Breaking News

မောင်လူပေ - ကိုရိုနာ ၁၀/၀၇/၂၀



 မောင်လူပေ - ကိုရိုနာ ၁၀/၀၇/၂၀

(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၀

ကပ်ရောဂါစတင်ခဲ့ရာတရုတ်ပြည်သို့ WHO ၏ကျွမ်းကျင်ပညာရှင် နှစ်ဦးပါသည့် အဖွဲ့တစ်ခုသွားရောက်၍ ဗိုင်းရပ်၏ စတင်ရာကို စုံစမ်းမည်။ တရုတ်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။ သီးခြားလွတ်လပ်သော စုံစမ်းရေးအဖွဲ့ကို စေလွှတ်ဖို့ WHO မှာ တာဝန်မရှိဟု ပြောသည်။

ကာဇစ္စတန်နိုင်ငံတွင် အလွန်ပြင်းထန်သည့် နမိုးနီးယားအဆုတ်ရောင်ရောဂါတစ်မျိုးကြောင့် သေဆုံးမှုနှုန်းသည် ကိုဗစ်ရောဂါကြောင့် သေဆုံးမှုထက် များစွာပိုမိုခဲ့သည်ဟု ကာဇစ္စတန်ရှိ တရုတ်သံရုံးက သတိပေးခဲ့သည်။ ထိုအဆုတ်ရောင်ရောဂါကြောင့် နှစ်ဝက်အတွင်းမှာ သေဆုံးသူ (၁၇၇၂)ဦးအထိ ရှိသည်ဟုဆိုသည်။ နိုင်ငံငယ်ကလေးတစ်ခုအတွက် ထိုသေဆုံးမှုမှာ များပြားသော အရေအတွက်ဖြစ်သည်။ ထိုနိုင်ငံတွင် နေထိုင်၍ အလုပ်လုပ်နေကြသည့် တရုတ်များလည်း သေဆုံးသူများထဲတွင် ပါဝင်သည်။ အဆုတ်ရောင်ရောဂါ၏ အသေးစိတ်အချက်အလက်ကို မသိရသေးပါ။ ကူးစက်ရောဂါဖြစ်သဖြင့် အခြားတိုင်းပြည်များသို့ ကူးစက်မည်ကို စိုးရိမ်နေကြသည်။

အမေရိကန်ပြည်ထောင်စုတွင် တစ်ရက်တွင်းကူးစက်သူ ခြောက်သောင်းငါးထောင်အထိ စံချိန်တင် တွေ့ခဲ့သည်။ ကူးစက်ခံ(၃.၂)သန်းအထိ ရှိလာသည်။ မေလအတွင်းက စောစီးစွာဖွင့်ခဲ့သည့်ပြည်နယ်များတွင် ကူးစက်မှု အလွန်များပြားသည်။ ကယ်လီဖိုးနီးယား၊ တက္ကဆတ်၊ ဖလော်ရီဒါတို့တွင် တစ်ရက်အတွင်း ရောဂါကြောင့် သေဆုံးသူအရေအတွက်လည်း စံချိန်တင်သည်။ သေဆုံးသူ တစ်သိန်းသုံးသောင်းငါးထောင်ရှိသည်။ ကူးစက်မှု မြင့်နေသော ပြည်နယ်များ ပြန်လည်ပိတ်ရန် စဉ်းစားနေကြသည်။

​အွန်လိုင်းသင်ကြားသူများ ပြည်တော်ပြန်ရန် ညွှန်ကြားခဲ့သည့်အတွက် ထရန့်အစိုးရကို ကယ်လီဖိုးနီးယားပြည်နယ်အစိုးရက တရားစွဲဆိုခဲ့သည်။ ပညာသင်ကြားနေသည့် နိုင်ငံတကာကျောင်းသားများ အမေရိကန်ပြည်ထောင်စုတွင် သိန်းနှင့်ချီကာ ရှိကြ၏။

အိန္ဒိယနိုင်ငံ၌ ကူးစက်သူ ရှစ်သိန်းနီးပါးရှိလာသည်။ သေဆုံးသူနှစ်သောင်းတစ်ထောင်ကျော် ရှိသည်။ ကူးစက်မှုများသော ပြည်နယ်များတွင် ဒေသအလိုက် ပြန်လည်ပိတ်နေသည်။

ရုရှားပြည်၌လည်း ကူးစက်သူ ခုနှစ်သိန်းတစ်သောင်းကျော်ရှိကာ သေဆုံးသူ တစ်သောင်းတစ်ထောင်ကျော် ရှိသည်။

ဟောင်ကောင်တွင် ဒုတိယလှိုင်းကူးစက်မှု ပြန်တွေ့ရသည်မှာ မြင့်တက်လာသဖြင့် ကျောင်းများကို တနင်္လာနေ့မှစ၍ ပိတ်ထားမည်ဟု ကြေညာသည်။

စင်္ကာပူတွင် အထွေထွေရွေးကောက်ပွဲကို မျက်နှာဖုံးများ၊ လက်အိပ်များဝတ်ဆင်စေပြီး ကျင်းပခဲ့သည်။ ကွာရန်တင်းဝင်နေရသူများအတွက် ရွှေ့လျှားမဲရုံအဖွဲ့က အိမ်တိုင်ရာရောက် သွားရောက်ကာ မဲကောက်ယူခဲ့သည်။

မြန်မာပြည်တွင် ပြည်ပကူးစက်(၇)ဦးတိုးသဖြင့် ကူးစက်သူ(၃၂၆)ဦးရှိသည်။ ပြည်တွင်းကူးစက် မရှိပါ။

ကမ္ဘာ့လူဦးရေ ၁၂.၄သန်းကူးစက်ခံရပြီး ငါးသိန်းငါးသောင်းခန့် သေဆုံးခဲ့သည်။ ၇.၂ သန်း သက်သာပျောက်ကင်းသွားခဲ့သည်။