Breaking News

ဇော်ထွဋ် - အဉ္ဇလီအတွက် - သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ်

ယဉ်မင်းပိုက်၏ ပန်းချီ

ဇော်ထွဋ် - အဉ္ဇလီအတွက် - သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ်

(မိုးမခ)  ဇွန် ၂၀၊ ၂၀၂၀

ကိုနေဝင်းရဲ့စိမ်းမြလတ်ဆတ်သော သီချင်းများအပေါ် ရင်ခုန်ခံစားရင်း
ကိုမောင်မောင့် သီချင်းများကို လွမ်းဆွတ်နေမိသည်။
ကိုနေဝင်းနှင့်ကိုမောင်မောင်တို့က မဇ္စျိမလှိုင်းဂိုဏ်းသားတွေ(မဇ္ဈိမလှိုင်းschool) ဖြစ်ကြသည်။ခေတ်ပြိုင်လည်းဖြစ်သည်။ 

ကိုနေဝင်းက `ဒေါက်ဒေါက်ဘယ်သူလဲ´..နှင့် စတီရီယိုတေးနယ်ပယ်ထဲ စတင်ခြေချသည်ဆိုလျှင်၊ ကိုမောင်မာင်သည် `အဉ္ဇလီ´နှင့် ဖြစ်လာသည်ဆိုလျှင်..ကိုနေဝင်းက ကာလအတန်ငယ်စောမလား..ထင်မိသည်။နည်းနည်းစောတာတွေ၊ နည်းနည်းနောက်ကျတာတွေက အရေးမကြီးပါ။ အရေးကြီးတာ ရသတန်ဖိုး၊ အနုပညာတန်ဖိုးဖြစ်သည်။

တကယ်တော့.. မန္တလေးဟာ ကိုယ့်အတွက် ဒုတိယအိမ်၊ တတိယအိမ်လောက် ပြောလို့ရသည်။ရွှေမန်းမြေမှာ အခါခါရောက်ဖူးခဲ့၊ မန္တလေးကျုံးရေ လည်းသောက်ဖူးခဲ့။မန္တလေး`ရမ်´လည်း အခါခါသောက်ဖူးခဲ့သည်။

သူငယ်ချင်းပတ်ကား(ကိုစိုးဝင်းအောင်)၊ ကိုမင်းအောင်တို့နှင့်..စက်ဘီးကလေးတွေ ကိုယ်စီနင်းခဲ့ဖူးသည်။(ရှေးအခါက..) ဈေးချိုဟောင်းနှင့် ရေနီမြောင်း လည်း လည်ပတ်ဖူး၊ မြွေကြီးနှစ်ကောင်လည်းတွေ့ဖူး၊ မမမန်းကေသီလည်း မြင်ဖူးခဲ့သည်။သူတို့နင့်ဆက်နွယ်ပြီး မန်းမြေက ကိုဇော်မြင့်၊ (ရီမြင့်ရုပ်ရှင်၊ သင်္ကြန်မိုးထုတ်လုပ်သူ)ကိုကျောက်လုံး(ကိုအောင်ကျော်စိုး)၊ ကိုမြင့်တိုး..တို့နှင့် သိကျွမ်းခဲ့ရသည်။ထိုစဉ်..သူတို့တတွေက အာရ်အိုင်တီကျောင်း အင်ဂျင်နီယာကျောင်းသားတွေ ဖြစ်ကြသည်။ ကိုဇော်မြင့်နဲ့ကိုကျောက်လုံးက နာမည်ကျော် ဒါးတန်းဦးသန့်ရဲ့ မြေးတွေဖြစ်သည်။ကိုဇော်မြင့်က ကိုမောင်မောင်(အဉ္ဇလီ)ရဲ့နှမနဲ့ ဖူးစာဆုံသည်။အကြောင်းမတိုက်ဆိုင်၍ မမြင်တွေ့ဖူးတာ..တေးရေးကိုမောင်မောင်။ဟိုတုန်းက..ကိုမောငိမောင်လည်း စက်ဘီးလေးနဲ့၊ ကိုဇော်မြင့်လညိး စက်ဘီးလေးနဲ့.မန္တလေးဟန်ပန် သွားလာခဲ့ပုံရသည်။ကိုမောင်မောင်နဲ့ လွဲခဲ့သည်။

ကိုမောင်မောင်နဲ့ လွဲမယ့်သာလွဲသည် ။ကိုမောင်မောင့် စန္ဒယားဆရာအရင်း နာမည်ကျော် စန္ဒယားသိမ်းမောင်က ကျနော်တို့နှင့် အလွန်ပင် ခင်မင်ရင်းနှီးလှသည်။( မန္တလေးအခေါ် လေးသိမ်း)
ဆရာစန္ဒယားတီးပြီး၊ ရန်ကုန်မြို့ထဲ အခန်းတစ်ခန်းမှာ ကျနော်တို့ ကာလပေါ်သီချင်းတွေ တော်တော်များများ`ဟဲ´ခဲ့ဖူးသည်။ (စာရေးဆရာသန်းစိုးနိုင်လည်း` ဟဲ´ဖူးသည်။) တစ်နေ့..ဆရာသိမ်းမောင်က မင်္ဂလာဆောင်တစ်ခုမှာ သီချင်းဆိုဖို့ လာတိုက်ပါဆိုမှ လန့်ဖျန့်ပြီး ဟိုအကြောင်းဒီအကြောင်းဆင်ခြေပေးပြီး ပြေးရတော့သည်။ တေးရေးကိုမောင်မောင်က ..မန္တလေးဓားတန်းဦးသန့်မှ မြို့မငြိမ်း၊ မြို့မငြိမ့်မှ စန္ဒယားသိမ်းမောင်၊ စန္ဒယားသိမ်းမောင်မှ ကိုမောင်မောင်..ဂီတစီးဆင်းလ ာသည်ဟု မှတ်သားဖူးသည်။

`သတင်းမကြားရတဲ့ ရက်လနှစ်တွေ ကြာပြီဆိုတော့ မင်းရဲ့အကြောင်းကို အစဉ်နားစွင့်နေဆဲ´...(အဉ္ဇလီ-ကိုမောင်မောင် ရေး-ခိုင်ထူး ဆို)နဲ့ စတင်ရင်းနှီးခွင့်ရသည်။(၁၉၇၅ဝန်းကျင်ခန့်)ထိုနှစ်ကာလတွေမယ်ဖြစ်မယ်ထင်ပါသည်။ကဗျာဆရာကြီးတဂိုးရဲ့ ကဗျာအငွေ့အသက်များဖြင့် ဆန်းသစ်သော တေးစာသား တေးသံအချို့ကို နားဆင်ခဲ့ရသေးသည်။

`ဂီတဉ္ဇလီ ဂီတဖြင့်ပူဇော်ပါ၏ အဉ္ဇလီရယ် နားစွင့်လို့နားဆင်ပါဦး´(`အဉ္ဇလီအတွက် ဂီတဉ္ဇလီ´
ရေး-ကိုမောင်မောင်၊ ဆို-ခင်မောင်တိုး)

ကျနော်တို့က အာရ်အိုင်တီကျောင်းကို ၁၉၇၅ခုနှစ်မှ တက်ရောက်ခဲ့ကြရာ..ကိုရဲလွင်ကိုလည်း မမီခဲ့။ ကိုမောင်မောင်လည်း မမီလိုက်။ကိုခင်မောင်တိုးလည်း မမီလိုက်။ကိုမောင်မောင်တို့က ၁၉၆၈-၆၉လောက် အာရ်အိုင်တီရောက်ကြတာ။ကိုမောင်မောင်က ဗိသုကာပညာရှင် ဖြစ်ချင်တာဟု ပြောသံကြားဖူးသည်။ကိုမောင်မောင် အာခီတက် ဖြစ်ခဲ့လျှင်လည်း စိတ်ကူးစိတ်သန်းကောင်းသူမို့ ဗိသုကာလက်ရာကောင်းတွေ ထုဆစ်နိုင်မည်ဟု ထင်ပါသည်။ကျနော်တို့ ကျောင်းတက်စဉ်ကာလ.. ကိုရဲလွင်ကိုတော့ ကြို့ကုန်းဆောင်မှာ မကြာမကြာ တွေ့ရတတ်သေးသည်။ကိုမောင်မောင်က မန်းမြေမှာ ထင်ပါရဲ့။

ဟိုရက်က ကိုနေဝင်းသီချင်းများ ရင်ခုန်လှိုင်းအက်ဆေးတစ်ပုဒ် ရေးဖြစ်ခဲ့သည်။ မိတ်ဆွေအင်ဂျင်နီယာတစ်ယောက်က ကိုနေဝင်းသီချင်းတွေနှင့် ထိတွေ့မှတ်သားမှုများကို တော်တော်အံ့သြ နေပုံရသည်။ဟုတ်ပါသည်။ကိုနေဝင်းနဲ့ လူချင်းမခင်မင်ဘူးပေမယ့် နှလုံးသားချင်းတော့ နီးစပ်မှုရှိတယ်ဟု ယူဆမိသည်။ဒီထက်ပိုမို ဂီတနယ်ပယ်ထဲ ထဲထဲဝင်ဝင်ရှိခဲ့လျှင် ကျနော်လည်း အာခီတက်တစ်ယောက် ဖြစ်ချင်မှဖြစ်လိမ့်မယ်..တွေးမိသည်။ဂီတရူးသွပ်မှုရှိတာကို ပြောပြခြင်းဖြစ်ပါသည်။

တကယ်တော့..ကျနော်က ဗီသိုဗင်လည်း သိပ်ထဲထဲဝင်ဝင် သိတာမဟုတ်။ ဒါးတန်းဦးသန့်လည်း သိပ်သိတာမဟုတိ။ကိုမောင်မောင်လည်း.. 

ကိုမောင်မောင်နဲ့ ခင်မင်မှုရှိခြင်း မရှိခြင်းထက်၊ ကျနော်က သူစိတ်ကူးတွေးဆတဲ့ တေးကဗျာ(Lyric)လေးတွေအပေါ်`လေယူရာယိမ်းနွဲ့တဲ့ ပန်းလေးတစ်ပွင့်လို´... ကိုင်းညွှတ်တိမ်းမူးခြင်းဖြစ်သည်။

-ငုဝါခြွေတဲ့မိုး

-ပန်းတို့ပွင့်တယ်လို့

-နှင်းဆီပန်သူ

-ကြိုးကြာသံ

-ပန်းချစ်သူ

-သင်္ကြန်မိုး

-အို..မေတ္တာရှင်

-ရွာပါစေမိုးရေ

-ရွာမယ်ဆိုရင်လေ

-စောင်းကြိုးရှိုက်သံ

-ဆည်းလည်းလှိုက်သံ

-ညီစေမင်း

-မှောင်ရီဝေမိုး..

ဘာမှ မဟုတ်ပါဘူး။ကိုမောင်မောင် သီဖွဲ့ခဲ့တဲ့ တေးကဗျာနာမယ်လေ းတွေ လှပလွန်းလို့ ရေးခြစ်ကြည့်တာ..။ ဘယ်ပန်းချီရေးလို့ မမီပါဘဲ..။

`မိုးကောင်းကင် ကြည်ပြာအောက်မှာ ကောင်းခြင်းတွေ ပေါင်းစုစည်းကာ သူ့ထက်ပိုကဲလှသူ ရှိတော့ဖြင့် ရှိလိမ့်မယ် အေးမြတဲ့အပြုံး ပိုင်ရှင်ရယ်´..
`ဝတ်မှုန်´(သီချင်း) ဖြစ်သည်။
ကိုမောင်မောင်(တေးရေး) ဖြစ်သည်။
မွန်းအောင်(တေးဆို) ဖြစ်သည်။(ဒန်းနစ်စ်)
အလွန်နူးညံ့ ချိုမြသော တေးလက်ရာဖြစ်သည်။သူမို့ရေးတတ်သည်။

ကျနော်တို့ကလည်း နှလုံးသားလှုပ်ရှားစ၊ ခိုင်ထူးရဲ့သီချင်းတွေကလည်း ခံစားမှု အရှိန်အဟုန် ှုပြင်းပြင်းနဲ့ သီကျူးကာလ.၊.ကိုမောင်မောင်ရေးဖွဲ့ခဲ့တဲ့ ခိုင်ထူးရဲ့ တတိယမြောက်စီးရီး ခေါငိးစဉ်သီချင်းဟာ လွမ်းမောတပ်မက်စရာ ဖြစ်ခဲ့ရပါသည်။

`သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ်´..လို့အမည်ရသည်။
`သီချင်းကလေးတစ်ပုဒ်ရယ် ပန်းကလေးတစ်ဆုပ်နဲ့
အသည်းနှလုံးထုတ်လို့ လွှင့်ပစ်လိုက်တယ်..
သီချင်းကြိုက်ရင် နားဆင်လိုက်ကြ ပန်းနှစ်သက်သူ ကောက်ယူပါစေ..အသည်းနှလုံးအတွက်တော့ ဖက်မငိုနဲ့ပေါ့..။
`သင်းပျံ့မွှေးတဲ့ ပန်းရနံ့တွေ ဆောင်ယူသယ်လာ လေညင်းရယ်..´

တကယ်တော့..ကိုမောင်မောင်က သူကိုယ်တိုင် `လေညင်း´ပင်ဖြစ်သည်။သင်းပျံ့မွှေးတဲ့ တေးကဗျာပန်းရနံ့တွေ သယ်လာတဲ့ `လေညင်း´ဖြစ်သည်။ခုအခါ.လေပြည်လေညင်းလည်း တိတ်ဆိတ်ငြိမ်သက်ခဲ့လေပြီ။

(၂၂း၃း၁၉၉၅)ကြယ်ကြွေခဲ့တာ၂၅နှစ်ကျော်။

ကိုမောင်မောင်သည် သီချင်းအသစ်များကို ဖန်ဆင်းနိုင်တော့မည်မဟုတ်ပါ။ ကျနော်တို့လည်းသူရေးဖွဲ့ခဲ့သော တေးကဗျာအမွေအနှစ်များကိုသာ မက်မက်စက်စက် ဖက်ငိုနေရမည် ဖြစ်ပါသည်။


ချမ်းမြေ့ပါစေ။
ဇော်ထွဋ်
စာကြွင်း
ကိုမောင်မောင်ရဲ့တေးကဗျာများဖြင့် collage လုပ်ပြီး ရေးဖွဲ့ထားပါတယ်။