Breaking News

ဦးမျိုး(မကွေး) - "မီးလျှံထဲက နိုးထလာသည့် သမိုင်းဝင်ပြတိုက်"

"မီးလျှံထဲက နိုးထလာသည့် သမိုင်းဝင်ပြတိုက်"
ဦးမျိုး(မကွေး)
(မိုးမခ) မေ ၆၊ ၂၀၂၀

(၁)

၈.၄.၁၉၇၄

ဧပြီလ ထုံးစံအတိုင်း အပူငွေ့လျှံတွေနှင့် သင်္ကြန်ရနံ့များ ရောထွေးယှက်တင်နေကာ နေလေသည် ။ ပိတောက်ကိုလည်း မျှော်ငေး၊ အတာသင်္ကြန်ပျော်ရေးကလည်း မဝေးတော့ပြီမို့ မြို့ငယ်လေးသည်လည်း ငြိမ်ငြိမ်အေးအေးပါပင်။
ပို၍အေးငြိမ်းသည်က တောင်ရွာကြီးထဲရှိ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်မွေးဖွားခဲ့ရာ ရေနံချေးဝပြီး မည်းမှောင်စိမ်းစိုနေသည့် ရာဇဝင်ထဲက ရှေ့နေကြီး ဦးဖာ ဒေါ်စုတို့အိမ်ကြီးပါ။

ထိုအိမ်ကြီးက နတ်မောက်မြို့၏သဘာဝအတိုင်း အေးအေးလူလူ သမိုင်းမှတ်တိုင်ထူလို့ ။ မန်ကျည်းပင်ကြီး ပင်ငယ်တို့ကလည်း အရွက်ကြွေဆဲအပင်က ကြွေ ၊ ရွက်နုဝေစ အပင်က ဝေနှင့် သဘာဝသင်္ခါရကို ပြနေကြသည်ကဲ့သို့ ။

(၂)

ထိုအေးချမ်းတည်ကြည်မှုကို ရုတ်တရက် ပြိုအက်ကွဲအက်သွားခဲ့သောအရာကား သမာဓိအတတည်နေသော မြို့လေးကို အိပ်မက်ဆိုးမှပုတ်နှိုးလိုက်သည့်ပမာ ပေါ်ထွက်ခဲ့လေသည်။

"မီးဟေ့..မီး"
"မီးဟေ့..မီးမီး"
ဆိုသည့်အသံများက ဗိုလ်ချုပ်နေအိမ်ပြတိုက်ဝန်း၏ နောက်ကျောဘက်လမ်း (အရှေ့တောင်ဒေါင့် ) က ကြားလိုက်ခြင်းဖြစ်သည်။
အချိန်ကား နေ့လည်(၁)နာရီကျော်။

ရုတ်တရက်မို့ ပြေးကြလွှားကြဖြင့် မြို့ကလေးသည် ဆူညံပွက်ထသွားကြတော့သည်။ မီးက မြန်လည်းမြန်သည်။ တောင်အတိုင်းတောက်လျှောက်လောင်ရာက မြောက်အတိုင်းလောင်လာပြန်သည်။ ထိုမှ ဗိုလ်ချုပ်နေအိမ်ပြတိုက်နေရာအိမ်ဝန်း(မင်းဝိုင်း)ကိုလောင်သည်။ ထိုဝန်းထဲ ရှိရှိသမျှအဆောက်အဦအားလုံးကုန်သော် အနောက်ဖက်လမ်းကိုခုန်ကျော်၍ လောင်ပြန်သည်။ ထိုမှ အနောက်ဖက် ဆီစက်ရှိဆီပေပါများ ထပေါက်ကွဲ ပျံတက်ကာ အောင်ဆန်းရပ်ကွက်အနောက်ပိုင်း အိမ်ဝန်းများနှင့် တန်းလတ်ကျောင်းအထိ ကူးလျက် လောင်ပြန်သည်။ အချို့လည်း ဟိုအိမ်ပြေးကူ သည်အိမ်ပြေးကူသူကူ၊ မီးနောက်ကလိုက်သူကလိုက်၊ မီးရှေ့ကပြေးသူကပြေးဖြင့် မနိုင်မနင်းဖြစ်ကြလေသည်။ ငိုကြ ယိုကြ အော်ကြဟစ်ကြဖြင့် ကမ္ဘာပျက်သံအလား ဟိုမှသည် စုန်ဆန်ပြေး၍ ကူကြသယ်ကြ အသက်လုကြရသည်။ သို့သော် သမိုင်းဝင် ဗိုလ်ချုပ်နေအိမ်ကား ကံအကြောင်းမကောင်းလှဘဲ မီးဘေးသင့်ကာ ပျောက်ကွယ်ဆုံးရှုံးခဲ့ရလေပြီ။

(၃)

ထိုမီးလောင်မှုကြောင့် နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်အရှေ့ခြမ်းအားလုံးနီးပါးလောက် မီးဘေးကြုံခဲ့ရသည်။ ထိုခေတ်သတင်းစာတို့၌ အိမ်ခြေ (၆၅၈) အိမ်ဟုပါဝင်ကြောင်း၊ အချို့သတင်းစာတို့၌ (၅၄၈)ဟု ဖော်ပြကြောင်း မီးဘေးကိုယ်တိုင်ကြုံရသူ နတ်မောက်ကဗျာဆရာ လေး(နတ်မောက်)က ဆိုသည်။ ဗိုလ်ချုပ်နေအိမ်ပြတိုက်သာမက အောင်ဆန်းရပ်ကွက်၏တန်းလတ်ကျောင်းပါ မီးထဲပါလေသည်။ တောင်ရွာကြီးသား (အောင်ဆန်းရပ်ကွက်သား)တို့နှင့် သမိုင်းချစ်သူ၊ မြို့ချစ်သူတို့အတွက်မူ ဧပြီလရောက်တိုင်း ထိုရင်နင့်ဖွယ်ရာမီးလျံှအိပ်မက်ဆိုးတို့ ပြန်လည်နိုးထနေပေလိမ့်မည် ။ မျက်ရည်ဝေ့သီနေလိမ့်မည်။ မိမိနေအိမ်ဆုံးရှုံးတာထက် " သွားပါပြီကွာ၊ နတ်မောက်မှာ ဘာမှပြစရာမရှိတော့ပါဘူး" ဟု ဝမ်းနည်းပက်လက်ပြောဆိုလိုက်သော ဆရာကြီးဦးတုလှိုင်၏စကားသံကို အမှတ်ရနေပေလိမ့်မည် ။

(၄)

ထိုသမိုင်းဝင်ပစ္စည်းဆုံးရှုံးမှုနှင့်ဆက်စပ်၍ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ဝန်း၏ မူလအနေအထားကို ဆရာကြီးဦးမြင့်ဖေ(နတ်မောက်)က"ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ဝန်းခြံနှင့် ဝတ်ကျောင်းတော်"ဟူသောဆောင်းပါးဖြင့် ရာပြည့်မော်ကွန်းမဂ္ဂဇင်းတွင်အောက်ပါအတိုင်းဖော်ပြဖူးသည် ။

"ယခုနေအိမ်ဝင်းခြံ၏တောင်ဘက်အစပ်တွင် ယခင်ကအိမ်ဝိုင်းနှစ်ခုရှိခဲ့ပါသည်။ အရှေ့တောင်ထောင့်တွင် ကဗျာဆရာနတ်မောက်ကြည်လေး၏မိဘများဖြစ်သော ရှေ့နေဦးဖိုးစီ၊ ဒေါ်ငွေမယ်တို့နေအိမ်ရှိပါသည်။ တောင်ဘက်သို့မျက် နှာမူထားပါသည်။ နောင်တွင် ၎င်းအိမ်ဝန်းခြံ၌ ကား ပိုင်ရှင်ဦးတင်လှနှင့် ဒေါ်ခင်သင်းမိသားစုတို့က မီးလောင်သည်အထိနေထိုင်သွားပါသည်။ ၎င်း၏အနောက်ဘက်တွင် မိခင်ကြီးဒေါ်ခ နှင့် ဆရာဖဲခေါ် ဆရာဦးကျော်ညွန့်တို့၏အိမ်ဝိုင်းတည်ရှိပါသည်။ အိမ်ဝန်းခြံမှာ အနောက်ဘက်လမ်းအထိဖြစ်ပြီး တောင်ဘက်လမ်းဘက်မျက်နှာမူထားပါသည်။ အနောက်ဘက်လမ်းပေါ်တွင် ဆရာဖဲအိမ်ဝန်းခြံနှင့်ကပ်လျက် အနောက်ဖက်သို့မျက်နှာမူထားသော ဦးရာကြူးနှင့်အမေစု၏ညီမဖြစ်သော ဒေါ်ယု၏သားသမီးများဖြစ်ကြသော ဒေါ်သောင်း၊ ဒေါ်သန်းကြည်နှင့် ဦးအောင်သိန်းတို့၏ဝန်းခြံနှင့်နေအိမ်များဖြစ်ပါသည်။ ဒေါ်သောင်းတို့၏ဝန်းခြံ၏မျက်နှာစာတွင် ဦးမြဘူးအိမ်နှင့်ကပ်လျက် သွပ်တန်းလျားတစ်ခုရှိပါသည်။ သွပ်တန်းလျား၏မြောက်ဘက်ကပ်လျက်ဒေါ်သောင်းတို့၏ဝန်းခြံနှင့်နေအိမ်များသို့ဝင်ရောက်ရာဝန်းတံခါးရှိပြီး ဝန်းတံခါး၏မြောက်ဖက်တွင် ယခုအောင်ဆန်းရပ်တွင်နေထိုင်သော ဦးသန်းတင်၊ နှမဒေါ်ဗျောတို့၏မိဘများဖြစ်သော ဦးကုလား၊ ဒေါ်အေးကြီးတို့၏အိမ်နှင့်ခြံဝန်းဖြစ်ပါသည်။ ၎င်းမြောက်ဘက်ကပ်လျှက် ဒေါ်သောင်းတို့၏ ဂိုထောင်ရှိပါသည်။ နတ်မောက်ဘုန်းကျော်နှင့် ဒေါ်အေးချမ်းမိသားစုများမှာ ၎င်းဂိုထောင်ထဲတွင်နေဖူးသည်ဟု မှတ်သားမိပါသည်။ ၎င်းဂိုထောင်၏မြောက်ဘက်ကပ်လျှက် ယခုလက်ရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက်ဝန်းခြံ၏ အနောက်မြောက်ထောင့်တွင်ဝတ်ကျောင်းတော်တည်ရှိပါသည်။ ယခုဗိုလ်ချုပ်နေအိမ်ဝင်းခြံအတွင်းရှိ တောင်ဘက်ခြမ်းတွင် ယခုအောင်ဆန်းရပ်တွင်နေထိုင်သော အငြိမ်းစားဆရာမကြီး ဒေါ်ခင်နွဲ့တို့၏မိဘများဖြစ်ကြသော အမေစု၏မောင်အငယ်ဆုံး ဦးညိုတုတ်ခေါ်ဆရာကြီးဦးငွေဆိုင်၊ ဒေါ်တော်တို့၏အိမ်တည်ရှိပါသည်။ ၎င်းအိမ်မှာ မြို့သူကြီးဦးရွှေနီတို့၏အိမ်ဖြစ်ပါသည်။ ၎င်းအိမ်ကြီးမှာပင် အင်္ဂလိပ်နယ်ချဲ့ကို အစောဆုံးတော်လှန်ခဲ့သော ဗိုလ်မင်းရောင်နှင့်ဦးမင်းမောင်တို့ညီကိုနှစ် ငယ်စဉ်က ကြီးပြင်းခဲ့ကြပါသည်။ မြို့သူကြီးဦးရွှေနီကိုအကြောင်းပြု၍ ဗိုလ်ချုပ်တို့ယခင်ဝန်းခြံကြီးကို မင်းဝိုင်းဟုခေါ်ဆိုခဲ့ကြပါသည်" ဟုမှတ်တမ်းတင်ထားသည်။ ဤသည်ကြောင့် မီးမလောင်ခင်က ဗိုလ်ချုပ်တို့အိမ်ဝန်းနှင့်ပတ်ဝန်းကျင်ကို လေ့လာသိရှိနိုင်ပေသည်။

(၅)

ထိုသမိုင်းဝင် မင်းဝိုင်း(ခေါ်)အာဇာနည်ဗိုလ်ချုပ်မွေးဖွားရာနေအိမ်ဝန်းကြီးကား မီးလောင်ပြင်လည်းဖြစ်ခဲ့ဖူးပြီ။ တဖန် ဗိုလ်ချုပ်နေအိမ်ပြတိုက် ပိုမိုခန့်ညားကျယ်ဝန်းစေရန် အခြားမြေနေရာအစားထိုးပေး၍ ပြောင်းရွှေ့တည်ဆောက်မှုဖြင့် ယခုနေအိမ်ပြတိုက်ကြီးကို လှပသေသပ်တင့်တယ်စေပြန်သည်။ လူတိုင်း မူလပုံစံမပျက် လေ့လာနိုင်ကြပေပြီ။ မီးထဲပါသွားသော တန်းလတ်ကျောင်းသည်လည်း ယခုအခါ အထက၊ အောင်ဆန်းအဖြစ် ခန့်ညားထည်ဝါသော သင်ယူရာဌာနကြီး ဖြစ်လာခဲ့ပေပြီ။ ဆိုလိုသည်မှာ ဧပြီမီးလျှံထဲမှာ မျက်ရည်ဝေခဲ့ကြပြီးပြီ။ ထိုမီးလောင်ပြင်မှ ပြန်လည်နိုးထရှင်သန်လာသော ဖီးနစ်ငှက်လိုလည်း အတောင်ခတ်ပျံသန်းလာနိုင်ခဲ့ကြသည်။ နတ်မောက်သမိုင်း အထင်ကရဆက်ရှိနေဖို့တော့ ခေတ်လူတို့၏ အတွေးအကြံ အလုပ်အကိုင်က ပဓာနကျလှပေသည်။

မည်မျှပင် သဘာဝဘေးဒဏ်၊ လောကဓံ ကြုံရပါစေ လူသားအတွေးအကြံ ၊ လူ့အားမာန်ဖြင့် ပြန်လည်တည်ဆောက်နိုင်ကြသည်ဟု မှတ်ယူယုံကြည်သင့်ပေသည် ။

ဦးမျိုး(မကွေး)