Breaking News

မြင့်ကျော် - နိုင်ငံရေးထုံအခြင်း (Naive in Politics)




မြင့်ကျော် - နိုင်ငံရေးထုံအခြင်း (Naive in Politics)

(မိုးမခ) မေ ၂၈၊ ၂၀၂၀

နိုင်ငံရေးထုံအခြင်း  လို့ ခေါ်ဝေါ်ချင်တာက ဘယ်လို အရာမျိုးလဲဆိုရင် တဖက်သားက သိလျက်သားနဲ့ ပေါ့လျော့တာ ၊ ဂရုမစိုက်တာ၊ အရေးမထားတာကို အားနည်းချက်လို့ မိမိဘက်က မမြင်ဘဲ ဖြည့်တွေးပေးတာမျိုး သူ့အနေနဲ့ ဒါကိုလုပ်ဆောင်ရတာက မကောင်းတဲ့စေတနာနဲ့မဟုတ်ဘူး စေတနာထားလုပ်ဆောင်သော်လည်း အခြေအနေကမပေးလို့၊ နားမလည်လို့၊ မကျွမ်းကျင်လို့ စသဖြင့် အပြစ်မမြင်ဘဲ ကိုယ်ကြိုက်တဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို အကောင်းမြင်တတ်တဲ့ အမြင်မျိုးကိုဆိုလိုချင်တာပါ။

တကယ်တော့ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးဆိုတာ လူအများက အများအကျိုးရှိအောင် လုပ်ဆောင်ဖို့ ဦးဆောင်သူတွေကို လုပ်ပိုင်ခွင့်အပ်နှင်းထားတဲ့ သဘောတူညီမှုတခုသာဖြစ်ပါတယ်။ အာဏာကို အဓမ္မရယူထားတဲ့သူမျိုးကတော့ အထက်က သဘောတရားနဲ့အကျုံးမဝင်ပါဘူး။

တကယ်တော့ နိုင်ငံရေးမှာ ဘယ်လို စေတနာနဲ့ လုပ်သလဲဆိုတာကို ပထမဦးစားပေးတွက်ချက်ဖို့ မသင့်ပါဘူး၊ လုပ်ဆောင်မှုက ဘယ်လိုရလဒ် ထွက်သလဲဆိုတာကို ပထမဦးစားပေး အကဲဖြတ်ရမှာပါ။ လူက အကျင့်ကောင်းပင်ကောင်းသော်ငြား အများနဲ့ဆိုင်တဲ့ကိစ္စရပ်တွေကို ကောင်းအောင်စီမံခန့်ခွဲခြင်းမပြုနိုင်ရင် အဲဒီတာဝန်ကို မယူသင့်ပါဘူး၊ စေတနာရှိသော်လည်း အမှားတွေလုပ်မိတယ် ဆိုတာမျိုးက အများအားဖြင့် ဆင်ခြေပေးတာမျိုးပဲ ဖြစ်လေ့ရှိတာပါ။

တခေတ်တခါက အာဏာကို အဓမ္မရယူခဲ့သူတွေ လိမ်လည်လှည့်ဖျားရယူခဲ့သူတွေက ကာလရှည်ကြာ အလွဲတွေလုပ်ဆောင်တာကို ဆင်ခြေပေးရာမှာ ကျနော်တို့ကိုယ့်လိပ်ပြာကိုယ်သန့်တယ် အမှားတွေလုပ်ခဲ့ရင်တောင်မှ စေတနာအမှားပဲ ဖြစ်လိမ့်မယ်ဆိုတဲ့ ဆင်ခြေမျိုးပေးတာ ကြားခဲ့ဖူးလို့လည်း ဖြစ်ပါတယ်။

ချင်ခင်လို့ အပြစ်မမြင်တာက တဦးချင်းကိစ္စရပ်တွေမှာတော့ ပြဿနာ မဟုတ်ပါဘူး။ အများနဲ့ဆိုင်တဲ့ ကိစ္စတွေမှာတော့ အပြစ်မမြင်တာက အမှားကို ဆက်မှားခွင့်ပေးသလို ဖြစ်စေတာပါ။ ဘာလို့ဆို အာဏာရှိသူ ဆုံးဖြတ်ခွင့်ရှိသူတွေ တာဝန်ခံမှုရှိအောင် ပြည်သူက ဖြစ်ဖြစ် မီဒီယာက ဖြစ်ဖြစ် စောင့်ကြည့်ဝေဖန်နေရမှာမို့လို့ပါ။

ဘာလို့ဒီစာကို အရှည်ကြီးရေးရသလဲ ဆို ကျနော်တို့ ပတ်ဝန်းကျင်မှာကိုက "နိုင်ငံရေးထုံအသူ " တွေအများအပြားတွေ့နေရလို့ဖြစ်ပါတယ်။ ခေတ်စကားနဲ့တော့ ဖာ သူတွေလို့ ဆိုကြသလား မပြောတတ်ပါ။