Breaking News

ထူးမွန် - မြို့ပြက ကြွက်တွေ

မြို့ပြက ကြွက်တွေ 
ထူးမွန် 
(မိုးမခ) ဇွန် ၂၀၊ ၂၀၂၀

ကြွက်တွေ ခဏခဏ မြင်ခဲ့ဖူးတယ်။ လမ်းတဖက်တချက်ကူးတဲ့အခါ၊ အမှိုက်အိတ်တွေကြားမှာ၊ မြေကြီးထဲက ပြေးထွက်လာတဲ့အခါတွေ၊ ဂျက်ဖာတွေကြားထဲမှာ ကိုက်စားသံတွေကြားလို့ ကြည့်မိတဲ့အခါတွေမှာ တွေ့ တွေ့နေရခဲ့တယ်။

တရက် မှန်ကြည့်မိတဲ့အခါ ကြွက်တွေကို သတိရသွားတယ်။ ကြွက်တွေကို ပုံစံအမျိုးမျိုးနဲ့နေရာစုံက မြင်ရတာပဲ။ လက်တထွာကျော်ကျော်ရှိတဲ့အကောင်တွေ မြေတွင်းတွေထဲက မြောင်းတွေထဲက ထွက်လာတာကို မြင်လိုက်ရ၊ ဂျက်ဖာပုံးတွေထဲမှာ မိသားစုဖြစ် ကလေးနီတာရဲကြွက်လေးတွေလည်း တွေ့လိုက်ရ၊ တချောင်ကနေ တချောင်ဆီကို ပြေးနေတဲ့ကြွက်တွေလည်း မြင်ဖူးပါသေးတယ်။ အစားတလုပ်အတွက် အသက်ရှင်ဖို့အတွက် ပင်ပန်းကြီးလှချည်လားလို့ တခါတခါ တွေးဖြစ်တယ်။ စွန့်ပစ်ထားတဲ့အမှိုက်ပုံကို ခေါင်းငိုက်စိုက်အောင်ရှာနေတဲ့ကြွက်တွေကိုမြင်တော့ street children တွေနဲ့ လမ်းပေါ်ကလူတွေလည်း သတိရမိတယ်။

အစားတလုတ်အတွက်၊ ရှင်သန်မှုအတွက်၊ တခြားသူတွေမလုပ်ချင်တဲ့အမူအရာတွေနဲ့ ခေါင်းငိုက်စိုက်နေရ၊ လက်ဖြန့်နေရ၊ ဝတ်တွားတောင်းဆိုနေကြတဲ့နေ့ရက်တွေကို သတိရတယ်။ နေ့ရက်တွေကို ဘယ်သူတွေ ဖြတ်သန်းနေရသလဲဆက်တွေးမိပြန်တော့ အလုပ်သမတွေ၊ စက်ရုံတွေမျိုးစုံကအလုပ် သမတွေ.... ဟော.. အရောင်းစာရေးမလေးတွေ.. သူတို့ရဲ့နေ့ရက်တွေမှာ လုပ် အားတွေနဲ့ အရောင်းတွင်ကျယ်စေတယ်။

ဒီလိုမျိုး လခစားအလုပ်သမားတွေက လုပ် အားနဲ့ငွေကို ဖလှယ်ယူကြရပြီး လုပ်ငန်းတွေကိုလည်ပတ်စေတဲ့နေ့ရက်တွေကို ဖြတ်သန်းနေကြရတယ်။ သူတို့တွေရဲ့ ဟိုဟိုဒီဒီက အတွေးတွေကတော့ လေထဲ ပလူပျံနေတယ်။ 'အလုပ်ပေးတဲ့သူတွေ ရှိလို့ တော်သေးတာပေါ့။' 'စားဖို့သောက်ဖို့လေးတော့ ရသားပဲ။ ဒီအလုပ်မရှိရင် ငါတော့ အဆင်ပြေမယ်မထင်ဘူး။' 'ကျေးဇူးဆိုတာ သိတတ်ရတယ်။ အလုပ်ရှင်ဆိုတာ ကျေးဇူးရှင်ပဲ။' စုံလိုက်တဲ့ အတွေးတွေ။

အားလုံးရဲ့ ကိုယ်စီအတွေးထဲမှာတော့ လကုန်အကြွေးဆပ်ပြီးရင် အကြွေးထပ်ယူရဦးမယ်ဆိုတာက တူညီစွာရစ်ပတ်လို့ပါပဲ။ လယ်ကွင်းတွေထဲ ကြွက်တွေက မြို့ကို ငြီး ငွေ့မယ်ထင်ရဲ့။ လွတ်လပ်စွာစားနိုင်နေတဲ့ ကြွက်တွေက ကျီးလန့်စာစားနေ့ရက်တွေကို အမြဲဖြတ်သန်းနေရတဲ့ မြို့ပြက အမှိုက်ပုံတွေက ကြွက်တွေလို ဖြစ်ချင်ကြမယ် မထင်ဘူး။ ဒါပေမဲ့ မြို့ပြက ကြွက်တွေက တော့ ဘာမှမယဉ်အားဘူး၊ မတွေးအားဘူး။ လူတွေလစ်သလို ရှာစားရမယ် မလစ်ရင်လည်း စားရဖို့လိုတယ်ဆိုတဲ့အသိသာ အမြဲအသိကပ်နေကြရတယ်။

တရက် နေ့လည်ဘက် အိပ်မောကျသွားတယ်။ နိုးလာတဲ့အချိန်မှာ အမြှီးတွေထွက်လို့ ကြွက်ဖြစ်နေတာကို သိလိုက်ရတယ်။ ကြောက်လန့်တကြား အိမ်ပြင်ထွက်ပြေးလိုက်တဲ့အခါ ပတ်ဝန်းကျင်က ကြွက်တွေနဲ့ ပြည့်နေတယ်။ အိမ်နားက နှစ်ဆယ့်လေးနာရီစတိုးဆိုင်ထဲက အရောင်းစာရေးမလေးရဲ့ခေါင်းကလည်း ကြွက်ဖြစ်နေပြီ။ ဆိုက်ကားဂိတ်မှာလည်း ကြွက်တွေ...

ဒီလိုနဲ့ အိမ်ထဲ ပြန်ဝင်လိုက်တယ်။ အနည်းဆုံးတော့ တယောက်တည်း ကြွက်ဖြစ်သွားတာ မဟုတ်ဘူးဆိုတဲ့စိတ်နဲ့ ပုံမှန်လို ဆက်နေခဲ့တယ်။ ဒီလိုနဲ့ နောက်တနေ့ ရုံးသွားဖို့ပြင်တဲ့အခါ အဝတ်အစားတွေနဲ့ အမြှီးကအဆင်မပြေဖြစ်နေတာမို့ အပေါက်တွေ ဖောက်သင့်တာဖောက်ဝတ်ပြီး ဘတ်စ်ကားဂိတ်ကို ထွက်လာခဲ့တယ်။ ဘတ်စ်ကားတွေမှာ ကြွက်တွေအပြည့်နဲ့မို့ တက်ရမှာတောင် လန့်သွားခဲ့တယ်။ ဒါပေမယ့် ချက်ချင်းသတိရလိုက်ပါတယ်။ ငါတို့ အကုန် ကြွက်ဖြစ်နေတာထင်ပါရဲ့။ အမြှီးတွေ တရမ်းရမ်းနဲ့ ဘတ်စ်ကားပေါ်တိုးဝှေ့နေကြလို့ "နောက်ကားမှပဲ စီးတော့မယ် ဆရာရေ့" လို့ ကားဆရာကို အော်ပြောလိုက်မိတယ်။

ဒီလိုနဲ့ နောက်တကားကလည်း မကြာဘူး ရောက်လာတယ်။ မထူးပါဘူးကြပ်နေတာပါပဲ။ ဒီတစီးမှမစီးရင် ရုံးနောက်ကျမှာမို့ အပြေးအလွှားလေး ကားပေါ်တိုးဝှေ့တက်လိုက်တယ်။ အသံတွေလည်း အထဲမှာဆူလို့ မျိုးစုံ ကြားနေရတယ်။ "ဟူး.. အမှိုက်ပုံထဲက ကောင်တွေလည်း ဒီလို ခံစားရလား မသိဘူး" လို့ မနေ့က ဘတ်စ် ကားမှတ်တိုင်ဘေးက အမှိုက်ပုံထဲကကြွက်တွေကို သွားသတိရလိုက်သေးတယ်။ အဲဒီ့အချိန်မှာပဲ ခုံတခုံလွတ်သွားတာနဲ့ဝင်ထိုင်လိုက်တော့ အမြှီးနဲ့ခုံနဲ့ ခုနေတာနဲ့ အဆင်မပြေလို့ ပြန်ထလိုက်တယ်။ အနားက ကောင်မလေး.. အဲ.. ကြွက်မလေးပေါ့လေ.. သူကတော့ စွေ့ခနဲ အသားကျနေသလို ဝင်ထိုင်လိုက်တာပဲ။

ဒီလိုနဲ့ ရုံးမှာလည်း ကြွက်တွေ ဖြစ်နေကြတာပါပဲ။ ရှေ့စားပွဲက ကိုမောင်မောင်ကလည်း အခုတော့ စုတ်ချွန်းချွန်းပုံနဲ့ သူ့ရဲ့ နောက်စားပွဲမှာလည်း ဟိုတလောက အသစ်ရောက်လာတဲ့ ကောင်မလေး ဆူဇီက ကြွက်မလေးဖြစ်လို့ပေါ့။

အတွေးနယ်ချဲ့နေရင်း အလုပ်တွေ လုပ်နေခဲ့တယ်။ ကိုယ်တယောက်ထဲ ထူးခြားနေသလိုဖြစ်နေခဲ့ပေမယ့် ကျန်တဲ့သူတွေက တော့ ပုံမှန်ပါပဲ။ ညနေ ဟိုဘက်လမ်းက ဆိုင်သစ်မှာ အစား အသောက်တွေကောင်း ကြောင်းနဲ့ သွားစားဖို့အဖော်တွေညှိလို့ ကိုယ်ကတော့ ငြင်းလိုက်ပြီး အပြန် ဘတ်စ် ကားဂိတ်ကိုပဲ တန်းတန်းလျှောက်ခဲ့တယ်။

ထူးဆန်းတဲ့နေ့မို့လို့ ထင်ပါရဲ့၊ သိသိသာ သာပင်ပန်းပြီး အိမ်အမြန် ပြန်ရောက်ချင်ခဲ့တယ်။ ကားတွေက မရပ်မနားသာ လာနေတာ ကိုယ်စီးရမယ့်ကားက တစီးမှကို ရောက်မလာဘူး။

အဲ့လိုနဲ့ ဘေးဘီ လျှောက်ကြည့်ရင်း ရုတ် တရက် လန့်သွားတယ်။

လူတွေ လူတွေ ...။ ဟုတ်တယ် အမှိုက်ပုံထဲမှာ ကုန်းရုန်းရှာနေကြတာ လက်တထွာနီးပါးရှိတဲ့ လူတွေ..၊ စားစရာတွေ ရှာနေ လိုက်ကြတာ။

ကျနော်လည်း အခြေအနေကိုသိချင်လို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားတာ တချို့ကောင်တွေ ထွက်ပြေးကုန်တယ်။ နှစ်ကောင်ကတော့ အေးဆေးပဲ ဆက်ရှာနေတယ်။ "ခင်ဗျားတို့ ဘာလို့အမှိုက်ပုံထဲမှာ အစာရှာနေတာလဲ" လို့ ကျနော်က မဆိုင်းမတွမေးလိုက်တဲ့အခါမှာတော့ "ဒီမှာက ရှာလို့ အဆင်ပြေဆုံးပဲ" ဆိုပြီး တယောက်က ဖြေတယ်။

"ဘာလို့လဲ"
"ရွေးချယ်စရာ များတယ်လေ၊ မကြိုက်တာထက် ပိုအဆင်ပြေတဲ့ ကောင်းနိုးရာရာ စားစရာတွေ၊ ရတယ် အိမ်တွေထက်တော့ သာတာပေါ့"တဲ့။ "အိမ်တွေက ဘာလို့လဲ" လို့ ကျနော်က ထပ်မေးမိသွားတယ်။ "ဒီမယ်ဗျာ.. ခင်ဗျားစဉ်းစားကြည့် အိမ် တွေက ချွေတာတယ်၊ အလေအလွင့်မဖြစ်အောင်နေတယ်၊ဒီတော့ ကျုပ်တို့အတွက် စားစရာက နည်း နည်းပဲရတယ်။ သည်းခံပြီး စားလို့တော့ ရပေမယ့် အစားမရှိရင် ငတ်တော့တာပဲ.. အမှိုက်ပုံကျ အမြဲ တခုမဟုတ် တခုရနေတော့ ကျုပ်တို့က အိမ်တွေကနေ ထွက်လာပြီး အမှိုက်ပုံနားမှာ တွင်းတူးပြီးပဲ နေလိုက်တော့တာပေါ့" ဆိုပြီး ဖြေတယ်။ ကျွန်တော်လည်း တချက်ငြိမ်သွားတယ်။ သူကတော့ "ဒီလိုဗျာ.. ခင်ဗျား နယ်ကထွက်လာပြီး ရန်ကုန်မှာ နေသလိုပေါ့" လို့ဆိုပြီး လှမ်းပြောရင်း ထွက်သွားတယ်။

ရင်တွေမောလိုက်တာ၊ အသက်ရှူတွေပါ ရုတ်တရက်ကြပ်လာလို့ မျက်လုံးကို ဖွင့်လိုက်တော့ ကျနော့်ရဲ့အခန်းကျဉ်းလေးထဲမှာ... ချက်ချင်း ဘေးကမှန်ကိုကြည့်လိုက်တော့ ကျနော်မှ ကျနော်အစစ်ကိုပြန်တွေ့လိုက်ရတယ်။ နာရီကိုကြည့်လိုက်တော့ ညနေ (၃)နာရီ။

"အင်း.. အကြာကြီး အိပ်ပျော်သွားတာထင်တယ်"လို့ တွေးလိုက်မိပြီး "ဒါဆို ခုနက အိပ်မက်ပေါ့" ဆိုပြီး အသံထွက်သွားမိရင်း ပြုံးမိရဲ့။

ဒီနေ့က တနင်္ဂနွေဆိုတော့ ရုံးပိတ်ရက်ရတဲ့ ရှားပါးတရက်လေးမှာ အနားယူလိုက်ချင်ပေမယ့် အဆောင်က ၁၀ ပေ ၇ ပေလောက်ပဲကျယ်တော့ အတော်မွန်းကြပ်တယ်။ အပြင်ထွက်မှပဲ အသက်ရှူချောင်တော့တယ်။ ရေချိုး အဝတ်လဲပြီး အပြင်ထွက်လိုက်တယ်။ ထုံးစံအတိုင်း လှည်းတန်းကတော့ ကြိတ်ကြိတ်တိုးပဲ။

ရုတ်တရက် အိပ်မက်ထဲက အမှိုက်ပုံထဲ စားစရာ ရှာနေတဲ့လူတွေကို သတိရရင်း မျက်လုံးထဲ အိပ်မက်ကိုပြန်မြင်ယောင်မိသွားရော။ ဒီလိုနဲ့ ပိတ်ရက်ညနေတိုင်း ပြည်လမ်းဘက်ကို ခေါင်းငိုက်စိုက် လမ်း လျှောက်နေမိတော့တယ်။

ထူးမွန် 
၁ နာရီ ၁၃ မိနစ် ဇွန်လ ၁၇ ရက်