Breaking News

မောင်ရစ် - ရုပ်ရှင်ရေစီးနဲ့ ခေတ်ရေစီး



မောင်ရစ် - ရုပ်ရှင်ရေစီးနဲ့ ခေတ်ရေစီး

(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၂၀

အခုပဲ ရဟန်းဝတ်နဲ့ မင်းသားကြီးကျော်ဟိန်း ပျံလွန်တဲ့သတင်း တက်လာပါတယ်။ သတင်းတွေကတော့ - ဦးဇင်းကိတ္တိသာရ သက်တော် ၇၃ နှစ်တွင် ပျံလွန်တော်မူ လို့ ရေးပါတယ်။ ကျနော်တို့လို ၄၀၊ ၅၀၊ ၆၀ တန်းနဲ့ အဲသည်တန်းလွန်တွေအတွက် ပေါ်ပြူလာအဖြစ်ဆုံး ရုပ်ရှင်မင်းသားလို့ ပြောရမယ်။

ငယ်စဉ်မှာ မင်းသားအဖြစ် ကျော်ကြား၊ ၆၃နှစ် (၂၀၁၀) မှာ ရဟန်းဝတ်၊ နောက် ဆယ်နှစ် (၂၀၂၀) ၇၃ နှစ်မှာ ကွယ်လွန်။ ရုပ်ရှင်မင်းသားသက် အနှစ် ၃၀ ကျော် ၄၀ နီးပါး ရှိမယ် ထင်ပါတယ်။ ရုပ်ရှင်ဇာတ်လမ်း၊ ခေတ်ကိုယ်စားပြုမှု၊ သရုပ်ဆောင်မှု၊ ပေါ်ပြူလာဖြစ်မှုတွေမှာ အလွန်ဩဇာကြီးတဲ့ မင်းသားလို့ မြန်မာပြည်မှာ မော်ကွန်းတင်ရမယ် ထင်တယ်။

တွေးမိတာက ရုပ်ရှင်ရေစီးဟာ ခေတ်ရေစီးကို ထင်ဟတ်သလား၊ အဲသည် သရုပ်ဆောင်ရဲ့ စီးဆင်းမှုနောက်ကို လိုက်သလား ဆိုတာပါ။ မြန်မာပြည်မှာကတော့ ရုပ်ရှင်ရေစီးဟာ ခေတ်စားတဲ့ သရုပ်ဆောင်ရေစီးနောက်ကို လိုက်တယ် ပြောရမှာပဲ။ ကျော်ဟိန်းခေတ်၊ ကျော်ဟိန်းကား၊ ကျော်ဟိန်းဇာတ်တွေချည်းပေါ့။ အဲလဗစ်ပရက်စလီလည်း သည်လိုပဲ ပြောရမယ် ထင်ပါတယ်။ ကျော်ဟိန်းက အသက်ကြီးလာတော့ မင်းသားချည်းပဲ မလုပ်တော့ဘဲ ဗီလိန် လူကြမ်း (လူဆိုး) အဖြစ် သရုပ်ဆောင်ပြန်ပါသေးတယ်။ ပရိသတ်က ကြိုက်တာပဲ။ ကျော်သူနဲ့ အပြိုင်သရုပ်ဆောင်တော့ ၁၀နှစ် ၁၀နှစ်လို့ သရုပ်ဆောင်တာကို လူငယ်တွေ သိပ်ကြိုက်တာပေါ့။ ကျော်ဟိန်းရှေ့က ညွန့်ဝင်းခေတ်၊ ဝင်းဦးခေတ် စတာတွေ ရှိခဲ့ပါတယ်။ မြန်မာရုပ်ရှင်ရေစီးဟာ နာမည်ကြီးသရုပ်ဆောင် စီးဆင်းရာနောက် လိုက်ခဲ့ကြတာပါပဲ။

လက်ရှိ အနောက်နိုင်ငံတွေမှာ ရုပ်ရှင်ရေစီးဟာ ခေတ်ရေစီးကို ထင်ဟတ်နေတယ်၊ ရှေ့ကနေလည်း ကြိုပြီး နမိတ်ပြကြတယ်လို့ ဆိုရင် ရမလားလို့ စဉ်းစားမိပြန်တယ်။

အခုကိုဗစ်ကာလမှာ ပြန်တွေးကြည့်ရင် အနောက်နိုင်ငံမှာ လူလူချင်းတူပါရဲ့ သွေးစုတ်ဖုတ်ကောင်ကြီးတွေ Zoombie တွေဖြစ်ပြီး ရန်ပြုလို့ ကူးစက်နေလို့ လူကောင်းတွေ ပြေးရ ပုန်းရ တုန့်ပြန်တိုက်ခိုက်ရတဲ့ ဇာတ်ကား တွေ ရုပ်သံစီးရီးတွေ ပြန်မြင်ယောင်မိပါတယ်။ တကယ်အတည်ရိုက်တဲ့ ကပ်ဘေးရုပ်ရှင်တွေလည်း ရှိပါတယ်။

သိပ္ပံဆန်းကြယ်ကားတွေထဲမှာ နည်းပညာအံ့မခန်းတွေ စိတ်ကူးယဉ် ရိုက်ပြခဲ့ကြတာတွေဟာ အခုခေတ်မှာ တကယ်ကို ဖြစ်ပျက်နေတာကို နှိုင်းယှဉ်ကြည့်နိုင်တယ်။ ရုပ်မြင်သံကြားဖုန်းတွေ သုံးဖက်မြင်ရုပ်ကြွတွေ အာကသစခန်းတွေ အဲသည်လိုမျိုးတွေ ရုပ်ရှင်ရေစီးက ကြို မြင်ယောင်ခဲ့ကြတာ။

အရင်တုန်းကတော့ လူကောင်းတွေဟာ လူဆိုးတွေကို ဇာတ်သိမ်းမှာ နိုင်ကြတာချည်းပဲ။ သည်လို feel good ရုပ်ရှင်တွေချည်းပဲ။ နောက်ပိုင်းမှာတော့ လူကောင်းတွေလည်း ရှုံးလာတယ်။ လူဆိုးတွေက ခနခန ပြန်ပြီး အသက်ရှင်လာတယ်။ သေဘဲ မသေနိုင်ဘူး။ အခန်းဆက်တွေ အများကြီး ရိုက်လာကြတယ်။ သည်လို ဇာတ်တွေ star wars, hary potter, ဒါတင်မက ဟီးရိုးမင်းသားတွေကနေ ဗီလိန်မင်းသားအဓိက ကားတွေပါ ပေါ်လာတယ်။ ခေတ်ရေစီးကို ပြနေသလိုပါပဲ။

ဥပမာ - netflix က house of cards မင်းသားဟာ ကောက်ကျစ်စဉ်းလဲ ယုတ်မာတဲ့ နိုင်ငံရေးသမား၊ အမတ်ကနေ သမတကြီးအဖြစ် (အမေရိကန်သမတကြီး) တက်လှမ်းခဲ့ပုံ၊ လူကောင်းတွေကို နှိမ်နင်းအနိုင်ယူခဲ့ပုံ၊ အမှန်တရားက နောက်ဆုတ်ပေးနေရပုံတွေကို စီးရီးများစွာနဲ့ တင်ဆက်ခဲ့တာ ... အခု အမေရိကားမှာ သမတကြီး ထရန့် နန်းတက်လာခဲ့ချိန်နဲ့ တိုက်ဆိုင်လိုက်တာ ဆိုရမလိုပဲ။ ရုပ်ရှင်ရေစီးဟာ ခေတ်ရေစီးကို ကြိုတင်ပြနေတဲ့ အတိုင်းပါပဲ။

တီဗီစီးရီးတွေထဲက Gotham တို့ Agents of Sheild တို့ဆိုတာ အစကတော့ ဟီးရိုးမင်းသားတွေနဲ့ စလာတာ၊ သူရဲကောင်းတွေရဲ့ အစ၊ ရုန်းကန်မှု၊ အောင်မြင်မှုတွေကို ဇာတ်အိမ်ဖွဲ့ပြကြတာ။ သည်လိုနဲ့ ဟီးရိုးမင်းသားနဲ့ အပြိုင် ဗီလိန်မင်းသားတွေကလည်း ရုပ်လုံးကြွလွန်းလာကြတော့ ဗီလိန်တွေရဲ့ ဘ၀၊ အစ၊ ရုန်းကန်မှုတွေ အောင်မြင်မှုတွေကို ရိုက်ကူးတင်ဆက်လာကြကုန်ပါလေရော။ ဗီလိန်တွေ နိုင်နေတာ ဟီးရိုးတွေ ရှုံးပွဲဆက်နေကြတာဟာ အခုခေတ်ကြီးမှာ အာဏာရှင်တွေ လက်နက်ကိုင်တွေ အကြမ်းဖက်တွေက ခေတ်စားလာပြီး လက်နက်မဲ့ အမှန်တရားဖက်ရပ်သူတွေ လမ်းပေါ်မှာ အတုံးအရုံးဖြစ်နေရတာကို နမိတ်ဖတ်နေသလိုလား တွေးမိတယ်။ 

ဟုတ်တော့လဲ ဟုတ်ပါတယ်။ တကယ်အပြင်လောကဆိုတာ ရုပ်ရှင်ထဲက ဟောလိ၀ုဒ်ထဲကလို မဟုတ်ဘူးတဲ့။ အခု ရုပ်ရှင်ထဲက ဇာတ်ကွက်တွေဟာ စိတ်ကူးယဉ် feel good မျော်လင့်ချက်တောင် မပေးနိုင်တော့ဘဲ အပြင်လောကအတိုင်း ‘မှားတဲ့ဘက်မှာ’ ဖြစ်နေတော့ ရုပ်ရှင်ရေစီးဟာ ခေတ်ရေစီးကို ထင်ဟတ်ပြနေတယ်လို့ ဆိုရလေမလားပဲ။

အမှန်တရားဟာ နောက်ဆုံးတော့ အနိုင်ရတယ်၊ အမှားတရားဟာ တလိမ့်ခေါက်ကွေးနဲ့ ရှုံးနိမ့်တယ်။ ပြည်သူတွေဟာ လက်သီးလက်မောင်းတန်းပြီး စင်ပေါ်တက်လာကြတယ်။ သူတို့ဆုံးရှုံးခဲ့သမျှတွေ ပြန်လည် ရရှိကြတယ်။ ကွဲကွာသူတွေ ပြန်တွေ့ကြတယ်။ ပေါင်းသင်းကြတယ်၊ ပျော်ကြတယ်၊ ဝမ်းမြောက် ဂုဏ်ယူကြတယ်။ ဒါတွေ ... ရုပ်ရှင်ထဲမှာလည်း မရှိဘူး၊ အပြင်မှာလည်း မရှိဘူး။ ရန်သူကို မိတ်ဆွေဖွဲ့ရတယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ရတယ်။ ရင်ကြားစေ့ရတယ်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို လက်ခံရတယ်။ ပိုနေမြဲ ကျားနေမြဲ ဆိုတဲ့ စာချုပ်တွေ ချုပ်ကြတယ်။ တောင်းပန် ကြေအေး စေ့စပ် အမှားဝန်ခံ ခွင့်လွှတ် နားလည်ရတယ်ဆိုတဲ့ ဇာတ်သိမ်း မပါလာတော့ပါလား။

ရုပ်ရှင်ရေစီးဟာ အနောက်တိုင်းက ဇာတ်ကားတွေမှှှာ ခေတ်ရေစီးကို ထင်ဟတ်ပြသနေတယ် လို့ ပြောချင်တာပါ။ မိမိအမြင်ကို တင်ပြတာပါ။ မြန်မာပြည်မှာကတော့ ကျော်ဟိန်းရဲ့ ဆယ်နှစ်ဆယ်နှစ်ကို အခေက်ခေါက် ပြန်လည်ဆန်းသစ်ပြီး ပြန်ကြည့်နေတုံးပဲ။ ဇာတ်အသစ်ရိုက်တယ်ဆိုရင်လည်း ဟိုတုန်းက ဇာတ်ကားဟောင်း ၀တ္ထုဟောင်းတွေကိုပဲ ကော်ပီ ပြန်ရိုက်၊ ပြန်လည်ဆန်းသစ် ပြန်ပေါင်းထုပ်နေတုန်းပဲ။

စကားမစပ် ... ဂျီဟောသူ ကြည့်လို့ကောင်းတယ် ဆိုလား။ နောက်ကို ပြန်လှည့်ကြည့်နေကြတာ ဇက်မညောင်းဘူးလား။

(မောင်ရစ်)