Breaking News

လှှှှှှှှကျော်ဇော - ၁၉၅၈ မှာ ဘာတွေဖြစ်ခဲ့လဲ


လှကျော်ဇော - ၁၉၅၈ မှာ ဘာတွေဖြစ်ခဲ့လဲ

(မိုးမခ) ဩဂုတ် ၂၈၊ ၂၀၂၀

သြဂုတ်လ (၁၄) ရက်နေ့က ကာချုပ်ဗိ်ုလ်ချူပ်မင်းအောင်လှိုင်နဲ့ နိင်ငံရေးပါတီ (၃၄) ပါတီက ခေါင်းဆောင်များနဲ့တွေ့ဆုံပါတယ်။ တပ်က ပြောတော့ နိုင်ငံရေးပါတီများက တောင်းဆိုလို့တဲ့။ နိုင်ငံရေးပါတီတချို့က ပြောတာက ဖိတ်ကြားခံရလို့တဲ့။ (အဲဒီဖြစ်ရပ်ကိုက နှစ်ဖက်စလုံး လိပ်ပြာမလုံမှုကို ပြတာပါ။) တွေ့ဆုံပွဲအပြီး တပ်ဖက်ကလည်း ထုတ်ပြန်ချက်ထုတ်၊ တက်ရောက်တဲ့ပါတီများဖက်ကလည်း သတင်းစာရှင်းလင်းပွဲတွေလုပ်နဲ့။သတင်းအရှုပ်အရှင်းအမျိုး မျိုးထွက်လာနေပေမယ့် လူအများစိတ်ဝင်စားတဲ့အချက် (၂) ရပ်ကတော့ ...


၁။ လာမယ့်ရွေးကောက်ပွဲ တရားမျှတမှုမရှိရင် တပ်မတော်အနေနဲ့ ဝင်ရောက်ကူညီဖို့ ... ဆိုတာနဲ့

၂။ ကာချုပ်ရဲ့ မလုပ်ရဲတာမရှိ၊ ဘာမဆိုလုပ်ရဲတယ် ... ဆိုတဲ့ပြောကြားချက် များပါ။


ဒီတော့ တပ်လော်ဘီများထဲက မရဲတရဲမပွင့်တပွင့် ရေးသားမှုတွေ (တကယ် တော့ ခြေဆင်းလမ်းခင်းတာ) ပေါ်လာပါတယ်။

( ... ... ... ဗမာပြည်ဟာ ၁၉၅၈ခုနှစ်တုန်းကလို အခြေအနေပြန်ရောက်နေပြီ။ ဟိုတုန်းက နိုင်ငံရေးသမားများအသုံးမကျလို့ တိုင်းပြည်ကိုမထိန်းနိုင်တော့လို့ တပ်ကို အာဏာထိုးအပ်ရတာ။ တပ်အနေနဲ့ မလွှဲမရှောင်သာလို့ဝင် အာဏာယူခဲ့ ရတာ။ အခုလည်း နိုင်ငံရေးသမားတွေ မညီမညွတ်ဖြစ်ပြီး၊ တပ်ကို အကူအညီတောင်းရပြန်ပီ ) တဲ့။

ဟုတ်ကဲ့။ ဒီတော့ ၁၉၅၈ကို သိမီသူများက ဘာတွေတကယ်ဖြစ်ခဲ့သလဲ ဆိုတာ ပြန်ပြောပြဖို့ လိုလာတာပေါ့။

(မှတ်ချက်။ အကြောင်းအရာ အချက်အလက်များ၊ နေ့စွဲများ စတာများကို ကိုးကားတဲ့စာအုပ်များကတော့ -

ကိုးကား အမှတ်(၁)။ ၁၉၉၀။ ပြန်ကြားရေးဝန်ကြီးဌာနထုတ်။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း။ အပိုင်း(၂) ။ရဲဘော် သစ်မောင်။

ကိုးကား အမှတ် (၂)။ ၁၉၉၀။ ပြန်ကြားရေးဝန်ကြီးဌာနထုတ်။ ၁၉၄၈မှ ၁၉၈၈ ခုနှစ် အတွင်း ဖြတ်သန်းလာသောမြန်မာ့သမိုင်းအကျဉ်းနှင့် တပ်မတော်ကဏ္ဍ။ တပ်မတော်သားသုတေသီတဦး။ တို့ ဖြစ်ပါတယ်။

အဲဒီစာအုပ်(၂)အုပ်လုံး အများအားဖြင့် ကိုးကားထားတဲ့စာအုပ်က

၁၉၆၉ခုနှစ်။ ပုဂံစာအုပ်တိုက်ထုတ်။ မြန်မာနိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း - ဒေါက်တာမောင်မောင်။ ဖြစ်ပါတယ်။

၈လေးလုံး အရေးတော်ပုံကြီးကို ရက်ရက်စက်စက်ဖြိုခွဲ အပြီး နဝတအာဏာသိမ်းပြီးနောက် မိမိတို့ ဒီလိုလုပ်တာတွေ တရားတယ်ဆိုတဲ့ ပုံရိပ်ကို တင်ဖို့အတွက် ထုတ်ဝေထားတဲ့ စာအုပ်များပါ။ တနည်းပြောရရင် စစ်အာဏာရှင်စနစ် ဆက်လက်ထိန်းသိမ်းရေးအတွက် ရည်ရွယ်ခဲ့တာပါ။ ဖြစ်ရပ်မှန်တချို့တဝက်၊ ဖုံးတာဖုံး မလွှဲမရှောင်သာ ဖော်တန်ဖော်နဲ့ သူတို့သွင်းချင်တဲ့တရားတွေ ရောထွေးရေးထားပါတယ်။ (ဒါကြောင့် ဒီစာအုပ်ဆန့်ကျင်ဘက်အမြင်ကနေပဲ ကြည့်ရှုကိုးကားတာ ဖြစ်ပါတယ်။) အဲဒီကာလက လူတချို့ကို လှည့်စားကောင်း လှည့်စားနိုင်ခဲ့ပေမယ့် အခုစစ်အာဏာရှင်စနစ် တကျော့ပြန်(နဝတ-နအဖ) အလွန်ကာလများမှာတော့ လက်တွေ့ဖြစ်ရပ်များနဲ့ချိန်ထိုးကြည့်ရအောင်ပါ။)

၁။ ၁၉၅၈  မုန်တိုင်းအစ

၁၉၅၈ခုနှစ် ဗမာပြည်ရဲ့နိုင်ငံရေးခရီးမှာ (အဆိုးဖက်)ပြောင်းဖို့ တာစူတဲ့ကာလလို့ ဆိုနိုင်ပါတယ်။ စစ်အာဏာရှင်စနစ် အစပျိုးတဲ့ကာလလို့လည်း ပြောလို့ရပါတယ်။

၁၉၄၈ခုနှစ် ဗမာပြည်ကြီးလွတ်လပ်ရေးရပီးနောက် အာဏာရလာတဲ့ ဖဆပလပါတီဟာ အနှစ်(၄၀) ခံရစေမယ်လို့ ကြွေးကျော်ခဲ့ပေမယ့် (၁၀)နှစ်အကြာ- ၁၉၅၈မှာ နုတင်(သန့်ရှင်း) - ဆွေငြိမ်း(တည်မြဲ) ဆိုပြီး နှစ်ခြမ်းကွဲပါတယ်။

ဗြိတိသျှအင်္ဂလိပ်နယ်ချဲ့သမားများဟာ ၁၉၄၇ခုနှစ် သူတို့ရဲ့လက်ကိုင်တုတ်အဖြစ် မလုပ်မယ့် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံလိုက်ပြီး ပြည်သူလူထုတွင်း ကျောင်းသားလှုပ်ရှားမှုအဝန်းအဝိုင်းတွင်းကလာလို့ လူထုအကြားမှာ အမြင်ကောင်းနေတဲ့ဦးနုကို ဆွဲတင်လိုက်လို့သာ ဦးနုကဝန်ကြီးချုပ်ဖြစ်လာရတာ။ ဖဆပလထဲမှာ တကယ်တော့ မိုးကောင်းနေတာက ဦးဗဆွေ-ဦးကျော်ငြိမ်းတို့ ဆိုရှယ်လစ်အုပ်စုပါ။ တပ်တွင်းဆိုရှယ်လစ်အုပ်စုဖြစ်တဲ့ဗိုလ်နေဝင်း ဗိုလ်အောင်ကြီး ဗိုလ်မောင်မောင်တို့ ကျေးဇူးကြောင့် သူတို့ ဒီလို မိုးကောင်းနေနိုင်ကြတာပါ။ သူတို့တတွေ အဲဒီခေတ်က ကာကွယ်ရေးဝန်ကြီးဦးဗဆွေအိမ်မှာ အမြဲဆုံပြီး ဆိုရှယ်လစ်ပါတီခိုင်ခန့်ရေးအတွက်ဆွေးနွေးတိုင်ပင်နေကြတဲ့။ (ကိုးကားအမှတ်(၁) နှာ - ၁၆၃)

ဒီတော့ ဦးနုက နောက်ပိုင်းဘဝရှင်မင်းတရားကြီးဆန်လာမှုကြောင့်ရော၊ ဝန်ကြီးများအချင်းချင်း အဝေမတဲ့မှုတွေကြောင့်ရော ဦးနုနဲ့ ဦးကျော်ငြိမ်းတို့အုပ်အကြားက ပဋိပက္ခတွေ ပြင်းထန်လာပါတယ်။ နောက်ဆုံး  ဖဆပလနှစ်ခြမ်းကွဲရာမှာ ဦးနုဘက်ကို ပမညတဆိုတဲ့ လက်ဝဲတပ်ပေါင်းစုအုပ်က ထောက်ခံလို့သာ ဦးနုရာဇာပလ္လင် မပျောက်တာ။ တကယ်တော့ တပ်တွင်းဆိုရှယ်လစ်အုပ်စုက ၁၉၅၆ ခုနှစ်ရွေးကောက်ပွဲမှာ ပမညတက အင်အားတက်လာမှုကို မျက်စိစူးနေပါပြီ။ ဗိုလ်နေဝင်းကိုယ်တိုင်က ဒီအတိုင်းဆက်သွားရင်တော့ နောက်ရွေးကောက်ပွဲ (၂) ကြိမ်လောက်ဆို ဒီကောင်တွေ (ပမညတကိုဆိုလို) အာဏာရတော့မှာလို့ ပြောဖူးသတဲ့။ ဒီမိုကရေစီအလင်းရောင်အောက်မှာ မနေနိုင်သူများဟာ ပြည်သူလူထုကိုလည်း ဘယ်တော့မှ ဒီမိုကရေစီမပေးပါဘူး။ (အခုကာချုပ် မအလ သမ္မတရောဂါတက်နေတာရဲ့ အခြေခံကလည်း ဒါပါပဲ။)

ဖဆပလကွဲအပြီး အချင်းချင်း ကလော်ကြဆော်ကြရာက အပြစ်အနာအဆာတွေ ပေါ်လာပြီး နိုင်ငံရေးသမားတွေဂုဏ်သိက္ခာကျလာတာတွေလည်း ရှိတော့ ရှိပါတယ်။

၁၉၅၈ ဖဆပလအကွဲကနေ  တပြည်လုံးအင်အားစုအတော်များများ ပြိုကွဲသွားကြပြီး နိုင်ငံရေးအခြေအနေတွေတင်းမာ လာခဲ့ပါတယ်။

၁၉၅၈ စက်တင်ဘာ(၂၃-၂၄) မှာ သန့်ရှင်းအစိုးရဝန်ကြီးချုပ် ဦးနုနဲ့ အဲဒီကာလ ဗမာ့တပ်မတော်က (ဆိုရှယ်လစ်များလည်းဖြစ်တဲ့) အရာရှိကြီးများဖြစ်တဲ့ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးချုပ်တင်ဖေ၊ ဗိုလ်မှူးကြီးမောင်မောင်တို့ တွေ့ဆုံခဲ့ကြပါတယ်။ အထက်မှာဖော်ပြခဲ့စာအုပ်များအရ ဦးနုကခေါ်လို့ တပ်ဖက်ကသွား အခြေအနေတွေရှင်းပြရတာလို့ ဆိုပါတယ်။ ဦးနုတို့ဘက်ကတော့ တပ်ဘက်ကလာပြီး (၆) လအတွင်း (၁၉၅၉၊ဧပြီလမကုန်မီ) ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ ကတိကြောင့် အာဏာလွှဲပေးလိုက်ရတာဖြစ်ကြောင်းလို့ ဆိုပါတယ်။ အဲဒီကာလက ဦးနုအိမ်က အောင်ပွဲခံပြန်လာတဲ့စစ်ဗိုလ်များရဲ့ပုံကို သတင်းထောက်များက ရအောင်ရီုက်ယူနိုင်ခဲ့ပါတယ်။ (ပူးတွဲပါပုံ။)

ဒီလိုနဲ့ စက်တင်ဘာ(၂၆)ရက်နေ့စွဲနဲ့ ဦးနုနဲ့ဗိုလ်နေဝင်းတို့ရဲ့ အပြန်အလှန်ပေးစာများထွက်လာပြီး အိမ်စောင့်အစိုးရ တက်လာပါတော့တယ်။

အိမ်စောင့်အစိုးရက နောက်(၂)နှစ်အကြာ ၁၉၆၀ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲကျင်းပပေးခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကို အဲဒီခေတ်ကာလ နိုင်ငံတကာသတင်းများက - ဗိုလ်ချုပ်နေဝင်းရဲ့အိမ်စောင့်အစိုးရအပေါ်ဆန္ဒခံယူပွဲ လို့ ခေါ်ဝေါ်ခဲ့ပါတယ်။

တကယ်လည်း ဗမာပြည်သူတရပ်လုံးက (စစ်တပ်နောက်ခံပြုထားတဲ့) တည်မြဲဖဆပလကို အပြတ်ဖယ်ရှားလိုက်ပြီး စစ်တပ်ကို နိုင်ငံရေးထဲက ပထမဆုံးအကြိမ် ပ ထုတ်လိုက်ပါတယ်။ ၁၉၆၀မှာ တက်လာတဲ့ ဦးနုရဲ့ ပထစ(သန့်ရှင်းတဖြစ်လဲ) အစိုးရဟာ နိုင်ငံရေးသမားများအကြား မညီညွတ်ရင်၊ ပြည်တွင်းစစ်ကို မရပ်နိုင်ရင်စစ်တပ်ကပဲ ကြီးစိုးဦးမှာမြင်တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေးကြိုးစားမှုတွေ လုပ်လာပါတယ်။

ဒါပေမဲ့ ပထစထဲမှာ ဦး ဗိုလ် သခင် ဆိုပြီး ထပ်ကွဲကြပါတယ်။

ဒီတင် ၁၉၆၂ မတ်လ (၂) ရက်နေ့မှာ စစ်တပ်က အပြတ်အာဏာသိမ်းလိုက်ပါတော့တယ်။

၂။ စစ်တပ်ရဲ့အပြော (ဆိတ်ခေါင်းချိတ်ခြင်း)

ဒီ ၁၉၅၈နဲ့ ၁၉၆၂ စစ်တပ်ရဲ့အာဏာသိမ်းမှုများအပေါ် ကိုးကားစာအုပ် အမှတ်(၂) နှာ ၃၃ မှာ ဒီလိုရေးထားပါတယ်။

... ... အခြေအနေအရပ်ရပ်ကိုထောက်ချင့်၍ တပ်မတော်သည် နိုင်ငံတော်အာဏာအရပ်ရပ်ကို လက်နက်ဖြင့်ခြိမ်းခြောက်ရယူခဲ့သလော။ သို့မဟုတ် ရုန်းထွက်ရန်အလွန်ခက်ခဲကျပ်တည်းနေသော နိုင်ငံရေးအကျပ်အတည်းများမှ ကယ်တင်လိုက်ခြင်းလော ဆိုသည်ကို ဆန်းစစ် ဝေဖန် သုံးသပ်နိုင်ကြပါလိမ့်မည်။ တပ်မတော်သည် ထိုအချိန်ကဖြစ်ပေါ်နေသော လျော့ရဲရဲအခြေအနေအရပ်ရပ်တွင် မည်သည့်အချိန်မဆို အာဏာသိမ်းယူနိုင်သည်သာ ဖြစ်ပေသည်။ သို့ရာတွင် တပ်မတော်သည် အမျိုးသားရေးကို သစ္စာမဖောက်ခဲ့ပေ။ နိုင်ငံရေးသမားအချင်းချင်း ခုတ်ကြ၊ ဆော်ကြ၊ ကလော်ကြနှင့် ရန်စောင်ပြီး တိုင်းပြည်အရေးကို ဥပက္ခာပြုနေလင့်ကစား တပ်မတော်သည် ထိုအရေးများကို လေ့လာအကဲခတ်လျက် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဂရုတစိုက်ထမ်းဆောင်ကာ နိုင်ငံတော်အပေါ် သစ္စာစောင့်သိခဲ့ကြောင်း မလွဲမသွေ တွေ့ကြရပါလိမ့်မည်။ နောက်ဆုံးမဖြစ်နိုင် မတတ်နိုင်တော့သည့်အဆုံးမှ လွှဲပြောင်းပေးအပ်လာသော တာဝန်ကို ယူခဲ့ရခြင်းဖြစ်ပေသည်။ ယူခဲ့ရသော်လည်း အာဏာကို လက်တွင်အမြဲဆုပ်ကိုင်မထားခဲ့ဘဲ ပေးထားသောကတိများအတိုင်း ရွေးကောက်ပွဲများကို လွတ်လပ်၍တရားမျှတအောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့်အပြင် အနိုင်ရရှိလာသောအစိုးရကို စနစ်တကျပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ကပင်တပ်မတော်၏ရပ်တည်ချက်ကို ပြသခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ ထိုနိုင်ငံရေးအကွဲရောဂါသည် အကင်းမသေနိုင်ဘဲ ဆိုးဝါးသောအကျိုးဆက်အဖြစ် ၁၉၆၂ခုနှစ်တွင် ထပ်ဆင့်ရင်ဆိုင်တိုးလာရသည်ကို မည်သူမျှမငြင်းကွယ်နိုင်ခဲ့ပါချေ။

၁၉၆၂ ခုနှစ် တပ်မတော်အာဏာသိမ်းယူခဲ့ရခြင်းမှာလည်း အလားတူအခြေအနေမျိုးများကို ထိုစဉ်က အာဏာရအစိုးရအနေဖြင့် နိုင်နင်းစွာကိုင်တွယ်နိုင်စွမ်း မရှိနိုင်တော့သည့်အပြင် ပြည်ထောင်စုကြီးပြိုကွဲ၍ လွတ်လပ်ရေးဆုံးရှုံးရတော့မည့်အခြေအနေဆိုးများနှင့် ရင်ဆိုင်ကြုံတွေ့လာခြင်းကြောင့် ဖြစ်ပါသည်။တပ်မတော်မှ အာဏာယူခြင်းသည် အာဏာကို မက်မောတွယ်တာသဖြင့် အတင်းအဓမ္မလုယူခဲ့ခြင်းမျိုးဟု ထင်စရာရှိသော်လည်း ထိုသို့မဟုတ်ခဲ့ပေ။ ဆိုရပါသော် အာဏာရပါတီတွင်း အစိတ်စိတ်ထပ်မံကွဲအက်လာခြင်းနှင့် ထိုအကွဲရောဂါအပေါ် အခြားသောပယောဂများ ဝင်ရောက်ပူးကပ်လာရခြင်းကြောင့် ဖြစ်ကြောင်းကို ထိုကာလကို သိမီလိုက်သူ မည်သူမဆို ဝန်ခံရပေလိမ့်မည်။ အမှန်တွင် ၁၉၅၈ခုနှစ်ကာလများအတွင်းဆီက ဖြစ်ပေါ်လာသောဆိုးကျိုးများကို ဆက်လက်ခံစားဖြစ်ပေါ်လာ ရသဖြင့် တပ်မတော်မှ ဝင်ရောက်ကုစားခဲ့ရခြင်းသာဖြစ်ပါသည်။ ... .... တဲ့။

၁၉၆၂ မတ်လ (၂) ရက်နေ့ တိုင်းပြည်ကို အသံလွှင့်ပြောခဲ့တဲ့ ဗိုလ်နေဝင်းမိန့်ခွန်းမှာ - 

ပြည်ထောင်စုနိုင်ငံတော် အထူးယိုယွင်းလာသောအခြေအနေဆိုးတို့ကို ထိန်းသိမ်းသောငှာ ဗမာ့တပ်မတော်မှတာဝန်ယူ စောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း လို့ပါပါတယ်။

အဲဒီတော့ ၁၉၅၈မှာရော၊ ၁၉၆၂မှာရော စစ်တပ်ကအာဏာသိမ်းရတာ အာဏာမက်လို့မဟုတ်။ တိုင်းပြည်အခြေအနေဆိုးဝါးလို့ (နိုင်ငံရေးသမားတွေ အသုံးမကျလို့) ဝင်ရောက် ထိန်းသိမ်းပေးရတာ... တဲ့။

ထို့အတူ ၁၉၈၉မှာ နဝတ အာဏာသိမ်းစဉ်ကလည်း ဒီလိုပဲတိုင်းပြည်အခြေအနေတွေဆိုးနေလို့ ဝင်ကယ်ရတာပါလို့ ပြောခဲ့ပါတယ်။

၁၉၅၈-၂၀၁၅ အထိ (ကြားထဲမှာ ၁၉၆၀-၆၂ ပထစအရပ်သားအစိုးရ ရှိခဲ့) အနှစ်(၅၀)ကျော် နာမည်အမျိုးမျိုးနဲ့ဗမာပြည်ကြီးကို အုပ်ချုပ်လာတဲ့ တပ်မတော်အစိုးရတွေ တိုင်းပြည်ကြီးကို ဘယ်လိုကယ်တင်ခဲ့သလဲဆိုတာ သိရအောင် လက်တွေ့ဖြစ်ရပ်များကို ကြည့်ရအောင်ပါ။

၃။ စစ်တပ်ရဲ့လုပ်ဆောင်ချက်များ။ စစ်အာဏာရှင်စနစ် - ခွေးသားရောင်းခြင်း

၁၉၆၂ အာဏာသိမ်းချိန်မှာ ဖယ်ဒရယ်မူကို တိုင်းရင်းသားတွေက တောင်းဆိုလို့ တိုင်းပြည်ပြိုကွဲမှာ စိုးသတဲ့။ကိုလိုနီစနစ်၏ အမွေဆိုးဖြစ်သေ ာပါလီမန်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကြီးသည် တစ်ခန်းရပ်၍ ချုပ်ငြိမ်းသွားရလေပြီလို့လည်း ကြွေးကြော်ခဲ့ပါတယ်။

၁၉၆၂ ဧပြီလမှာတော့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ကို ကြေညာခဲ့ပါတယ်။ ပြီးတော့ တနိုင်ငံလုံးကွမ်းယာဆိုင်ကအစ နိုင်ငံပိုင်သိမ်းပါတယ်။

တကယ်တော့ ဗမာ့တပ်မတော်က အဲဒီခေတ်အဲဒီအခါက ခေတ်စားနေတဲ့ ဆိုရှယ်လစ် ဆိုတဲ့ ဆိတ်ခေါင်းချိတ်ပြီး စစ်အာဏာရှင်စနစ်ခွေးသားကို စပြီး ရောင်းခဲ့တာပါ။ (တကယ် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းသူများဘယ်သူဆိုတာ အခုအခါ လယ်ပြင်မှာ ဆင်သွားသလို ရှင်းနေပါပြီ။)

အဲဒီကာလက လက်ဝဲအမည်ခံ နိုင်ငံရေးသမားများကတောင် ဗိုလ်နေဝင်းကို ဗမာပြည်က ကက်စထရိုလို့ကင်ပွန်းတပ် ခဲ့ပါသေးတယ်။

အဲသလိုပေါ်ပေါက်လာတဲ့မဆလအစိုးရဟာ ၁၉၆၂-၁၉၈၈ ခုနှစ်အထိ ၂၆ နှစ် ကြာ ဗမာပြည်ကြီးကိုစိတ်တိုင်းကျ အုပ်ချုပ်ခဲ့ပါတယ်။

နိုင်ငံရေးသမားတွေ အသုံးမကျလို့၊ တိုင်းပြည်ရဲ့အခြေအနေ အရပ်ရပ်ယိုယွင်းလာတယ်။ တိုင်းပြည်ငြိမ်းချမ်းရေးကိုလည်း (၁) နှစ်အတွင်း ရယူပေးပါ့မယ်လို့ ကတိတွေပြုခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးများဟာ ဘယ်နိုင်ငံရေးသမားမှ မရဖူးတဲ့ စည်းစိမ်တွေ ဆွေစဉ်မျိုးဆက် စားမကုန်အောင် အခွင့်အရေးတွေယူ တကမ္ဘာလုံးလှည့် ပျော်ပျော်ရွှင်ရွှင်ကြီး ဇိမ်ခံခဲ့ကြတာပါ။

(မှတ်ချက်။ ကြည်ဝင်းစိန်ရေး တော်လှန်ရေးကောင်စီလက်ထက်- ကျွန်တော်နှင့် ဗိုလ်ချုပ်ကြီးများနဲ့ ဗိုလ်ထွန်းကြည်ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ စာအုပ်များ ရှာဖတ်ကြည့်ပါ။)

အရင်ဖဆပလခေတ်မှာ တိုင်းရင်းသားထဲက ကရင်အမျိုးသားတွေရဲ့ တော်လှန်ရေးတခုသာရှိခဲ့ပေမယ့် မဆလခေတ်မှာတော့ လူမျိုးစုထဲက လက်နက်ကိုင်တော်လှန်ရေး မလုပ်တဲ့လူမျိုးစု မရှိသလောက်ပါပဲ။

နိုင်ငံရေးအရ ညှဉ်းပန်းနှိပ်စက်မှုကလည်း အမျိုးမျိုးပါ။ တနိုင်ငံလုံး ထောက်လှမ်းရေးကွန်ရက်ဖြန့်ပြီး ဘယ်သူမှမလှုပ်နိုင်အောင် လုပ်ထားခဲ့တာပါ။ ပြည်မကြီးက ထောင်များမှာသာမက ကိုးကိုးကျွန်းမှာတောင် ထောင်ဆောက်ပြီး နိုင်ငံရေးသမားများ (အထူးသဖြင့် လက်ဝဲသမားများ)ကို ပို့ခဲ့ပါသေးတယ်။

စစ်ဗိုလ်ချုပ်တွေ တိုင်းမှူးတွေ မကြုံစဖူး ကျိကျိတက် ချမ်းသာလာပေမယ့် တိုင်းပြည်ကြီးကတော့ နိုင်ငံခြားကြွေးမြီတွေ မဆပ်နိုင်တော့ဘဲ ၁၉၈၀ခုနှစ်များမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ ခံယူလိုက်ရပါတယ်။

ဒိနောက် ရှစ်လေးလုံးအပြီး တက်လာတဲ့ နဝတ-နအဖ ကရော

၁။ ချမ်းသာမှုက ဘယ်မဆလဗိုလ်ချုပ်မှ မမီဘူး။

၂။ ပညာရေး၊ ကျန်းမာရေးအဆင့်အတန်း ရစရာမရှိအောင် ကျဆင်းသွား။

၃။ နိုင်ငံရေးအကျဉ်းသမားများအပေါ် ညှဉ်းပန်းနှိပ်စက်မှု မကြားရက်စရာ။

(ဒီဗွီဘီရဲ့ သာယာဝတီထောင်ရဲ့ သွေးစွန်းသောနေ့ရက်များ သတင်းကား။ ဟံသာဝတီဦးဝင်းတင်ရဲ့ ထောင်တွင်းအတွေ့အကြုံစာအုပ်များ။)

၄။ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲ အထွတ်အထိပ်လို့ ဆိုနိုင်တဲ့ ၂၀ဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာဘုရားသားတော် သံဃာတော်များကို ရက်ရက်စက်စက်  နှိပ်ကွပ်မှု။

ဒါတွေအားလုံးအပြီးမှာတော့ ၂၀ဝ၈ဖွဲ့စည်းပုံ ပေါ်လာပြီး ၂၀၁၀ မှာ စစ်ဗိုလ်ချုပ်တဖြစ်လဲ ဦးသိန်းစိန်အစိုးရပေါ်လာတယ်။ ဒီမိုကရေစီအကူးအပြောင်းတွေ ဖော်ဆောင်တယ်ဆိုပြီး သူတို့တတွေ အစိုးရသက်တမ်းကုန်ခါနီး တိုင်းပြည်ကို အေးဓားပြတိုက်သွားတာကြည့်ပါ။ (နိုင်ငံခြားထွက် ကျွန်ခံရတဲ့ လူဦးရေ သန်းချီရှိလာတယ်။)

တလောက ဒီဗွီဘီက ဒုက္ခိတရဲဘော်များနဲ့ ဗိုလ်ချုပ်ကြီးများ ဘဝကွာခြားချက် ဆိုတဲ့သတင်းကားလေးကြည့်ပါ။ ဒါတွေအားလုံးက စစ်အာဏာရှင်စနစ်ဟာ ဗမာပြည်ကြီးကို ဘယ်လောက်နှိပ်စက်ညှဉ်းပန်းခဲ့တယ် ဆိုတာတွေကို ဘက်စုံက ဖော်ပြနေတာပါ။

၄။ ပြည်သူလူထုရဲ့ပြတ်သားတဲ့သန္နိဋ္ဌာန်

ဒီလောက် ပြည်သူတွေအပေါ်  နှစ်ပေါင်း(၅၀)ကျော် နှိပ်စက်ခဲ့တဲ့စစ်တပ်ကို ဗမာပြည်သူတွေက ဘယ်လိုသဘောထားခဲ့သလဲ။ အခွင့်ရရင်ရသလို နည်းသဏ္ဌာန်ပေါင်းစုံသုံးကာ ဗမာပြည်နိုင်ငံရေးဇာတ်ခုံပေါ်က ဖယ်ချပစ်ဖို့ ကြိုးစားနေတာပါ။

(၁၉၆၀ရွေးကောက်ပွဲ၊ ၁၉၈၈အရေတော်ပုံ၊ ၁၉၉၀ရွေးကောက်ပွဲ၊ ၂၀၁၅ရွေးကောက်ပွဲ)

စစ်တပ်နဲ့နီးစပ်တယ်လို့ ယူဆရတဲ့လူပုဂ္ဂိုလ်ကိုပဲ ဖြစ်ဖြစ်၊ ပါတီအဖွဲ့အစည်းကိုပဲဖြစ်ဖြစ် ဘယ်တော့မှနေရာပေးမှာ မဟုတ်ပါဘူး။

အခုလည်း စစ်တပ်နောက်ဆုတ်ပေးသလိုနဲ့ အခရာအားလုံးကို ချုပ်ကိုင်ထားပြီး စစ်အာဏာရှင်စနစ်နောက်ဆုံးခံတပ်အဖြစ် ချန်ထားတဲ့၂၀ဝ၈ဖွဲ့စည်းပုံ ကိုလည်း ရတဲ့နည်းနာပေါင်းစုံ နဲ့ ဖျက်သိမ်းနိုင်ရေးကိုကြိုးစားနေကြပါတယ်။

စစ်အာဏာရှင်စနစ်ကို စတင်တည်ထောင်သူ ဗိုလ်နေဝင်းဟာ ဗိုလ်ချုပ်ကြီးတလှည့်လုပ်လိုက် (ဦး) နာမည်ခံလိုက်နဲ့ ရာထူးအမျိုးမျိုး ယူသွားတာ။ တခါဗိုလ်သန်းရွှေကလည်း အသက်(၇၀)ကျော် (၈၀)နီးပါး အထိနိုင်ငံတော်အမြင့်ဆုံးခေါင်းဆောင်အဆင့်ကို ယူထားခဲ့တာ၊ ဘယ်သူမှ ဘာမှပြောစရာမလို၊ ကိုယ့်စိတ်ကြိုက်လုပ်ဆောင်သွားနိုင်ခဲ့ကြတယ်။ သူတို့သာမက သူတို့နဲ့ခေတ်ပြိုင် မိုက်ဖော်ဆိုးဖက် ဗိုလ်ချုပ်ကြီးများပါသားစဉ်မြေးဆက် စားမကုန်အောင် ချမ်းသာသွားကြတာ။

ဒီတော့ အခုလက်ရှိကာချုပ်ကြီးခမျာ သမ္မတ လုပ်ချင်ရှာတာပေါ့။ ဒါမှ  ရရှိထားတဲ့အခွင့်အရေးတွေကို ကာကွယ်နိုင်မယ်။ ဆက်လက် တိုးပွားအောင် လုပ်နိုင်မယ်။

ဒါပေမဲ့ သူသတိလစ်နေတာက နိုင်ငံတကာအခြေနေ၊ ပြည်တွင်းအခြေအနေ ၊ ပြည်သူတွေရဲ့စိတ်နေသဘောထားတွေ အများကြီးပြောင်းသွားပြီ ဆိုတာပါပဲ။

၁၉၅၈တုန်းကလို စစ်တပ်အနေနဲ့ ပြည်သူတွေကို အလွယ်တကူ လိမ်လို့မရတော့ပါဘူး။ အခုပဲကြည့်ပါ။ ကာချုပ်ပရမ်းပတာပြောသမျှတွေကို (သြဂုတ်လ(၁၉)ရက်နေ့ ပင်လုံညီလာခံမိန့်ခွန်း) ပြန်ချေပပြောဆိုနေတာများ အားရ စရာကြီး။ ကာချုပ်နဲ့သွားတွေ့တဲ့ပါတီများကလည်း ဖြေရှင်းချက်အမျိုးမျိုး ထုတ်နေရတာကလည်း တဒုက္ခ။

ဒါတွေအားလုံးက ပြဆိုနေတဲ့အချက်ကတော့ -

ဗမာပြည်သူတွေဟာ စစ်တပ်ကို သူနေရာမှန်ကို မဖြစ်မနေ ပြန်ပို့တော့မယ် ဆိုတဲ့အချက်ပါ။ ဗမာပြည်သူတွေအတွက် စွန့်လွှတ်ရမှာက နှောင်ကြိုးပဲဖြစ်ပြီး၊ ရနိုင်မှာက မိမိတို့အတွက် တကမ္ဘာလုံး ရသလောက်ဖြစ်နိုင်တဲ့ ငြိမ်းချမ်းတဲ့ တိုးတက်ဖွံ့ဖြိုးတဲ့ စည်းလုံးညီညွတ်တဲ့ ဗမာပြည်သစ်ကြီးပါ။

ဒါကို အာဏာလောဘဇော မသတ်နိုင်သေးတဲ့ ကာချုပ်အပါအဝင် အဆင့်အသီးသီးက စစ်ဗိုလ်ချုပ်အဟောင်းအသစ်အားလုံးကို အရှင်ထွက် မထွက်ချင်ရင်တော့ဖြင့် အသေထွက် ထွက်ရလိမ့်မယ်ဖြစ်ကြောင်း လေးလေးနက်နက် သတိပေးလိုက်ပါရစေ။

လှကျော်ဇော
၂၃-၈-၂၀၂၀
မှတ်ချက် - အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှ ဆောင်းပါး