အထူးတိုင်းစစ်ဌာန လေကြောင်းတိုက်ခိုက်ခံရခြင်းနဲ့ သတင်းအချက်အလက် ပေါက်ကြားမှု၊ အရှေ့အလယ်ပိုင်း စစ်တိုင်းနေရာ ပြောင်းရွှေ့
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၃၀ မြင်ကွင်း
(မိုးမခ) ၊ အောက်တိုဘာ ၁ ၊ ၂၀၂၆
အထူးတိုင်းစစ်ဌာန လေကြောင်းတိုက်ခိုက်ခံရခြင်းနဲ့ သတင်းအချက်အလက် ပေါက်ကြားမှု၊ အရှေ့အလယ်ပိုင်း စစ်တိုင်းနေရာ ပြောင်းရွှေ့
စက်တင်ဘာ ၂၄ ရက်နေ့ နေ့ခင်းပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ် ထိစပ်ရာအနီးမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အထူးတိုင်းစစ်ဌာန ဆက်သွယ်ရေးစခန်းကို အာဏာသိမ်းစစ်တပ်က တိုက်လေယာဥ်တွေ နဲ့ ဗုံးကြဲခဲ့ရာမှာ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်ခံရတဲ့ အဖြစ်အပျက် ဖြစ်ပွားတဲ့နေ့ မွန်းလွဲပိုင်းမှာပဲ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ သတင်းတွေ ပေါ်ထွက်လာခဲ့ပြီး သတင်းဌာန အသီးသီးက လေကြောင်းတိုက်ခိုက်မှုအကြောင်း ဖော်ပြခဲ့ကြပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး သတင်းဖော်ပြကြရာမှာ ဘယ်သူဘယ်ဝါ ထိခိုက်ဒဏ်ရာရတဲ့ အကြောင်း၊ အထူးစစ်တိုင်းဌာနရဲ့ စခန်းတည်နေရာနဲ့ ပတ်သက်လို့ အကြမ်းဖော်ပြမှုတွေ ပါဝင်တဲ့အပေါ်မှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ၊ ဆိုရှယ်မီဒီယာမှာ ဖော်လိုဝါများသူတချို့က သတင်းမီဒီယာတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
သတင်းမီဒီယာဖော်ပြမှုကြောင့် ရန်သူဘက်က စစ်ရေးလျှို့ဝှက်ချက်တွေကို သိရှိစေကုန်တော့မဲ့ သဘောမျိုး မီဒီယာတွေကို သတင်းပေးသဖွယ် ဝေဖန်ပြောဆိုကြတာ တွေ့ရပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ အကြောင်းရင်းက ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းက အဆိုပါ ဖြစ်ရပ် ဖြစ်ပွားတဲ့နေ့ကတည်းက အားလုံးက မေးခွန်းထုတ်ခဲ့ကြတာ ဖြစ်ပြီး နာရီပိုင်းအတန်ကြာပြီးနောက် ဆိုရှယ်မီဒီယာမှာ လူသိများသူ PDF တပ်ဖွဲ့တွေကို ထောက်ပံ့ရေးလုပ်နေသူ တဦးက စကားပြောစက် Walkie Talkie တွေကို ကြားဖြတ်ဖမ်းယူရာက နေရာပေါက်ကြားတာ ဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။
ဗုံးကြဲခံရပြီးနောက် ထိခိုက်ဒဏ်ရာရသူတွေအထဲ ပါဝင်တဲ့ CDM ဗိုလ်မှူး တင်လင်းအောင်ရဲ့ ဆိုရှယ်မီဒီယာမှာ နေ့စဥ်လိုလို Public အနေနဲ့ ဝေမျှနေတဲ့ ဓာတ်ပုံတွေက လုံခြုံရေးစည်းကို ကျိုးပေါက်စေတာလား ဆိုတဲ့ သံသယဖြစ်မှုတွေလည်း ဆိုရှယ်မီဒီယာသုံးစွဲသူတွေ အကြား ဝေဖန် ပြောဆိုနေခဲ့ကြတာ တွေ့ရပါတယ်။
NUG အစိုးရလက်အောက်က PDF တပ်ဖွဲ့ အနေနဲ့ စစ်ရေးလှုပ်ရှားမှု၊ တည်နေရာ စတဲ့ အချက်တွေ လုံခြုံမှုရှိစေဖို့ တပ်ဖွဲ့ဝင်တိုင်း လိုက်နာဖို့ ဆိုရှယ်မီဒီယာနဲ့ပတ်သက်တဲ့ စည်းမျဥ်းစည်းကမ်းတွေ ထုတ်ပြန်ထားသလား ဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာတာ တွေ့ရပါတယ်။
ဗုံးကြဲပြီး နောက်တရက်မှာ အာဏာသိမ်းစစ်တပ်ဘက်က ဗုံးကြဲမှုနဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက် တစောင် ထုတ်ပြန်ခဲ့ရာမှာ တာဝန်သိပြည်သူများနဲ့ PDF အဖွဲ့တွင်းရှိ အတွင်းလူတချို့ရဲ့ သတင်းပေးပို့ချက်များကို စနစ်တကျ စိစစ်၍ လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ စစ်တပ်နဲ့ အစိုးရတွေ အနေနဲ့ သုံးနှုန်းတဲ့ တာဝန်သိပြည်သူ ဆိုတဲ့ အသုံးအနှုန်းဟာ ဝါဒဖြန့်နေကျ အသုံးအနှုန်းတခု ဖြစ်နေလေ့ရှိတာကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်ပါ တာဝန်သိပြည်သူ ဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်လို့ အများက ယုံကြည်လေ့ မရှိကြပါဘူး။ အာဏာသိမ်းစစ်တပ် ထုတ်ပြန်ချက်မှာ လေတပ် စီဒီအမ် တပ်ကြပ်ကြီးနေဝင်းအောင် သေဆုံးခဲ့ကြောင်းနဲ့ CDM ဗိုလ်မှူး တင်လင်းအောင်နဲ့ တိုင်းကွပ်ကဲရေးမှူး အောင်စံရှား တို့ ထိခိုက်ဒဏ်ရာရတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
အဲဒီနောက် ၆ ရက်အကြာ စက်တင်ဘာ ၃၀ ရက်နေ့မှာတော့ အထူးတိုင်းစစ်ဌာနချုပ်က ဗုံးကြဲခံရတဲ့ အကြောင်းရင်းဟာ ရန်သူရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော မိမိတို့၏ ရဲဘော်များ အဓမ္မစစ်ကြောမေးမြန်းစဥ် ရရှိသော ထွက်ဆိုချက်များကို အခြေခံ၍ သတင်းပေါက်ကြားမှုဖြစ်ကာ လေကြောင်းတိုက်ခိုက်ခြင်း ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
သတင်းဌာန အချို့ကတော့ တပ်ပြေးတွေနဲ့ နုတ်ထွက်သွားသော PDF တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာလို့ ဖော်ပြရေးသားနေကြတာလည်း တွေ့ကြရတာ ဖြစ်ပါတယ်။
အဆိုပါ သတင်းဖော်ပြမှုတွေအရ နားလည်ရတာက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က PDF တပ်ဖွဲ့တွေမှာ တပ်က ထွက်ပြေးသူတွေ သို့မဟုတ် နုတ်ထွက်သွားသူတွေ ရှိနေတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ NUG အနေနဲ့ မိမိတို့ တပ်ရင်းတပ်ဖွဲ့တွေထဲက ခွင့်မဲ့ ပျက်ကွက်သူ၊ တပ်ကို စွန့်ခွာသွားသူနဲ့ ရန်သူ့ထံ လက်နက်ချသွားတဲ့သူတွေ ရှိနေတဲ့ သဘောလည်း နားလည်ရပါတယ်။
ဒီလို အခြေအနေမှာ စခန်းရဲ့ တည်နေရာ၊ အင်အား စတာတွေနဲ့ပတ်သက်လို့ ပိုပြီးဂရုစိုက်ရမဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။
ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာတခုက ရှမ်းပြည်နယ် တောင်ပိုင်းခိုလမ်မြို့မှာ အခြေစိုက်ထားတဲ့ အာဏာသိမ်းစစ်တပ်၏ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) ကို ကရင်နီ (ကယား)ပြည် မြို့တော်ဖြစ်တဲ့ လွိုင်ကော်မြို့ကို ပြောင်းလဲ အခြေစိုက်ဖို့ အာဏာသိမ်းစစ်တပ်၏ ကာကွယ်ရေးဝန်ကြီးဌာနက စီစဥ်နေကြောင်း သတင်းဖော်ပြမှုတွေ မှာတွေ့နေရတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းလို့ တရားဝင်ခေါ်ဆိုကြတဲ့ ရှမ်းပြည်နယ်ရဲ့ အလယ်ပိုင်းလို ဖြစ်နေတဲ့ ဒေသမှာ အခြေစိုက်ထားတဲ့ အာဏာသိမ်းစစ်တပ်၏ စစ်တိုင်းဌာနချုပ်ကို ကရင်နီ (ကယား)ပြည်ကို ရွှေ့ပြောင်းဖို့ ဆုံးဖြတ်လိုက်တာဟာ မြန်မာနိုင်ငံ ရှမ်းမြောက်၊ ရှမ်းအရှေ့နဲ့ ကရင်နီ (ကယား)ပြည် တို့ရဲ့ လုံခြုံရေး အနေအထားတွေ လွန်ခဲ့တဲ့ နှစ်ပိုင်းအတွင်း သိသာစွာပြောင်းလဲသွားတာကို မီးမောင်းထိုးပြတဲ့ သဘောလို့ ဆိုရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ဟာ နယ်မြေ အကျယ်အဝန်းအားဖြင့် အကြီးဆုံးပြည်နယ် တခုဖြစ်သလို လူမျိုးစု အများဆုံး နေထိုင်ကြတာ ဖြစ်သလို တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေလည်း အများဆုံးရှိတဲ့ ပြည်နယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီခေတ်မှာ စော်ဘွားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာပေးထားတဲ့ ရှမ်းပြည်နယ်မှာ ၁၉၅၀ ပြည့်နှစ်ကျော်ကာလ တရုတ်ပြည်မှာ ကူမင်တန်တပ်တွေ စစ်ရှုံးလို့ မြန်မာနိုင်ငံထဲ ဝင်ရောက်ပြီး တရုတ်ပြည် ကွန်မြူနစ်အစိုးရကို ပြန်တိုက်ဖို့ ပြင်ဆင်ကြတဲ့ တရုတ်ဖြူ ကျူးကျော်မှုအချိန်ထိ ပြည်မက စစ်တပ်ကြီးကြီးမားမား ခြေမချခဲ့ကြတဲ့ ဒေသတခု ဖြစ်ပါတယ်။
တရုတ်ဖြူ ကျူးကျော်မှုကာလမှာ ရှမ်းပြည်နယ်ကို ဗမာ့တပ်မတော် တပ်ရင်းတွေ ရောက်ရှိခဲ့ကာ တရုတ်ဖြူတပ်တွေကို ပြန်လည်မောင်းထုတ်ဖို့ တိုက်ခိုက်ကြရာက ဗမာ့တပ်မတော်တပ်ရင်းတွေ ရှမ်းပြည်နယ်မှာ အခြေချခဲ့ကြတာလို့ ရှမ်းနိုင်ငံရေးသမားတွေက ပြောဆိုကြတာ ကြားသိခဲ့ရပါတယ်။
ရှမ်းစော်ဘွားတွေ အတင်းအကျပ် အာဏာစွန့်စေပြီး ပြည်မက ရှမ်းပြည်ရဲ့ အုပ်ချုပ်ရေးကို ထိန်းချုပ်လာရာက ရှမ်းပြည်မှာ တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုတွေ ပေါ်ထွက်လာပြီး ၁၉၆၀ ကျော် ၇၀ ပြည့်နှစ်တွေမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ရှမ်းပြည်နယ်ကို ဗမာ့တပ်မတော်ရဲ့ အင်အားထက်ဝက်ကျော် ပို့ဆောင်ပြီး ပြည်တွင်းစစ်ရဲ့ ကြီးမားကျယ်ပြန့်ဆုံး စစ်မျက်နှာ တခု ဖြစ်လာခဲ့တာပါ။ ဒီအခြေအနေတွေက ရှမ်းပြည်နယ်မှာ စစ်တပ် အင်အား၊ စစ်တိုင်းဌာချုပ် အရေအတွက် တစတစ တိုးဖွင့်လာရတဲ့ သမိုင်းဆိုင်ရာ နောက်ခံအနေအထား ဖြစ်ပါတယ်။ ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းမြောက်နဲ့ ရှမ်းတောင် တိုင်းစစ်ဌာနချုပ် ၂ ခုသာရှိရာကနေ ရွှေတြိဂံတိုင်း စစ်ဌာနချုပ်ထပ်မံတိုးခဲ့ရာက စတုတ္ထမြောက် စစ်တိုင်းဌာနချုပ်အဖြစ် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ခိုလမ်မြို့ အခြေစိုက်ပြီး ၂၀၁၀ ပြည့်နှစ်မှာ ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။
အခု ရှမ်းပြည်နယ် အလယ်မှာရှိတဲ့ ခိုလမ်မြို့က အာဏာသိမ်းစစ်တပ်၏ တိုင်းစစ်ဌာနချုပ်ကို ကရင်နီ (ကယား)ပြည် မြို့တော် လွိုင်ကော်မြို့ကို ပြောင်းရွှေ့ဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ရှမ်းအရှေ့နဲ့ ရှမ်းမြောက် အနေအထားက ကြီးမားတဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာဖို့ထက် ကရင်နီ (ကယား)ပြည်ဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုရှိလာမဲ့ သဘောလို့ ယူဆစရာရှိနေတာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်အစိုးရအနေနဲ့ ရှမ်းမြောက်မှာ TNLA ၊ MNDAA နဲ့ အပစ်ရပ် သဘောတူညီချက် ရထားတဲ့နောက် နေမြဲအနေအထားကို ဆက်လက်ထိန်းသိမ်းထားပြီး ရှမ်းတောင်ဒေသနဲ့ ထိစပ်နေတဲ့ ကရင်နီ(ကယား)ပြည်က တော်လှန်ရေး လက်နက်ကိုင် လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ ကြိုးစားမဲ့ လက္ခဏာအဖြစ် မှန်းဆကြည့်ရပါတယ်။
ကရင်နီ(ကယား)ပြည် ဒေသမှာ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ ဆယ်စုနှစ်များစွာကတည်းက ရှိခဲ့ကြတာ ဖြစ်ပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ အရှိန်အဟုန်နဲ့ လူအင်အား နယ်မြေထိန်းချုပ်နိုင်မှုတွေမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ရှိခဲ့တာကြောင့် စစ်တပ်ရဲ့ လတ်တလော မဟာဗျူဟာ အနေနဲ့ ကရင်နီ(ကယား)ပြည်ကို ထိုးစစ်ဆင်တာတွေ လုပ်လာနိုင်မလားဆိုတဲ့ မှန်းဆချက်တွေ ပေါ်ထွက်လာစေတာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
