Breaking News

ဦးဝင်းတင် အမှတ်တရအစီအစဉ် ရန်ကုန်၊ မန္တလေးတွင် ကျင်းပ

၁၉ ဧပြီ ၂၁ နံနက်ပိုင်းက  မန္တလေး  တောင်လေးလုံးကျောင်းတိုက်တွင် ပြုလုပ်သော ဦးဝင်းတင် အမှတ်တရ အစီအစဉ် မြင်ကွင်းတစ်ခု (ဓာတ်ပုံများ - ခင်နှင်းဝေ/Myanmar Now)
၁၉ ဧပြီ ၂၁ နံနက်ပိုင်းက မန္တလေး တောင်လေးလုံးကျောင်းတိုက်တွင် ပြုလုပ်သော ဦးဝင်းတင် အမှတ်တရ အစီအစဉ် မြင်ကွင်းတစ်ခု (ဓာတ်ပုံများ - ခင်နှင်းဝေ/Myanmar Now)

ဦးဝင်းတင် အမှတ်တရအစီအစဉ် ရန်ကုန်၊ မန္တလေးတွင် ကျင်းပ
ခင်နှင်းဝေ/Myanmar Now (MoeMaKa, April 21st, 2019)


မြန်မာနိုင်ငံဒီမိုကရေစီအရေး လှုပ်ရှားမှု ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း  ၅ နှစ်ပြည့် အောက်မေ့ဖွယ် အစီအစဉ်များကို  ဧပြီ ၂၁ နံနက်ပိုင်းက ရန်ကုန်၊ မန္တလေးမြို့တို့တွင် ပြုလုပ်ကြသည်။
ရန်ကုန်တွင် ပြုလုပ်သည့် အစီအစဉ်များတွင် "ဦးဝင်းတင်အိမ်" ဖွင့်ပွဲ အခမ်းအနားလည်း ပါဝင်သည်။
ဦးဝင်းတင်အမှတ်တရ အိမ်ငယ်ကို ခုခံကျဝေဒနာရှင်များကို ကူညီနေသည့်  ဒေါ်ဖြူဖြူသင်း၏ ရန်ကုန်၊ ဒဂုံမြို့သစ်ရှိ  HIV/AIDS Center တည်ရှိသည့် နေရာတွင် တည်ဆောက်ထားသည်။
အင်းစိန်ထောင်မှ လွတ်မြောက်လာသည့် ဦးဝင်းတင်၏ နောက်ဆုံးနှစ်ကာလများအတွင်း ရန်ကင်းမြို့နယ်တွင် နေထိုင်ခဲ့ခြင်းဖြစ်ပြီး မကြာသေးမီက အဆိုပါ နေအိမ်ကို ဖျက်ပြီးနောက် နေရာသစ်တွင် ပြန်လည် တပ်ဆင် တည်ဆောက်ခြင်း ဖြစ်သည်။
အိမ် ဖွင့်ပွဲ အစီအစဉ်သို့ ဦးဝင်းတင်ကို လေးစားသူများ၊  နိုင်ငံရေးသမားများ တက်ရောက်ကြသည်။
မန္တလေးဒေသတွင် ဦးဝင်းတင်အမှတ်တရ အစီအစဉ် ပြုလုပ်သည့် နေရာမှာ အမရပူရ တောင်လေးလုံးကျောင်းတိုက်တွင် ဖြစ်သည်။
ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် ဇာတိမာန်အသင်းမှ ဦးလှမင်းဦးက ဦးဝင်းတင်၏ ရပ်တည်ချက်များသည် ဒီမိုကရေစီအရေး လှုပ်ရှားမှုအတွက် လွန်စွာ အရေးပါခဲ့သည်ဟု မှတ်ချက်ပြုသည်။
"မြန်မာ့ဒီမိုကရေစီခေတ်ပြောင်းတော်လှန်ရေးမှာ ပြည်သူဘက်ကနေ မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ ဆရာကြီးရဲ့သီလ သမာဓိကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ကျင်းပတာဖြစ်ပါတယ်” ဟု ဦးလှမင်းဦးက ပြောသည်။
တောင်လေးလုံးကျောင်းတိုက် အောက်မေ့ဖွယ်အခမ်းအနားသို့  နိုင်ငံရေး၊ စာပေ၊ စာနယ်ဇင်း နယ်ပယ်တို့မှ ပုဂ္ဂိုလ်များ တက်ရောက်ပြီး အမှတ်တရ စကား ပြောကြားခဲ့သူများထဲတွင် မောင်သစ်လွင်(လူထု)၊ တရားလွှတ်တော်ရှေ့နေ ကြီးဦးထွန်းအောင်ကျော်၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ်မှ ဦးသိန်းတန်၊ ကဗျာဆရာ  လွှတ်တော်ကိုယ်စားလှယ် ငြိမ်းသစ် ခေါ် ဦးသောင်းထွန်းတို့ ပါဝင်သည်။
အောက်မေ့ဖွယ် အမှတ်တရ အစီအစဉ်တွင် ဆရာမောင်သစ်လွင် (လူထု) က  ဦးဝင်းတင်ကို နှမြောမိသည်ဟု ပြောသည်။
"သူက ကိုယ်ကျိုးကိုစွန့်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်တဲ့သူ၊ စာနယ်ဇင်းသမားအနေနဲ့ တာဝန်သိသူ ဖြစ်တယ်” ဟု ဆရာမောင်သစ်လွင် (လူထု)က ဆိုသည်။
အောက်မေ့ဖွယ်အခမ်းအနားတွင် ဟံသာဝတီဦးဝင်းတင်၏ လက်ရာများ ပါဝင်သည့် စာအုပ်များ၊ သတင်းစာများ ခင်းကျင်းပြသထားပြီး  အမှတ်တရစာအုပ်များ ဝေငှခဲ့သည်ကို တွေ့ရသည်။
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်ဇာတိ ဦးဝင်းတင်သည် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ယူပြီးနောက် စာနယ်ဇင်းလောကသို့ ရောက်ရှိခဲ့သည်။
မန္တလေးမြို့ ဟံသာဝတီသတင်းစာတွင် ပိတ်သိမ်းခံရချိန်အထိ  အယ်ဒီတာချုပ် တာဝန် ယူခဲ့သည်။
၁၉၈၈ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ထိုကာလတွင် ပေါ်ပေါက်လာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်သူများထဲတွင် ပါဝင်ခဲ့သည်။
များမကြာမီပင် တပ်မတော်အစိုးရက ဦးဝင်းတင်ကို ထိန်းသိမ်းလိုက်သည်။ ဖမ်းဆီးခံရသည့် ကနဦး ကာလများတွင် ဦးဝင်းတင်သည် ပြင်းပြင်းထန်ထန် နှိပ်စက်ခံရသည်။ ပြင်ပသို့ စာရေးသားဆက်သွယ်မှုအတွက်လည်း အခြား နိုင်ငံရေးအကျဉ်းသားများနှင့်အတူ နှိပ်ကွပ်ခံရသည်။
၂၀၀၇ တွင် ပြန်လည်လွတ်မြောက်လာသည့် ဦးဝင်းတင် ကျန်းမာရေး အခြေအနေ ထိုခိုက်မှုသည် ထောင်တွင်း နှစ် ၂ဝ ခန့် ရင်ဆိုင်ခဲ့ရသည့် အခြေအနေဆိုးများနှင့်လည်း သက်ဆိုင်နေသည်။
ထောင်မှ ပြန်လွတ်ပြီး ပေါ်ပေါက်လာသော ၂၀၀၈ အခြေခံဥပဒေ  လူထုဆန္ဒခံယူပွဲ၊ ၂၀၁ဝ ရွေးကောက်ပွဲ စသည့် အစီအစဉ်များသည် မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အဟန့်အတားကြီးများ ဖြစ်သည်ဟု ဆိုကာ အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ခဲ့သူ ဖြစ်သည်။
အင်းစိန်လူ့ငရဲမှ ပြန်လာသည့် နိုင်ငံရေးသမား ဦးဝင်းတင်သည် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူစဉ် ၂၀၁၄ ဧပြီ ၂၁ တွင် ကွယ်လွန်သည်။