Breaking News

မောင်လူပေ - သမ္မတထရန့်၊ အမေရိကန်တပ်မတော် နဲ့ ဆန္ဒပြမှုများ



မောင်လူပေ - သမ္မတထရန့်၊ အမေရိကန်တပ်မတော် နဲ့ ဆန္ဒပြမှုများ

(မိုးမခ) ဇွန် ၉၊ ၂၀၂၀

အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့သတင်းပတ်အတွင်းဆန္ဒပြမှုတွေ ဆက်လက်ရှိခဲ့ပေမယ့် အများစုဟာအေးချမ်းစွာ ပြီးဆုံးခဲ့ပါတယ်။ လုံခြုံ​ရေးတပ်ဖွဲ့တွေကလည်း အရင်ကလို အင်အားသုံးပြီး ဖြိုခွဲတာတွေမလုပ်တော့သလို ဒူးထောက်ပြီး ထောက်ခံမှုတွေတောင် လုပ်ပေးခဲ့ကြတယ်။ မေတ္တာပေးလို့ မေတ္တာယူတဲ့ အေးချမ်းစွာဆန္ဒပြမှုတွေအဖြစ် မြင်တွေ့ရတယ်။

ရဲတပ်ဖွဲ့စည်းမျဉ်းများ ပြန်လည်ပြင်ဆင်ရေးကို ဒီမိုကရက်တွေက တင်ပြလာသလို အသုံးစားရိတ်ဖြတ်တောက်ဖို့ ဖိအားပေးမှုတွေရှိလာတယ်။ ရဲတပ်ဖွဲ့တွေကလည်း ပြန်လည်ဖွဲ့စည်းပြင်ဆင်ရေးဖက်ကို သွားဖို့ အကြံပေးတာကို သဘောတူလာကြတယ်။ ရဲတပ်ဖွဲ့တွေဟာ ဆိုင်ရာမြို့နယ်တွေရဲ့အောက်မှာ သီးခြားရပ်တည်ကြတာမို့ အားလုံးပါဝင်ဖို့ကတော့ အချိန်တစ်ခု လိုအပ်ပါမယ်။

သမ္မတထရန့်လည်း ဝါရှင်တန်ဒီစီဆန္ဒပြမှုကြီးအပြီးမှာ လေသံတွေပြောင်းလဲသွားတယ်။ လုံခြုံရေးခေါ်ထားတဲ့ တပ်တွေကို နယူးဂျာစီပြန်ပို့မယ်လို့ တွီတာမှာ ရေးထားတယ်။ ဝါရှင်တန်မြို့တော်ဝန်က တပ်တွေဆင့်ခေါ်တာကို တလျှောက်လုံးဆန့်ကျင်ခဲ့သူပါ။ ဆန္ဒပြမှုတွေကို အင်အားသုံးနှိမ်နှင်းမှုကို လုံးဝ ဆန့်ကျင်ခဲ့တယ်။

ဆန္ဒပြမှုတွေ အေးချမ်းစွာပြီးဆုံးခဲ့မှုကိုကြည့်ရင် ပြည်သူကိုအကြမ်းဖက်လို့မရ၊ သူကြမ်း ကိုယ်ကြမ်းနဲ့ ဖျက်ဆီး လုယက်မှုတွေဆီ တွန်းပို့သလိုဖြစ်သွားမယ်ဆိုတာ မြင်နေရတယ်။

လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့တိုင်းက ကာကွယ်ရေးအမြင်၊ လုံခြုံရေးအမြင် ဆိုတာနဲ့ တိုင်းတာပြီး လိုအပ်တာထက် အင်အားသုံးဖြေရှင်းတတ်ကြတယ်။ လူအုပ်တွေ့ရင် ဖြိုခွဲဖို့အမိန့်ပေးမယ်။ အမိန့်ကိုဖီဆန်ရင် စာအုပ်ကြီးအတိုင်း ဖြိုခွဲတော့မယ်။ ဆန္ဒပြနေသူတွေ ဘာလို့ဆန္ဒပြတယ်ဆိုတာ နားလည်အောင် ကြိုးစားဖို့ မလိုအပ်။ အမိန့်ပေးသူရဲ့အမိန့်ကို နာခံဖို့သာ ရှိကြတယ်။

အဲဒီမှာ နှစ်ဖက် ထိပ်တိုက်တွေ့ကြတာပဲ။ အကြမ်းဖက်ပြီးအနိုင်ယူလိုက်ပေမယ့် ခံလိုက်ရသူတွေကတော့ ဒေါသမီးတွေအဖြစ် အသွင်ပြောင်းပြီး အရာရာကို ဖျက်ဆီးပစ်ဖို့ ဝန်မလေးတော့။ တောကြောင်တွေအတွက်လည်း အခွင့်အရေးရခဲ့တယ်။

အမေရိကန်တပ်မတော်ဟာ နိုင်ငံရေးနဲ့ ဝေးဝေးနေတဲ့ တပ်မတော်ပါ။ ပြည်တွင်းကိစ္စတွေမှာ ပါဝင်ပတ်သက်လေ့မရှိ။ အလွန်အမင်းဆိုးရွားတဲ့အခြေအနေတစ်ခုမှာသာ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး (ပြည်နယ်ဝန်ကြီးချုပ်)ရဲ့ အမိန့်အရ ခဏတာ ပါဝင်ပတ်သက်မှုရှိတယ်။ ပြီးတာနဲ့ စစ်တန်းလျှားပြန်ကြတာပဲ။

အခုကိစ္စမှာ သမ္မတထရန့်က စစ်တပ်လွှတ်မယ်လို့ ခြိမ်းခြောက်မှုပြုခဲ့တာ အကြီးဆုံးအမှားတစ်ရပ်ကို လုပ်လိုက်တာနဲ့ တူသွားတယ်။ ပင်တဂွန်ဌာနချုပ်က ဗိုလ်ချုပ်တွေ၊ အရင်ကာကွယ်ရေးဝန်ကြီးဟောင်းရော၊ လက်ရှိကာကွယ်ရေးဝန်ကြီးကပါ နိုင်ငံရေးကစားကွက်ထဲမှာ စစ်တပ်မပါဘူးလို့ ထုတ်ပြောပြီး သမ္မတနဲ့ ခပ်ခွာခွာနေပြကြတယ်။ စစ်တပ်ရဲ့ ထောက်ခံမှုမရပဲ အရှက်နဲ့သာ ကြုံခဲ့ရတယ်။

အာဏာရှင်ကြီးအဖြစ် ပို၍ထင်ရှားလာသူ သမ္မတထရန့်ကို ထောက်ခံအားပေးမှုလည်း ပိုပြီးကျဆင်းလာနေတယ်။ သူနဲ့ပါတီတူကြတဲ့ အရင်သမ္မတဟောင်း George W Bush (ဂျူနီယာ Bush) ၊ အထက်လွှတ်တော်အမတ် ဆီနိတ်တာ Mitt Romney တို့ကလည်း သူသမ္မတအဖြစ် ပြန်လည်အရွေးခံမှာကို မထောက်ခံကြောင်း ပြောလာကြတယ်။ ကာကွယ်ရေးဝန်ကြီးဟောင် ဗိုလ်ချုပ်ကြီး Colin Powell ကတော့ သူ့ပြိုင်ဖက် Joe Biden ကိုသာ ထောက်ခံမယ်လို့ ပြောထားတယ်။

NBC နဲ့ Wall Street Journal တို့ပူးတွဲကောက်ယူတဲ့ လူထုစစ်တမ်းအရလည်း သူ့ပြိုင်ဖက် Joe Biden ဟာ ထောက်ခံသူ ၅၀% နဲ့ ခုနှစ်မှတ်အသာစီးရရှိထားတယ်။ သူ့ကိုထောက်ခံသူ ၄၂% သာရရှိနေတယ်။

အမေရိကန်စီးပွားရေးအခြေအနေတွေ ပြန်ဖွင့်လာပြီဖြစ်လို့ တည်ငြိမ်စ ပြုလာပြီ။ စတော့စျေးကွက်လည်း အရင်အခြေအနေကို ပြန်ရောက်သွားပြီ။ ဆန္ဒပြမှုတွေလည်း တဖြေးဖြေး လျှော့နည်းကျဆင်းလာပြီး အေးချမ်းလာပြီ။ ကိုဗစ်(၁၉)ရောဂါကြောင့် သေဆုံးမှုလည်း ကျဆင်းလာနေတယ်။ လူတွေလည်း ရောဂါနဲ့အတူ နေထိုင်တတ်လာကြတယ်။

ဒီမိုကရေစီနိုင်ငံမှာ တပ်မတော်ကနိုင်ငံရေးမှာ ဝင်မပါ၊ မလိုအပ်ပဲ အာဏာပြဖို့ စေခိုင်းရင်လည်း လက်မခံ။ တပ်က တပ်အလုပ်လုပ်၊ နိုင်ငံရေးသမားက နိုင်ငံရေးအလုပ်လုပ်​။ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို ကန့်လန့်မတိုက်။ အဲဒါတွေဖြစ်နေရင် ဒီမိုကရေစီနိုင်ငံမဟုတ်သေးပါဘူးဗျာ။

ချစ်တဲ့
မောင်လူပေ