Breaking News

မောင်စွမ်းရည် - ကံထွန်းသစ်ရဲ့ ကဗျာစာအုပ်သစ် ‘တွန်းရွှေ့ခံတောင်တန်းများပေါ်က ပုထုဇဉ်သီချင်း’


မောင်စွမ်းရည် - ကံထွန်းသစ်ရဲ့ ကဗျာစာအုပ်သစ် ‘တွန်းရွှေ့ခံတောင်တန်းများပေါ်က ပုထုဇဉ်သီချင်း’

(မိုးခမ) ဇွန် ၉၊ ၂၀၂၀

ထုတ်ဝေနှစ် - ၂၀၁၉ ဒီဇင်ဘာ
စာနဒီစာအုပ်တိုက်၊ ရန်ကုန်။
စာ-၂၆၃ ၊ ပုဒ်ရေ - ၁၃၁

မြန်မာစာပေသမိုင်းတလျှောက်လုံးကို တမျှော်တခေါ် ပြန်ကြည့်မယ်ဆိုရင် ဗုဒ္ဓစာပေတွေ များခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ စာရေးသူတွေကတော့ ‘ရဟန်းရှင်လူ’လို့ ဆိုတဲ့အတိုင်း ရဟန်းက များပါမယ်။ ‘ပေ လေးပင်၊ ရှင် လေးပါး’ ဆိုတာလည်း အတွေးထဲ ဝင်လာပါတယ်။

လွတ်လပ်ရေးခေတ်ဦးကို ပြန်ကြည့်ပြန်တော့ ပထမဆုံး စာပေဗိမာန်ဆုရတဲ့ ပုဂ္ဂိုလ်စာရင်းမှာ ဆရာတော် ဦးသောဘိတ(ရွှေကိုင်းသား) ပါဝင်နေပါတယ်။ အထက်ဆန်လိုက်ရင်တော့ လယ်တီဆရာတော်၊ မန်လည်ဆရာတော်၊ ဒီပဲယင်းဆရာတော်၊ စလေဦးပုည၊ မုံရွေးဆရာတော်၊ မင်းဘူးဆရာတော်ဦးဩဘာသ၊ အရှင်ဥက္ကသံမာလာ စတဲ့ ဆရာတော်တွေကို အနီးကပ် ဖူးတွေ့ရပါလိမ့်မယ်။ လယ်တီဆရာတော်ကြီးကို တွေးမိတုန်း တဆက်တည်း ဦးခေါင်းထဲ ဝင်လာတာက လူဝတ်လဲ လယ်တီဆရာတော်များဖြစ်တဲ့ လယ်တီပဏ္ဍိတဦးမောင်ကြီးနဲ့ လယ်တီ ဦးကောဝိဒ ဆရာတော်တို့ပဲ ဖြစ်ပါတယ်။

ရွှေကိုင်းသားဦးသောဘိတာကို တွေးရင်းက ဆရာတော်နဲ့အတူ လူထုသတင်းစာမှာ စာရေးလာခဲ့တဲ့ အရှင်ဉာဏိဿရကိုပါ တွေးလိုက်မိပေမယ့် ဆရာတော်က လူဝတ်လဲပြီး ဦးဆန်းထွန်း ဖြစ်နေခဲ့ပါပြီ။ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဦးဆန်းထွန်းတို့နဲ့ ယှဉ်တွဲပြီး မြင်မိပြန်တာက အမရပူရက မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ဖြစ်ပါတယ်။ အရှင်ဇနကာဘိဝံသရဲ့တပည့် စာဆိုက အမရပူရ တောင်လေးလုံးဆရာတော် ‘ကိုပညာ’တဲ့။ ခေတ်အဆက်ဆက် မြန်မာ့လူမှုရေးလောကမှာလည်း ယောကျာ်းမှန်သမျှ သင်္ကန်းဝတ်ကြရတာကိုး။ 

သင်္ကန်းဝတ်များမှာ စားဝတ်နေရေးဒုက္ခတွေ နည်းပါးလေတော့ စာပေလေ့လာချိန်၊ ရေးသားချိန်များ ပိုမိုရရှိကြပါတယ်။ အဲဒီစာပေသမိုင်းမှာ ဒုတိယအများဆုံးကတော့ နန်းတွင်းက မင်းညီမင်းသားတွေနဲ့ မှူးမတ်သေနာပတိတွေ ဖြစ်ပါတယ်။ ဒါကြောင့် လယ်တီဆရာတော်တို့၊ မန်လည်ဆရာတော်တို့ရဲ့အနီးမှာ ဝန်ကြီးပဒေသရာဇာ၊ ကင်းဝန်မင်းကြီး၊ နဝဒေး၊ နတ်သျှင်နောင်တို့နဲ့အတူ မမြလေး၊ လှိုင်ထိပ်ခေါင်တို့ကိုပါ တဆက်တည်း မြင်လာရတာ ဖြစ်ပါလိမ့်မယ်။

ခုခေတ်လည်း ရဟန်းစာဆိုတွေ အတော်များလာနေပါတယ်။ လူအမည်နဲ့ ရေးသူတွေ အကုန်လုံးကို ကျွန်တော်တို့ မသိနိုင်ပါ။ ဒါတောင် ပါဠိစာပေသာ သင်ကြရလို့ပါ။ မြန်မာစာပေနဲ့ အင်္ဂလိပ်စာပေတို့ကိုပါ သင်ယူ ဖတ်ရှုတ်ကြရရင် ပိုပြီး ရဟန်းစာဆိုတွေ များလာမှာပါ။ လွတ်လပ်ရေးရပြီးစ စာပေဗိမာန်ဆုရခဲ့တဲ့ ရဟန်းစာဆိုတဦးဟာ ရွှေကိုင်းသား(ဦးသောဘိတ)က ဆင်ယင်ထုံးဖွဲ့မှုကျမ်းနဲ့ ဆုရတာပါ။

 ဒီကြားထဲမှာ ကံထွန်းသစ်က လူအမည်နဲ့ ကဗျာဖွဲ့ပြီး ဆုရတော့ ရဟန်းဖြစ်နေလို့တဲ့ ပြန်ရုပ်သိမ်းခံရသေးတယ်။ 

သမိုင်းတလျှောက်မှာ ရဟန်းစာဆိုတွေပဲ များလာခဲ့တာကို ကြားဖောက်ပြီး ရဟန်းတွေ (စာရေးခွင့်မရှိသလို) ဆုရခွင့်မရှိသလို ရှုံ့ချေ၊ နှပ်ချေ လုပ်ခဲ့သေးတာ ဘာပညာရှင်တွေလဲ မသိပါဘူး။ န.ဝ.တ ခေတ်ကပါ။ အမျိုးသားစာပေဆု(ပထမဆု) ရခဲ့တာ ‘ဒြပ်ရှိ အိပ်မက်ကဗျာများ’ စာအုပ်ပါ။ ဆု ရရ၊ မရရ စာဆိုတော် ဦးပုညဟာ ဦးပုညပါပဲ။ ‘ဦးပုနေ့’မဖြစ်သလို ကံထွန်းသစ်ဟာလည်း ‘ကံမှိန်ဟောင်း’ ဖြစ်မသွားနိုင်ပါဘူး။

ခုအခါ အမျိုး၊ ဘာသာ၊ သာသနာ ဆိုပြီး ကိုလိုနီခေတ် နိုင်ငံရေးကြွေးကြော်သံဟောင်ကြီးကို ထိပ်တင်ပြီး ရွေးကောက်ပွဲဝင်ဖို့ တာစူနေကြတဲ့ စစ်အိုးဟောင်းတွေဟာ ကံထွန်းသစ်တို့လို ရဟန်းစာဆိုတွေကို ဗမာပြည်တွင်းမှာ မနေနိုင်အောင် ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ကံထွန်းသစ်ကို ရဟန်းစာဆိုမှန်းတောင် အစက မသိခဲ့ပါ။ ဆရာဇော်ဂျီ ကွယ်လွန်တဲ့ ဆယ်နှစ်ပြည့်ပွဲမှာကျမှ တခါပဲ ဆုံဖူးတာပါ။ သူက ဦးအောင်သင်းတို့နဲ့ အဖွဲ့ကျသူဆိုပဲ။ မောင်စွမ်းရည်က ဦးအောင်သင်းနဲ့ နှစ်ပေါင်း နှစ်ဆယ်မက အပြန်အလှန် စာပေတိုက်ပွဲ ဆင်နွှဲခဲ့တာကြောင့် တအုပ်စုစီ ဖြစ်နေလို့ အချင်းချင်း မဆုံမိခဲ့တာပါလို့ နောက်ကြောင်းပြန်ဖူးပါတယ်။ တကယ်တော့ မောင်စွမ်းရည်နဲ့ ဦးအောင်သင်းတို့က မီးရထား၊ မော်တော်ကား အတူစီးပြီး စာပေခရီးတွေ သွား၊ အတူအိပ်၊ အတူစား နေကြတာ သူ မသိလို့ပါ။ ဦးအောင်သင်းက သူဟာ ‘စာရေးဆရာတွေရဲ့ နိုင်ငံရေးနောက်ခံ အကြောင်းအရာတွေကို မသိခဲ့လို့ နိုင်ငံရေးသမားတွေရဲ့ အသုံးချတာ ခံခဲ့ရကြောင့် ပြန်လည်ပြောပြ ဝန်ခံဖူးပါတယ်။ သူ ပြောတဲ့စကားက နားထဲက မထွက်လို့ ပြန်ပြောပါရစေ။

 ‘ကျုပ်ကလည်း သူများ မြှောက်ပေးရင်၊ ဝှေးတက်အောင်ကတဲ့လူဗျ’ တဲ့။ ကိုအောင်သင်းရေ… အမျှ အမျှ အမျှ… ။

စစ်အစိုးရဟာ အင်္ဂလိပ်လက်ထက်က လက်ဖျားနဲ့ မတို့တဲ့ ဘုန်းတော်ကြီးများကို သင်္ကန်းချွတ်၊ လူအမည်ကို ခေါ်ပြီး ရိုက်ပုတ်နှိပ်စက်ခဲ့ကြပါတယ်။ မစိုးရိမ်ဆရာတော်ကြီးနဲ့ မေဒိနီဆရာတော်ကြီးလို ထေရ်ကြီးဝါကြီး တွေကို နှိပ်စက် စော်ကားခဲ့တာပါ။ မစိုးရိမ်ဆရာတော်ကြီးဟာ စာသင်သား ၆၀ဝ၀ ကျော်ကို စာချခဲ့ဖူးပါသတဲ့။ ဆရာတော်ကြီးဟာ ပြည်ပမှာ ပျံလွန်တော်မူခဲ့ရှာပါတယ်။

 ကံထွန်းသစ်တို့ကတော့ ထွက်လာစဉ်က ရဟန်းအို မဟုတ်။ ရဟန်းပျိုပဲ ဆိုတော့ အမေရိကန်လို နိုင်ငံကြီးမှာ ‘ကျောင်းခန်းနဲ့ ဒေါင်းလန်းနဲ့’ ဖြစ်နေပါပြီ။ ကဗျာစာအုပ်တအုပ်တောင် ထွက်လာပြန်ပါပြီ။ ဝမ်းသာအားကျစရာ ကောင်းလှပါပေရဲ့။

ကဗျာစာအုပ် နာမည်ကတော့ ရှည်လှပေရဲ့။ ‘တွန်းရွှေ့ခံ တောင်တန်းများပေါ်က ပုထုဇဉ် သီချင်းကဗျာ’တဲ့။ စာမျက်နှာ ၂၆၀ ကျော်မှာ ပုဒ်ရေ ၁၃၀ ကျော်ပါတယ်။ အမှာစာတွေကလည်း ကိုလေး(အင်းဝဂုဏ်ရည်)၊ မောင်စွမ်းရည်၊ သစ္စာနီ၊ မောင်လွင်မွန်(ကသာ)တို့အပြင် စာရေးသူကိုယ်တိုင်ရဲ့ အမှာစာရောဆိုတော့ ၅ ပုဒ်တောင် ပါဝင်ပါတယ်။ အမှာစာတွေရဲ့ သဘောကတော့ ကံထွန်းသစ်ရဲ့ ကဗျာတွေဟာ ခေတ်စမ်းသစ် (နီယို ခေတ်စမ်း)ကနေ ခေတ်ဆန်းဟန်၊ မော်ဒန်ဘက်ကို ဦးတည်နေကြောင်းကို သုံးသပ်ထားကြပါတယ်။ အမှာစာတွေ များပေမယ့်- ၁) နောက်ကျောဖုံးမှာ ကဗျာဆရာရဲ့ ဓာတ်ပုံနဲ့ အတ္ထုပ္ပတ္တိအကျဉ်း၊ ၂) ကဗျာဆရာ ထုတ်ဝေခဲ့တဲ့ စာစုစာရင်း အဲဒီနှစ်ခု ပါဝင်ရင် ပိုကောင်းပါမယ်။ မြန်မာစာအုပ် ထုတ်ဝေရေးလောကမှာ အဲဒါလေးတွေ လိုအပ်နေပါသေးတယ်။ ဒါလေးတွေပါမှ အကဲဖြတ်ရာမှာ ပိုပြီးခိုင်မာပါမယ်။

ဒီကဗျာစာအုပ်ထဲမှာ ကဗျာပုဒ်ရေ ၁၃၀ + ၁ ပါဝင်ပါတယ်။ ၁၉၈၃ ခုနှစ်နဲ့ ၂၀ဝ၀ ပြည့်နှစ်များအတွင်း ရေးဖွဲ့တဲ့ ကဗျာတွေ ဖြစ်ပါတယ်။ ကဗျာတပုဒ်ချင်းရဲ့အောက်မှာ ကဗျာရေးတဲ့ ခုနှစ်ကလေးတွေ ‌ဖော်ပြထား တာ အလွန်ကောင်းပါတယ်။ ကဗျာဆရာရဲ့ တိုးတက်မှုနဲ့ ဆုတ်ယုတ်မှု စတာတွေကို အကဲဖြတ်ရာမှာ အသုံးဝင်ပါတယ်။ ဒီကဗျာ ၁၃၀ ဟာ နှစ်ပေါင်း နှစ်ဆယ် (၁၇ နှစ်) အတွင်း ရေးဖြစ်ခဲ့တာ အကုန်ပဲဆိုရင် ဆယ်နှစ်အတွင်း ပုဒ်ရေ ၅၀-၆၀ လောက် ရေးဖြစ်တယ် ဆိုနိုင်ပါတယ်။ တစ်နှစ်အတွင်း ဆယ်ပုဒ်လောက်ပဲ ရေးဖြစ်တာဆိုရင်တော့ နည်းလှတယ် ဆိုရပါမယ်။ (တင်မိုးက တခါတလေ တနေ့ ဆယ်ပုဒ်လောက်တောင် ရေးပါတယ်။ နေ့စဉ်မှတ်တမ်း သဘောမျိုးပါပဲ။ ဒါတောင် ရေးရင်း အိပ်ပျော်သွားတတ်လို့ပါ။ ကဗျာ ရေးတာတောင် အဖော်နဲ့ စကားပြောရင်း ရေးချင်တာတဲ့။)

အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက နှစ်စဉ် စာပေစာတမ်းဖတ်ပွဲများ လုပ်ရာမှာ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ကဗျာ စသည်တို့ကို ဝေဖန်ရေးလုပ်တဲ့ အဖော်တွေလည်း ပါဝင်တတ်ပါတယ်။ ၁၉၆၈ ခုနှစ်လောက်က ထင်ပါတယ်။ မောင်သာနိုးနဲ့ မြဇင်တို့ရဲ့ ကဗျာဝေဖန်ချက် စာတမ်းများဟာ ကဗျာလောကကို လှုပ်နှိုးလိုက် သလို ဖြစ်သွားခဲ့ပါတယ်။ ‘ခေတ်စမ်း’၊ ‘ခေတ်ပြိုင်’၊ ‘ခေတ်ပေါ်’ ဆိုတဲ့ ကဗျာဝေဖန်ရေး စာလုံးတွေ ရှေ့တန်းကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်ခေတ်ပေါ်ကဗျာရဲ့သဘောကို ကမ္ဘာနဲ့ယှဉ်ပြီးတော့ ခံစား ရေးဖွဲ့နိုင်ခြင်း ရှိမလာခဲ့သေးပါ။ ‘ကာရန်မဲ့’တာကိုပဲ ခေတ်ပေါ်ကဗျာရဲ့ လက္ခဏာလို့ ထင်နေခဲ့ပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့ကဗျာတွေကို အနောက်ကဗျာတွေရော၊ အရှေ့ကဗျာတွေကိုပါ အင်္ဂလိပ်ဘာသာ (သို့မဟုတ် နိုင်ငံခြားဘာသာ တခုခုနဲ့) ဖတ်ရှု ခံစားနိုင်စွမ်းမရှိအောင် ပညာရေး နောက်ကျသွားခဲ့လို့ပါ။

နိုင်ငံခြားကဗျာ ဖတ်ရှုခံစားလိုတဲ့ အာသီသဟာ တင်မိုး၊ ကြည်အောင် တို့လို တက္ကသိုလ်ထွက် ကဗျာဆရာတွေ မှာလည်း စိတ်အားထက်သန်ခဲ့ကြပေမဲ့ လမ်းမီ တန်းမီ မဖတ်နိုင်ခဲ့ကြပါ။ သူတို့က မောင်သာနိုးကို ပူဆာကြလို့ မောင်သာနိုးရဲ့ ‘ထင်းရှူးပင်ရိပ်’ နဲ့ ‘အိုမာခိုက်ယမ်’၊ ‘အာရှအလင်းရောင်’ စတဲ့ ဘာသာပြန်စာအုပ်တွေ ထွက်လာခဲ့ပါတယ်။

‘ထင်းရှူးပင်ရိပ်’ ဟာ ကဗျာလူငယ်တွေရဲ့ ‘ခေတ်ပေါ်ကဗျာလက်စွဲကျမ်းစာ’ လို ဖြစ်သွားခဲ့ပါတယ်။ နောက်ထပ် ဆက်ပြီး မောင်သာနိုးက ‘မိုးမခပင်ရိပ်’ ကိုလည်း ဆက်လက်ထုတ်ဝေပါတယ်။ အရှေးတိုင်း ခေတ်ပေါ်ကဗျာတွေ ဖြစ်ပါတယ်။ ဟိုက္ကူ ဂျပန်ကဗျာများကိုလည်း ဘာသာပြန်လိုက်ပါတယ်။ ဒေါက်တာဆန်းထွန်းကလည်း ဟိုက္ကူကဗျာ ဘာသာပြန်စာအုပ် ထုတ်ပါတယ်။

ဒီလိုနဲ့ တို့ဗမာ လူငယ်ကဗျာဆရာများဟာ နိုင်ငံရပ်ခြား၊ မော်ဒန်ကဗျာတွေကို စမ်းဝါးခံစားမိလာကြပြီး မိမိတို့ ကဗျာတွေကို ‘မော်ဒိုက်နိုက်ဇေးရှင်း’ လုပ်လာကြပါတယ်။ ဝေးလံနှေး ကျန်ရတာကို ကျွန်တော် ရိပ်စားမိတာကတော့ Modern Sensibility ပါပဲ။ ‘ခေတ်ပေါ်အာရုံခံစားမှု’ မရှိသေးလို့ဆိုတာကို တွေးမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံက မော်ဒန်အဆင့်ကို မရောက်လာသေးလို့ပါပဲ။ စီးပွားရေးနဲ့ လူနေမှုစနစ်က ရိုးရာကျေးလက် လူမှုဆက်ဆံရေးဘာသာပဲ ရှိနေပါတယ်။ ပညာရေးကလည်း မတိုးတက်တဲ့အပြင် နှစ်ပေါင်း ငါးဆယ်ကျော်၊ ခြောက်ဆယ်လောက် စစ်အာဏာရှင်လက်အောက်မှာ မတိုးသာ မဆုတ်သာနဲ့ ထိုင်းမှိုင်းသွားခဲ့ပါတယ်။ ဆိုလိုတာက ခေတ်ပေါ် လူမှုစီးပွားရေး မရှိသေးဘဲ မြေရှင် ပဒေသရာဇ်စနစ်သာသာ တို့ဗမာ လူမှုရေးစနစ်သာ ရှိနေသေးတာကြောင့် စာပေကလည်း မော်ဒန်မဖြစ်လာ နိုင်သေးတာလို့ ကောက်ချက်ဆွဲမိခြင်းပါပဲ။

ကံထွန်းသစ် ကဗျာတွေကို ကြည့်။ (မောင်စွမ်းရည် ကဗျာတွေကိုပဲ ကြည့်ကြည့်) သူတို့ကဗျာတွေဟာ နီယိုခေတ်စမ်းခေတ်၊ တာရာ၊ ကြည်အေးတို့ခေတ် ကဗျာတွေထက် ရှေ့ကို မကျော်ခဲ့ပါဘူး။ ကံထွန်းသစ် တို့ဟာ ‌ခေတ်အမီဆုံး၊ အတိုးတက်ဆုံး နိုင်ငံကြီးမှာ နေထိုင်ကြတာ ကြာခဲ့ပြီမဟုတ်လား။ ဆယ့် လေး ငါးနှစ် နှစ်ပေါင်း နှစ်ဆယ်လောက် ကြာခဲ့ပြီ မဟုတ်လားလို့ မေးစရာ ရှိပါတယ်။ ဟုတ်ကဲ့… သူတို့ လူနေမှုစနစ်ဟာ အမေရိကန်ပြည်ထောင်စုအတွင်းမှာ နေသားကျနေရုံမက တင်မိုး၊ မောင်စွမ်းရည်တို့ဆိုရင် ဥရောပ၊ ဂျပန် စတဲ့ ကမ္ဘာ့မော်ဒန်အကျဆုံး နိုင်ငံတွေကိုပါ လှည့်လည်သွားလာနေခဲ့ကြတာ မဟုတ်လား။ 

ဒါပေမဲ့… ဒါပေမဲ့… သူတို့ဟာ တို့ဗမာ လူမှုအဖွဲ့အစည်းအတွင်းမှာ ဘုန်းကြီးကျောင်း၊ ဝတ်အသင်း၊ ဆွမ်းခံအိမ်၊ ရှင်ပြုပွဲ၊ အငြိမ့်သဘင် စတဲ့ မြန်မာ့လူမှုဆက်ဆံရေးလောကထဲက လုံးဝမထွက်ကြဘဲ မြန်မာနိုင်ငံ အတုလေးတွေ ဖန်ဆင်းနေထိုင်ကြပါတယ်။ ဥပမာ- အင်ဒီယားနားပြည်နယ်က ဖို့တ်ဝိန်း ဆိုတဲ့ မြို့မှာဆိုရင် ဗမာလူမျိုး၊ ဗမာ တိုင်းရင်းသားမျိုးစုံ ရှိတဲ့အပြင် ဗမာစကားပြောတဲ့ ကုလားတွေပါ ရှိကြပါတယ်။ အစိုးရကျောင်းတွေမှာ မြန်မာစာ ဆရာတောင် ရှိသတဲ့။ ဖို့တ်ဝိန်းမြို့လေးကို ‘မြန်မာရွာ’လို့ သူတို့ဘာသာ နာမည်ပေးထားကြလေရဲ့။ ဘုန်းကြီးကျောင်းတွေလည်း ရှိတယ်။ အကြော်ဆိုင်တွေလည်း ရှိတယ်။ ကာကာဆိုင်တွေလည်း ရှိနေကြပါတယ်။ နယူးယောက်၊ ဝါရှင်တန်၊ လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စ္စကို၊ ရာ့တ်ဖဲလေ စတဲ့ မြို့တွေမှာလည်း တရုတ်တန်း၊ ကုလားတန်းတွေ ရှိသလို ဗမာတန်း၊ ဗမာရွာတွေ ရှိနေကြလေရဲ့။ တရုတ်တန်း၊ ကုလားတန်းတွေကလည်း ဗမာပြည်က တရုတ်၊ ကုလားတွေ တော်တော်များပါတယ်။ ဒီတော့ ကံထွန်းသစ်ဟာ ကံထွန်းသစ် မဖြစ်လာဘဲ ကံထွန်းဟောင်းအဖြစ်နဲ့ ခေတ်စမ်းကဗျာမှာပဲ တရစ်ဝဲဝဲ ဖြစ်နေပါတော့တယ်။

ခေတ်စမ်းရဲ့ အဓိကတင်ပြပုံဆိုတာက သုံးချက်ဆင့် တက္ကဗေဒလို့ ဆိုရမယ် ထင်ပါတယ်။
၁။ ဒါက ဒီလိုဖြစ်တယ်
၂။ ဟိုဟာ ဟိုလိုဖြစ်တယ်
၃။ ဒါကြောင့် ဒါ ဖြစ်လာပါတယ် ဆိုတာမျိုးပါပဲ။

ခေတ်စမ်းစာဆိုကြီး မင်းသုဝဏ် ကွယ်လွန်ခါနီး ရေးဖွဲ့ခဲ့တဲ့ ကဗျာတပုဒ်နဲ့ သာဓကဆောင်ပါရစေ။

‘ဆရာဇော်ဂျီသို့ ဂုဏ်ထူး’
ပိတောက်ကို အသက်သွင်းလို့
ညင်းညံ့ညံ့ ထုံကမူ။
တောနှင့်တောင် မြို့ရွာတွင်းမှာ
သင်းရနံ့ကျူ။
ပိတော်ကက ကျူ
လူတွေက ပျော်မြူး
သင်္ကြန်ခါ တို့ရွာရပ်မှာ
ဖေဇော်ဂျီ ဆရာမြတ်ကို
ဦးညွှတ်လို့ဖူး။
မင်းသုဝဏ်

၁၇-၈-၂၀ဝ၀ဒီကဗျာလေးဟာ ကံထွန်းသစ်နဲ့ မောင်စွမ်းရည်တို့ ပထမအကြိမ် တွေ့ဆုံပြီး အတူသွားကြတဲ့ ဆရာဇော်ဂျီ ကွယ်လွန်ခြင်း ၁၀ နှစ်မြောက် အခမ်းအနားအတွက် ဆရာကြီးမင်းသုဝဏ် ရေးသားပေးပို့လိုက်ခဲ့တဲ့ အမှတ်တရ ကဗျာလေးပါ။

‘အရင်းအနှီး’
မျောက်ပြ ဆန်တောင်း
တချို့က
ဆင်ဖြူတော်မှီ ကြံစုပ်။
တချို့က
တချို့က
ဆန်ကိုလည်း အုပ်
ကြံကိုလည်း စုပ်
‘ဟုတ်ကဲ့’ ရေလဲသုံးရင်းလေ။ ။
ကံထွန်းသစ်
၁၉၉၅၊ ဇန်နဝါရီ

‘ပရမတ္ထနှလုံးသား’
ငါ့လက်ဖဝါး
သဘောထား မတည်
မှောက်ချီတရံ၊ လှန်ချီတခါ။
ငါ့ခြေဖဝါး
သဘောထားတည်
လှန်ချီမရှိ၊
ပကတိ မှောက်မြဲ။
ငါ့နှလုံးသား
လက်ဖဝါးကျင့်၊ သူ မကျင့်
ခြေဖဝါးကျင့် အမြဲကျင့်
ငါနှင့် အလှ ထိုခါမှ
သဟဇာတ ဖြစ်ခန်းဖွင့်။ ။
ကံထွန်းသစ်
၁၉၉၀ ဒီဇင်ဘာ

‘ဟန်လုပ်ကြသူများ’
ပန်းပွင့်ထံမှ လက်ဆောင်ရသော
မွှေးမြသန့်ရှင်း၊ ရနံ့ဆင်းနှင့်
လေညင်း ဟန်လုပ်နေပါသည်။
နေမင်းထံမှ လက်ဆောင်ရသော
လက်ပဝါဝင်း၊ ရောင်အဆင်းနှင့်
လမင်း ဟန်လုပ်နေပါသည်။
ချစ်သူထံမှ လက်ဆောင်ရသော
ဘဝနုံဆင်း၊ ကဗျာသီချင်းနှင့်
အင်း… ကိုယ်လည်း ဟန်လုပ်နေပါသည်။ ။
ကံထွန်းသစ်
၁၉၈၈ ဒီဇင်ဘာ

ဒီလို ‘သုံးချက်ဆင့် တက္ကဗေဒ’‌ တွေးဟန် ရေးဟန် ကဗျာပုံစံများကို ထုတ်ပြတာဟာ ကံထွန်းသစ်ရဲ့ ကဗျာတွေကို အပြစ်ရှာပြရတာ မဟုတ်ပါ။ ခေတ်စမ်းဟန်ရဲ့ လွှမ်းမိုးမှုဟာ ဒီနေ့အထိ ရှိနေဆဲဆိုတာကို ဒီနေ့ ကဗျာလူငယ်တွေ သတိမူမိစေလိုတဲ့အတွက် နမူနာထုတ်ပြရတာပဲ ဖြစ်ပါတယ်။ ကဲ.. နောက်တပုဒ် ကြည့်။

‘နိမိတ်’
လှိုင်းအော်သံများ၊ ကြိုတင်ကြားသော်
ဒီများလာကြောင်း သိနှင့်၏။
မိုးချုန်းသံများ၊ ကြိုတင်ကြားသော်
မိုးများလာကြောင်း သိနှင့်၏။
ဥဩသံများ ကြိုတင်ကြားသော်
နွေမ ဖွားလာကြောင်း သိနှင့်၏။
ဪ… ရင်ခုန်သံများ ကြိုတင်ကြားပြီ
ကြောင်းများ ဘယ်သို့ ထူးပါလိမ့်။
ဒါက မောင်စွမ်းရည်ရဲ့ ကဗျာတပုဒ်ပါ။ 

ဒီလို တွေးပုံ၊ ရေးပုံတွေဟာ ခေတ်စမ်းခေတ်မှာ အလွန်တွင်ကျယ်ခဲ့ပါ တယ်။ အလွန်ဩဇာညောင်းခဲ့ပါတယ်။ ဒါကြောင့် ဒီပုံစံမျိုးတွေကို တွေ့လိုက်ရင် ကဗျာဆရာတဦးတည်းက ရေးလိုက်သလို ထင်ရပါတယ်။ သဘောကတော့ ‘အဟောင်းနံ့ ရတယ်’ လို့လည်း ဆိုနိုင်ပါတယ်။ ပရုတ်လုံးနဲ့ ထည့်ထားတဲ့ ပိုးပဝါလေးလိုပေါ့။ မကောင်းတာတော့ မဟုတ်။ ရိုးတာ၊ ဟောင်းတာကို ဆိုလိုပါတယ်။

ဒီနေ့ လူငယ်အများစုကလည်း ကျေးလက်ခံစားမှုထဲက မထွက်နိုင်သေးတာ များပါတယ်။ ကာရန်မဲ့ဟာ အသစ်ဖြစ်ပေမဲ့ အတွေးသစ် မဟုတ်ရင် အသစ်ဖြစ်ရုံနဲ့ စံသစ်ဖြစ်လာမှာ မဟုတ်ပါ။ ဒါပေမဲ့ အရွေ့တခုဆီကို တော့ ဦးတည်နေလေရဲ့လို့ ထင်ရပါတယ်။ ဆိုချင်တာက ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး တို့ မပြောင်းလဲသေးသမျှ ကျွန်တော်တို့ ကဗျာလည်း ပြောင်းလဲဖို့ မလွယ်သေးပါဘူး။ ခုလည်း ‘နဲ့’ရုံပဲ ရှိပါသေးတယ်လို့ ကံထွန်းသစ်နဲ့ သက်သေထူလိုက်ရပါကြောင်း။

မောင်စွမ်းရည်
၂ မတ် ၂၀၂၀
နယူးယောက်