Breaking News

မောင်တူး - ဗိုလ်ချုပ်ပုံ ပန်းချီဆွဲ ပြပွဲလုပ်မိလို့



မောင်တူး - ဗိုလ်ချုပ်ပုံ ပန်းချီဆွဲ ပြပွဲလုပ်မိလို့

(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၂၀

ဗိုလ်ချုပ်ပုံဆွဲ
ထောင်ကျလဲလေ၊ ရေးမြဲလျှက်သာ၊
မရွံ့ပါဘူး၊ မောင်သက်ဦးသည်၊
ပန်းချီဆရာ ဖြစ်ပါ၏။ ။


ဇူလိုင် ၁၉ နီးလာပြီ။ ‘‘ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်ဆိုတဲ့ သီချင်းသံတွေ ကြားလာနေပြီ။’’ ဗိုလ်ချုပ်နဲ့ အာဇာနည်ကိုးဦးပုံ ပန်းချီကားတွေကို ရေးဆွဲနေကြပြီ။ အခုအခါမှာတော့ ဗိုလ်ချုပ်ပုံ ပန်းချီပြပွဲတွေတောင် ကျင်းပနေ ပြီမို့ ဗိုလ်ချုပ်ပုံပန်းချီကားတွေ၊ ဗိုလ်ချုပ်ပုံပိုစတာတွေ၊ ဗိုလ်ချုပ်ဓာတ်ပုံတွေ၊ ဗိုလ်ချုပ်ရင်ထိုးတံဆိပ်တွေ ကြောက်ဖို့ မလို မစိုးရိမ်ရပဲ အသုံးပြုနေနိုင်ကြပါပြီ။ ၁၀၀၀ တန် ဗိုလ်ချုပ်ပုံ ငွေစက္ကူတောင် ထုတ်ပြီးပြီ။ ၅၀၀ တန်လဲ ထုတ်တော့ မယ်။ ဒါပေမဲ့ အာဏာရှင်ခေတ် ၂၀၁၀ ခုနှစ်ဝန်းကျင်လောက်အထိကတော့ ဗိုလ်ချုပ်အောင်ဆန်းပုံ ရေးဆွဲမိတာဟာ ပန်းချီဆရာတွေအဖို့ ကြီးလေးတဲ့ ရာဇဝတ် ပြစ်မှုတခု ဖြစ်ခဲ့ဘူးတယ်ဆိုတာ မမေ့ကြသေးဘူးလို့ ထင်ပါ၏။

DVB သတင်းဟောင်းတွေ ပြန်ရှာကြည့်တဲ့အခါမှာ ၂၀၀၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်က ရန်ကင်းမြို့သားတယောက်ဟာ ဗိုလ်ချုပ်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကိုင်ပြီး ရွေတိဂုံဘုရားတက်တော့ ရဲကဖမ်းပြီး ချုပ်နှောင်ခဲ့တဲ့သတင်း ပြန်တွေ့ရတယ်။

တွံတေးမြို့က ကျူရှင်ဆရာ ကိုအောင်ဖေဟာလဲ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ မှာ သူ့ကျူရှင်ရှေ့ ဗိုလ်ချုပ်ဓာတ်ပုံကို အလေးပြုမှု၊ အာဇာနည်သီချင်းဖွင့်မှုနဲ့ ထောင် ၃ နှစ်ကျခဲ့ရပါတယ်။

ဒလမြို့၊ မှော်စက်က လက်သမား မောင်ဇော်ဟာလဲ ၂၀၀၈ မေလ ၃ ရက် နာဂစ်မုန်တိုင်းအပြီး ပျက်သွားတဲ့ ရွှေတိဂုံ ဘုရားစောင်းတန်း ပြုပြင်လုပ်ရင်း အလုပ်သမားအချင်းချင်း "ဒေါ်အောင်ဆန်းစုကြည် ဒလရောက်တုန်းက တွေ့မြင်ဖူးကြောင်း" ပြောမိတာကို တယောက်က ထောက်လှမ်းရေးကို တိုင်ခဲ့လို့ အဖမ်းခံခဲ့ရတယ်။ သူ့ဆီက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ပုံလေး တွေ့သွားတဲ့အမှု ထောင် ၃ နှစ် ကျခဲ့ရရှာတယ်။

ဒါကြောင့်လဲ အဲ့သည် အမှောင်ခေတ်မှာ ထောင်ကျ အချုပ်ကျ ဖြစ်စေတဲ့ ဗိုလ်ချုပ်ပုံတွေကို သိုဝှက် ချောင်ထိုးထားခဲ့ ကြရတာ သတိရဦးမှာပါ။ ဒါကြောင့် ပန်းချီဆရာ ဆရာမတွေ ဗိုလ်ချုပ်ပုံ မဆွဲရဲခဲ့ကြ။ ရေးဆွဲရင်တောင် ပြခန်း မတင်ရဲကြပါဘူး။ ဖမ်းမှာပေါ့။ မဖမ်းရင်တောင် ချိတ်ထားရာက ဖြုတ်ချခံရမယ်။ စစ်ဆေးခံရမယ်။ သတိပေးခံရမယ် ဆိုတာမျိုးပါ။ ဗိုလ်ချုပ်အောင်ဆန်းပုံဟာ တော်တော် ကြောက်စရာ ကောင်းခဲ့ပေါ့။ ဒါပေမဲ့ ၂၀၁၀ ခုနှစ်မှာ ဖမ်းချင်လဲဖမ်း သူ့ ပန်းချီလက်ရာ ဗိုလ်ချုပ်ပုံတွေကို ပြပွဲတင်ချိတ်မယ်။ ထောင်ကျရင်လဲ ခံမှာပဲဆိုတဲ့ ပန်းချီဆရာတဦး ပေါ်ပေါက်လာပါတယ်။ သူကတော့ ရုပ်ရှင်ပိုစတာ သရုပ်ဖော်ပန်းချီဆရာ ပန်းချီမောင်သက်ဦးပါ။



ပန်းချီမောင်သက်ဦးရဲ့ တကိုယ်တော် MELODY & 3 D SOLO ART SHOW 2011 ကို ဗိုလ်ချုပ်ဈေးက ပန်းချီ အစည်းအရုံးပြခန်းမှာ ပြသခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ၃ ပု ံချိတ်ပါတယ်။ ပြပွဲဖိတ်စာ ကက်တလောက်ကို စိစစ်ရေး ဆင်စာတင်ရတယ်။ ဒါပေမဲ့ ပြပွဲပြီးတဲ့အထိ စိစစ်ရေးက ပြန်ချမပေးဘူးတဲ့။ ဒါကြောင့်ပြပွဲကို မီဒီယာတချို့အတွက်တောင် မဖိတ်နိုင်ခဲ့တာပါ။ ဆရာ ပန်းချီမောင်သက်ဦးက အခုလို ပြောပြပါတယ်။

(အဲ့သည်ခေတ်က ပန်းချီပြပွဲတွေဆိုရင် ထောက်လှမ်းရေးက အုပ်လိုက်လာကြည့်တာ။ အနီရောင်တွေ များလို့။ အမဲရောင်များလို့။ ဟိုလူ့ပုံမို့။ ဒီလူ့ပုံမို့ဆိုပြီး ပုံတွေဖြုတ်ချတာဗျ။ ကျနော့ တကိုယ်တော် MELODY & 3 D SOLO ART SHOW ကျတော့ ကျနော်က ဖမ်းချင်လဲဖမ်းဆိုပြီးပြတာ။ ထောင်ကျလဲကျပေါ့။ ကျနော့ခံယူချက်က အဲ့သလိုနဲ့ ဗျ။)

တကယ်တော့ ထောက်လှမ်းရေး မစစ်ခင် ပြဿနာ တက်ခဲ့တာပါ။ ပြခန်းမချိတ်ခင်မှာ ဗိုလ်ချုပ်ပုံ ၃ ပုံ ပါတာကို သတင်းပေး တယောက် သိသွားပါတယ်။ ဒါကို ပန်းချီအစည်းအရုံးကို သွားတိုင်တယ်။ အတွင်းရေးမှူးက ခေါ်တွေ့ပြီး ပြပွဲမှာ ဗိုလ်ချုပ်ပုံ မထည့်ဘို့ တားပါလေရော။ အဲ့သည်အချိန် စိစစ်ရေး ထောက်လှမ်းရေးကလဲ ကင်းလွတ်ခွင့် ပေးမှာ မဟုတ်ဘူးလေ။ ဆရာ ပန်းချီသက်ဦးကလဲ ဘာပဲဖြစ်ဖြစ် ပြဖို့သာ ပြန် ဆွေးနွေးခဲ့တာပါ။ ဆရာက……. (ဗိုလ်ချုပ်ပုံ မပြရဘူးလို့ စာထုတ်ထားလား။ ဗိုလ်ချုပ်ပုံ မချိတ်ရဘူးလို့ အမိန့်ထုတ်ထားလား။ ဒီလို မရှိဘူး။) ဆိုပြီး အတော် အခြေအတင်ဆွေးနွေးပြီးမှ ပြပွဲလုပ်ခွင့်ရခဲ့တယ်လို့ ပြန်ပြောပြရဲ့။

ဖမ်းချင်ဖမ်း၊ ဗိုလ်ချုပ်အောင်ဆန်းပုံဆွဲမယ်။ ထောင်ကျချင်ကျ ပြပွဲလုပ်မယ်ဆိုတဲ့ ပန်းချီမောင်သက်ဦးဟာ စစ်အစိုးရ ကနေ ၂၀၁၀ ရွေးကောက်ပွဲ ပြင်ဆင်နေချိန် ဖြစ်နေတာမို့လားတော့မသိ ကံကောင်း ထောက်မစွာ အဖမ်းမခံခဲ့ရပါ။

ပန်းချီမောင်သက်ဦးရဲ့ ခံစားချက်ကို ကျနော် သိရတာကတော့ ဒေါ်အောင်ဆန်းစုကြည်ပုံဆွဲလို့ ဆရာဆောင်းဝင်းလတ် ထောင်တနှစ်ကျခဲ့တာကို သိအပြီးမှာ တခြား ပန်းချီဆရာတွေလဲ ဗိုလ်ချုပ်ပုံနဲ့ ပြဿနာရှိခဲ့ဘူးသလား သိချင်လာတယ်။ အင်းစိန်မှာ ပြပွဲလုပ်နေတဲ့ ပန်းချီ နီပိုဦးဆီ ဖုန်းဆက်တော့ ဆရာမောင်သက်ဦး ကြုံခဲ့ရတာလို့ ညွှန်းပါတယ်။ တခြား ပန်းချီဆရာ ဆရာမတွေကလဲ ဆရာသက်ဦး ပြဿနာ တက်ခဲ့ဘူးသတဲ့။ ဒါကြောင့် ပန်းချီ မောင်သက်ဦးထံ ဆက်လိုက် တာပေါ့။ သူက ချက်ခြင်း ပြန်ပြောပြခဲ့တာပါ။ အတိတ်က ပန်းချီဆရာဘဝ ခက်လှပုံတွေပေါ့။ အောင်ဆန်းပုံ မချိတ်ရ။ သူ့သမီး ဒေါ်အောင်ဆန်းစုကြည်ပုံဆို ပိုဝေးပေါ့။ တခြား ပန်းချီကားတွေလဲ အနီရောင်များလို့ မပြရ။ နောက်ဖေး လမ်းကြား စုတ်ပြတ်ညစ်ပတ် ပေရေနေတဲ့ပုံ ပန်းချီကားတွေ မပြရ။ လူဆင်းရဲတွေရဲ့ပုံတွေ မပြရ။ မပြရ။ မပြရ။ မချိတ်ရ။ မချိတ်ရ။ ဖြုတ်ချ။ မှောက်ထား။ အတိတ်က ပန်းချီကားများ။ ကျနော်က ဆရာ ပန်းချီ မောင်သက်ဦးကို အရင်က ဗိုလ်ချုပ်ပုံဟာ ပြစ်မှု့ကြီးတခုဖြစ်ပေမဲ့ အခု လွတ်လပ်လာတဲ့အပေါ်အမြင်ကို မေးတဲ့အခါမှာတော့ သူက အခုလို ပြန်ပြောပါတယ်။

( ဗိုလ်ချုပ်ပန်းချီကား ပြဿနာတင်မက ကျနော်ဆွဲတဲ့ မြစ်ဆုံပန်းချီကားလဲ ပြပွဲ အပိတ်ခံခဲ့ရတယ်။ ဒီဖက်ခေတ်ကျမှ ပြန်ပြခွင့်ရတာ။ လွတ်လပ်လာတော့ ဝမ်းသာတယ်။ ဗိုလ်ချုပ်ပုံ ပန်းချီဖြစ်ဖြစ်၊ ပန်းပုဖြစ်ဖြစ် တူအောင်၊ ဒါမှမဟုတ် အချိုးအစားကျအောင် ဆွဲကြစေချင်ပါတယ်။ ဂင်တိုတိုတွေ ပုကွကွတွေ၊ ပိန်ရှည်ရှည်တွေ မဖြစ်သင့်ပါဘူး။ ဒီနေ့တောင်မှ လှိုင်သာယာမှာ ဗိုလ်ချုပ်ပုံမတူလို့ ပြဿနာတက်နေကြတယ်။ ပန်းပုဆရာတွေကပဲ ထုလုပ် စေချင်ပါတယ်။ ပန်းရံသမားကို လုပ်မခိုင်းသင့်ဘူး။ တကယ့် Artist ကို လုပ်ခိုင်းမှ အချိုးကျ အမှတ်တရ ဖြစ်မှာပေါ့။ ပန်းချီလဲ ဒီလိုပဲ။ အချိုးအစားမှန်မှန်နဲ့ ဗိုလ်ချုပ်ရဲ့ စိတ်နေစိတ်ထား မှန်အောင် ရေးဆွဲဖို့ လိုပါတယ်။)




ဒီနေ့အခါ လွတ်လပ်လာပါပြီ။ အာဇာနည်နေ့ ရောက်တော့မယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ ပုံတွေကို ပန်းချီဆွဲနေကြပြီ။ ဗိုလ်ချုပ်ပုံ ပန်းချီပြိုင်ပွဲတွေတောင်လုပ်နေကြပြီ။ ဒါပေမဲ့ သတိရနေသူတွေကတော့ ဗိုလ်ချုပ်ပုံ သေးသေးလေး တခုကြောင့်နဲ့ ထောင်ကျခဲ့တာ။ အချုပ်ကျခဲ့ကြတာ။ စိတ်သောက ရောက်ခဲ့ကြရတာတွေကို ပြန်မြင်ယောင် နေကြဆဲပါ။ သတင်းသမားတွေကလဲ သတင်းဟောင်းတွေ ပြန်လှန်ရင်း အာဇာနည်နေ့မှာ ဥဩဆွဲခွင့် မရခဲ့တာတွေ၊ ဗိုလ်ချုပ်ရင်ထိုး၊ တီရှပ်တွေကြောင့် အဖမ်းခံခဲ့ကြရတာတွေ ပြန်တွေ့ကြရပါတယ်။ ပန်းချီပညာရှင်တွေ ဆိုလဲ ပြပွဲဟောင်းတွေကို စိုးရိမ်စိတ်နဲ့ စီစဉ် ပြသခဲ့ကြရတာကို ပြန် သတိရကြပါလိမ့်မယ်။ အဲ့ဒီလို စနစ်မျိုး အဲ့သည်လို ခေတ်ဆိုးကြီးကိုတော့ ဘယ်ပန်းချီဆရာ ဆရာမတွေကမှ ပြန်ရောက်လိုကြတော့မှာ မဟုတ်ပါဘူးခင်ဗျာ။ ။