်ကမ္ဘာကြီးက ဘယ်လောက် လက်ခံနိုင်မလဲ၊ ဘယ်လို တုံ့ပြန်ကြမလဲ ဆိုတာတွေက ရှေ့မှာပေါ်ပေါက်လာမယ့် ကမ္ဘာ့အခင်းအကျင်းတွေကို ဆုံးဖြတ်ပါလိမ့်မယ်။

ဒါ့ကြောင့် ပွတ်တိုက်မှုတွေဟာ ရှေ့မှာ ကာလတပိုင်းဆက်ရှိနေမှာဖြစ်ပြီး တခါတရံ သည်းသန်လာလိုက်၊ တခါတရံ အရှိန်လျော့သွားလိုက်နဲ့ သံသရာလည်နေဦးမှာပါ။

၂၃-၅-၂၀၂၀။


နောက်ဆက်တွဲ


ဒီနေ့(၂၄-၅-၂၀၂၀)၊ ညနေ ၃ နာရီမှာ (ပီကင်းမှာ ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးရဲ့ ဘေးပန်းမှာ) တရုတ် နိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲကို တရုတ်ဗဟိုရုပ်မြင်သံကြားဌာနက တိုက်ရိုက်လွှင့်ရာမှာ တရုတ်-အမေရိကန် ဆက်ဆံရေးနဲ့ ပတ်သက်တဲ့မေးခွန်းကို ဝန်ကြီးဝမ်ယီက ယခုလို ဖြေသွားပါတယ်။

“အမေရိကန်မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးနဲ့အတူ နိုင်ငံရေးဗိုင်းရပ်စ်ပိုးက ပျံ့နှံ့နေပြီး တချို့ အမေရိကန် နိုင်ငံရေးသမားများဟာ တရုတ်ကို တိုက်ခိုက်ဖို့ ရသမျှအချက်တွေကို ပုံအမျိုးမျိုးဖျက်ပြီး လုပ်နေကြပါတယ်။ ဒီကပ်ရောဂါကို တိုက်ဖျက်ဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကျွန်တော်တို့ နှစ်နိုင်ငံက အတူတူ ကြိုးစားရမှာပါ။

ဒီဗိုင်းရပ်စ်ပိုးဟာ လူသားများရဲ့ ဘုံရန်သူပါ။ ဒီ ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်လာမှုက ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးမှ ပြည်သူလူထုကြီးရဲ့ အသက်နဲ့ ကျန်းမာရေးဟာ အန္တရာယ်ကျရောက်နေပြီ ဆိုတာကို ပြသလိုက်ပါတယ်။ ကျွန်တော်တို့လူသားတွေဟာ အနာဂတ်တွေကို မျှဝေထားတဲ့ ကမ္ဘာ့ရွာကြီးတခုထဲမှာပဲ အေးအတူပူအမျှ နေနေရတယ်ဆိုတာ သိပ်ရှင်းသွားပါပြီ။

တရုတ်နဲ့ အမေရိကန်အနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိတဲ့အတွက် မိမိတို့ အချင်းချင်းကြားက ကွဲပြားမှုတွေကို သင့်တော်လျောက်ပတ်စွာ ကိုင်တွယ်သင့်ပါတယ်။ မိမိတို့ နှစ်နိုင်ငံအနေနဲ့ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်တွေ မတူတာဟာ မိမိတို့ နှစ်နိုင်ငံ ပြည်သူများရဲ့ ရွေးချယ်မှုသာဖြစ်ပြီး ဒါကို လေးစား အသိအမှတ်ပြုရမှာပါ။ တရုတ်ပြည်အနေနဲ့ အမေရိကန်နေရာကို ရယူဖို့၊ သို့မဟုတ် အမေရိကန်စနစ်တွေကို ပြောင်းလဲဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။

ထို့အတူ အမေရိကန်များအနေနဲ့ကလည်း တရုတ်ပြည်သူတွေရဲ့ အပတ်တကုတ် ကြိုးစားမှုနဲ့ ရရှိထားတဲ့ အခွင့်အရေးတွေကို လေးစားသင့်ပါတယ်။ အမေရိကန်က တချို့နိုင်ငံရေးအင်အားစုများဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကို ပြန်ပေးဆွဲထားပြီး စစ်အေးတိုက်ပွဲသစ် ပေါ်ထွက်လာရေး ကြိုးစားနေတာပါ။ ကျွန်တော်တို့ နှစ်နိုင်ငံ ဆက်ဆံရေးအတွေ့အကြုံများအရ ပူးပေါင်းဆောင်ရွက်နိုင်ရင် နှစ်နိုင်ငံအတွက် အကျိုးရှိပြီး ထိပ်တိုက်ရင်ဆိုင်တွေ့ရင် နှစ်နိုင်ငံစလုံး အရှုံးပေါ်တတ်ပါတယ်။

ဒါကြောင့် နှစ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးနဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ပူးပေါင်း ဆောင်ရွက်ရေးများအတွက် နည်းလမ်းများကို ရှာဖွေသင့်ပါတယ်။ အဆုံးသတ်မှာ ပြောသွားတာကတော့ ကျွန်တော်တို့ဟာ ဘယ်သူ့ကိုမှ အနိုင်ကျင့် စော်ကားတာမျိုး မလုပ်ပါဘူး။ ကျွန်တော်တို့ကို အနိုင်ကျင့်လာ တာတွေကိုလည်း ဘယ်တော့မှ သည်းခံမှာ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာပိုင်မှု၊ နယ်မြေတည်တံ့မှု၊ ဖွံ့ဖြိုးတိုးတက်မှု ဂုဏ်သိက္ခာနဲ့ ကမ္ဘာ့အလယ်မှာ ရရှိထားတဲ့ အဆင့်နေရာတွေကို ပြတ်ပြတ်သားသား ကာကွယ်သွားမှာပါ” တဲ့။