Breaking News

မောင်သော်တာ - မြေကြီးရဲ့ဆွဲငင်အား

မြေကြီးရဲ့ဆွဲငင်အား
မောင်သော်တာ
(မိုးမခ) ဇူလိုင်၊ ၁၂၊ ၂၀၂၀

ပွင့်ပွင့်လင်းလင်းခေတ်ကြီးတဲ့ဗျာ
မေတ္တာပေးလို့မေတ္တာရပါစေ
မြေကြီးကိုတူးဆွပြီးသူဌေးဖြစ်ခွင့်အိပ်မက်မက်ချင်တယ်
အကင်းပါးတဲ့လူဆိုတာဖဲသမားလားဖဲဝိုင်းနားမှာဖဲမီးလှုံသူလား
ဖဲဒိုင်ခံတဲ့သူလားဖဲထုပ်ရောင်းတဲ့စတိုးဆိုင်လား
သေနေတဲ့ဖဲပစ်ချပြီးကွမ်းတစ်ယာ'ထဝါးသလိုလို
ရေထသောက်သလိုလိုနဲ့
ဖဲဝိုင်းကထွက်ပြီးစဉ်းစားခန်းဝင်ကြည့်မိတယ်
ခေါင်းခြောက်စရာဘာတွေရှိသလဲ
ကျားနဲ့သတ်ပုတ်ဆော့ကစားချင်တယ်ဆိုရင်
အရင်ဆုံးကျားလှောင်အိမ်ထဲဝင်ရင်ဝင်
ကျားလှောင်အိမ်ကိုတော့ဖွင့်ပေးသင့်တယ်မဟုတ်လား
ဖွင့်လိုက်ပါစိတ်တံခါးကိုဖွင့်လိုက်ပါ
ပိတ်လှောင်ထားတဲ့ကုန်စည်တွွေ
မြုံထားတဲ့တေးတွေ...
ကစားပွဲတစ်ခုလို
ငွေစက္ကူတွေထက်ဖဲချပ်တွေကိုသာအာရုံစိုက်ဖို့ပဲ
တချို့ဖဲချပ်တွေကမျှော်လင့်ချက်တွေကိုနိမိတ်ဖတ်ပေးတယ်
ကျွန်တော်ရေးချင်တဲ့ကဗျာထဲကပန်းသီးဟာ
အပင်အောက်ကြွေကျဖို့ထက်
လေထဲမှာပျံဝဲနိုင်ဖို့ပဲ
ကမ္ဘာမြေကြီးမှာဆွဲငင်အားရှိတာသေချာတယ်
ဆွဲငင်အားကိုမြေကြီးထဲကတူးဆွထုတ်ယူကြည့်ချင်တယ်
မြေကြီးဆန်ဆန်စဉ်းစားတွေးခေါ်ရင်အားလုံးကိုဆွဲငင်သိမ်းပိုက်နိုင်မလားပဲ
လောလောဆယ်တော့မြေကြီးလိုခေါင်းခြောက်မြန်နေတယ်
လူတွေအားလုံးသိနေတဲ့ငွေဆိုတာ
အစိုးရကအချိန်မရွေးပြန်သိမ်းခွင့်ရှိနေတဲ့စက္ကူရွက်တွေသာပါလား
ခေါင်းခဲမိပြန်တယ်
ကျွန်တော်ရေးချင်တယ်
ငါမကောင်းရင်ငါ့အကြောင်းရေး
ငါ့ကဗျာမကောင်းရင်လည်းငါ့အကြောင်းရေး
ဟောဒီကဗျာစာရွက်တွေဆိုတာ
ငွေစက္ကူတွေ ရွှေသို့မဟုတ်ငွေသတ္တုလိုကျောထောက်နောက်ခံ
အမာခံ 
အာမခံမှုမရှိပါ
အဲဒီတော့
ဘဏ်သူဌေးတွေစဉ်းစားသလို
ငွေအတွက်အလုပ်လုပ်မယ်ဆိုရင်ကဗျာမရေးဘူး
ငွေစက္ကူစက်ထောင်မှာပေါ့
တောင်ပံမပါဘဲပျံသန်းလွတ်လပ်ချင်တဲ့စိတ်ကူးတွေဆိုတာ
သိပ်လှသပေါ့
ဒါပေမယ့်
မြေကြီးရဲ့ဆွဲငင်သိမ်းပိုက်မှုကိုရက်ရက်စက်စက်ခံစားလိုက်ရမှာ
ဒီလိုနဲ့ပဲမြေစာပုံတွေအောက်မှာ
လမ်းဆုံးနေတဲ့အလောင်းတွေကိုဆွဲထုတ်လို့မဆုံးနိုင်တော့ဘူး

မောင်သော်တာ