Breaking News

အောင်မော်ဦး - သူတို့တတွေ ပြတင်းပေါက်နား မသွားကြပါစေနဲ့

Photo- Myanmar Garment Association
သူတို့တတွေ ပြတင်းပေါက်နား မသွားကြပါစေနဲ့ 
အောင်မော်ဦး
(မိုးမခ) မေ ၆၊ ၂၀၂၀
Branded ကုမ္ပဏီကြီးတခုဖြစ်တဲ့ J.Crew ဟာ ဒေဝါလီခံလိုက်ပါပြီ။ သူ့နောက်ကနေ နောက်ထပ်ကုမ္ပဏီ (၃)ခုကလည်း မရှေးမနှောင်း ဒေဝါလီခံကြပါလိမ့်မယ်လို့ CNN သတင်းတပုဒ်မှာဖော်ပြထားပါတယ်။ နောက်ထပ်ဒေဝါလီခံကြမယ့် ကုမ္ပဏီ(၃)ခုကတော့ JC Penny, Sears နဲ့ Neiman Marcus တို့ပဲဖြစ်ပါတယ်။ အမေရိကန် ကုမ္ပဏီကြီးငယ်တွေရဲ့ ရောင်းကုန်တော်တော်များများကို အာဖရိက၊ တရုတ်နဲ့ အာရှနိုင်ငံတွေက ထုတ်လုပ်ပေးနေကြတာပါ။
မြန်မာပြည်မှာ စက်ရုံတွေပိတ်တယ်၊ စက်ရုံပိုင်ရှင်တွေ ထွက်ပြေးတယ်၊ စက်ရုံလုပ်သားတွေကို လုပ်ခတွေရှင်းမပေးဘူး စသဖြင့်။ ပြီးတော့ စက်ရုံလုပ်သားတွေ လုပ်ခလစာရရှိရေးအတွက် ဆန္ဒပြကြတယ်၊ အဲဒီလုပ်သားတွေကို အာဏာပိုင်တွေက ဖမ်းဆီးထောင်ချတယ်ဆိုတဲ့ သတင်းတွေကိုလည်း တွေ့မြင်နေရပါတယ်။ တဘက်မှာကလည်း အလုပ်ရှင်တွေထွက်ပြေးတာ၊ စက်ရုံတွေပိတ်သိမ်းတာဟာ အလုပ်သမားတွေ ဆန္ဒပြတာကြောင့်လို့ အပြစ်ဖို့ပြောဆိုနေကြတာကိုလည်း ကြားသိနေရပါတယ်။
ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိတဲ့ အာဏာပိုင်တွေနဲ့ အပြစ်ဖို့နေကြသူတွေကိုပြောချင်တာက -
ပထမဆုံး မြန်မာပြည်က စက်မှုဇုံတွေမှာ လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်ရုံ အမျိုးအစားတွေကို ပြန်လေ့လာကြည့်ကြစေလိုပါတယ်။ ဒုတိယအနေနဲ့ အဲဒီစက်ရုံအလုပ်ရုံတွေဟာ ဒီနေ့ကြုံတွေ့နေရတဲ့ ကပ်/အငတ်ဘေး ကြီးအတွက် (မရှိမဖြစ်) ပစ္စည်းတွေကိုထုတ်လုပ်နေကြတာလားဆိုတာကို ပြန်လေ့လာကြည့်ကြစေလိုပါတယ်။ တတိယအနေနဲ့ အဲဒီစက်ရုံကထွက်တဲ့ အကျင်္ီတထည်နဲ့ စျေးထဲက ဆန်တပြည်နဲ့မှာ ဘယ်ဟာက ခင်ဗျားအတွက် ပိုအလိုအပ်ဆုံးဖြစ်မလဲဆိုတာ စဉ်းစားကြည့်ကြစေလိုပါတယ်။
အကျင်္ီတထည်ဝယ်ရင် ဆန်တပြည် အလကားပေးမယ်ဆိုရင်တောင် ဆန်တပြည်ကို လိုချင်လှပေမယ့် အကျင်္ီဝယ်ဖို့ကိုတော့ ခင်ဗျားတတ်နိုင်မှာမဟုတ်ပါဘူး။ ခင်ဗျားလို အကျင်္ီမဝယ်ကြမယ့်သူတွေ များသည်ထက်များလာလို့ အကျင်္ီဆိုင်တွေ၊ အထည်စက်ရုံတွေ ပိတ်ကြရ၊ ဒေဝါလီခံကြရဖြစ်ကုန်ကြတာပါ။ မြန်မာပြည်မှာ ပိတ်သွားတဲ့၊ ပိတ်ဖို့ပြင်နေတဲ့ စက်ရုံတွေ၊ အလုပ်ရှင်တွေ မမှားပါဘူး။ ထို့အတူ လုပ်ခလစာရရှိဖို့ ဆန္ဒပြတဲ့ အလုပ်သမားတွေဟာလည်း မမှားကြပါဘူး။ ကပ်/အငတ်ဘေးနဲ့ ခေတ်ဆိုးကြီးက အလုပ်ရှင်တွေကို စက်ရုံတွေပိတ်ခိုင်း၊ ဒေဝါလီခံခိုင်းပြီး၊ အလုပ်သမားတွေကိုကျတော့ ထမင်းအငတ်ခံခိုင်းနေတာကြောင့်ပါ။
ဆိုကြပါစို့။ ရွှေပြည်သာက အလုပ်ရှင်/အလုပ်သမားအရေးဟာ နယူးယောက်၊ ဝေါလ်စထရိပေါ်က ကုမ္ပဏီကြီးတွေ ဒေဝါလီခံတာနဲ့ တဆက်တစပ်တည်း ဖြစ်နေတယ်ဆိုတာကို နားမလည် သဘောမပေါက်တဲ့ ပြဿနာပါပဲ။ အဲဒီလို ကိုယ်မသိနားမလည်တဲ့ကိစ္စကို ကိုယ့်ထက် တတ်သိနားလည်တဲ့ စီးပွားရေးပညာရှင်တွေကို လူမှန်နေရာမှန်မပေးဘဲ ခင်ဗျားတို့ ကိုင်တွယ်ဖြေရှင်းနေပုံက ပြောရရင် မကောင်းရှိလှပါရော့မယ်။ စက်ရုံတွေပိတ်ပြေးကြတာ အလုပ်သမားတွေဆန္ဒပြလို့ဆိုတဲ့ အပြစ်ပုံဖို့မှုကြီးဟာ မတရားလှပါဘူး။
တကယ့်ပြဿနာက အလုပ်ရှင်တွေက ဒေဝါလီခံကြမယ်၊ အလုပ်သမားတွေက အလုပ်လက်မဲ့ဖြစ်ကြမယ်။ ၁၉၃၀ ပြည့်နှစ်များတုန်းကလို အမေရိကန် ၁၅ သန်းကျော်ကို အလုပ်လက်မဲ့ဖြစ်စေခဲ့တဲ့ The Great Depression ကာလကြီးထဲမှာ လူတွေဟာ ပြတင်းပေါက်တွေကနေ ခုန်ချပြီးသေကြောင်းကြံခဲ့ကြတာမျိုး ဖြစ်ကောင်းဖြစ်မယ်။ (အဲဒီအချိန်တုန်းက အလုပ်လက်မဲ့ဖြစ်ခဲ့တဲ့ ၁၅ သန်းဆိုတာ အဲဒီအချိန်က အမေရိကန်လူဦးရေရဲ့ ငါးပုံတပုံရှိပါတယ်)
အဲဒီတုန်းကပြောခဲ့သလို “သူတို့တတွေ ပြတင်းပေါက်နား မသွားကြပါစေနဲ့” လို့ပြောရတော့မှာပါ။ အဲဒီလိုမဖြစ်အောင် အစိုးရက စီးပွားရေးပညာရှင်တွေရဲ့အကူအညီနဲ့ အစွမ်းကုန်ကြိုးစားကာကွယ်ပေးရမှာပါ။ သို့သော်လည်း ကိုဗစ်ကာလကြီးမှာ မဆီရယ်နဲ့မဆိုင်လို့ ထင်ချင်စရာပါပဲ။ သမတဦးဝင်းမြင့်က အရေးပေါ် ကိုဗစ်ကာကွယ်ရေးအမိန့်ကြေညာချက်အဖြစ် “လူမွဲအဖြစ်ကြေညာခြင်းဆိုင်ရာ ဥပဒေ” ဆိုတာကြီးကို ထုတ်ပြန်ခဲ့ပါတယ်။ ထွက်ပြေးဖို့ ဖိနပ်သဲကြိုးထဲ လက်လျှိုထိုးနေတဲ့ လုပ်ငန်းရှင်တွေကို ဥပဒေနဲ့အညီ ပြေးလို့ရပြီဟေ့လို့ အချက်ပြလိုက်တာပါပဲ။
ဘာအမှားမှ မကျူးလွန်ခဲ့ကြတဲ့ အလုပ်သမားတွေကို ဖမ်းဆီးထောင်ချတာဟာ တကယ့် အဖြေမဟုတ်ပါဘူး။
ဖြည့်စွက်ချက်။ ။
မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ ကုမ္ပဏီတွေဟာ သူတို့မိခင်နိုင်ငံတွေမှာ တရားဝင်မှတ်ပုံတင်ကြ၊ အခွန်ဆောင်ကြရတာပါ။ ဒါ့အပြင် သူတို့မိခင်နိုင်ငံရဲ့ ဥပဒေနဲ့ ထုတ်ပြန်ချက်တွေကိုလည်း လိုက်နာကြရပါတယ်။ ဆိုကြပါစို့။ သူ့မိခင်နိုင်ငံက လူ့အခွင့်အရေးချိုးဖောက်တဲ့နိုင်ငံတနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု sanction လုပ်ထားရင် သွားလုပ်လို့မရပါဘူး။ တကယ်လို့ သူလုပ်နေတုန်းမှာပဲ သူ့အစိုးရက စီးပွားရေးပိတ်ဆို့လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ရင်လည်း လုပ်ရင်းတန်းလန်းနဲ့ စက်ရုံပိတ်ပြီး ပြန်ထွက်ပေးကြရပါတယ်။
အခုလိုစီးပွားပျက်ကပ်ကြီးဖြစ်တော့ သူတို့မိခင်နိုင်ငံတွေကပေးတဲ့ စီးပွားရေးထောက်ကူငွေတွေကို သူတို့လည်း ရချင်ကြမှာပါ။ အဲဒီလိုရဖို့အတွက် လက်ရှိလည်ပတ်နေတဲ့လုပ်ငန်းတွေကို ရပ်ဆိုင်း/ပိတ်သိမ်း စသဖြင့် လုပ်ပစ်ဖို့တော့လိုပါတယ်။ ဒါကြောင့်ပဲ ရှုံးနေတဲ့ သူတို့ရဲ့လုပ်ငန်းတွေကို ဆက်မလည်ပတ်တော့ဘဲ မြန်မာပြည်ကနေ ထွက်ခွာသွားကြတာပါ။
အဲဒီလိုစက်ရုံကိုပိတ်ရင် အလုပ်သမားတွေကို လစာအပြင် နစ်နာကြေးပါပေးရမယ်ဆိုတဲ့ ဥပဒေကို မြန်မာအစိုးရက သူတို့နဲ့ စာချုပ်ချုပ်စဉ်မှာ ထည့်သွင်းခဲ့သလား၊ မထည့်သွင်းခဲ့ဘူးလားဆိုတာ အစိုးရရဲ့ တာဝန်ရှိမှုပါ။ ပြီးတော့ အလုပ်သမားတွေ လစာနဲ့တကွ နစ်နာကြေးပါ ရတယ်၊ မရဘူးဆိုတာကတော့ အစိုးရရဲ့ တာဝန်ယူမှုနဲ့ တာဝန်ခံမှုပါ။
ဒီအချက်ကလေးတွေထပ်ဖြည့်ပြီးဖတ်တဲ့အခါ အလုပ်သမားတွေဆန္ဒပြလို့ စက်ရုံတွေပိတ်ကုန်တာမဟုတ်ဘူးဆိုတာကို ပိုမိုရှင်းလင်းမယ်ထင်ပါတယ်။ စာကျန်ခဲ့တဲ့ ကျနော့်ရဲ့ ပေါ့လျော့မှုအတွက် အနူးအညွတ်တောင်းပန်အပ်ပါတယ်။
အောင်မော်ဦး
မေ၊ ၅၊ ၂၀၂၀
https://www.facebook.com/aungmawoo/posts/3209827059061372 မှယူသည်။