Breaking News

မြင့်ကျော် - မြန်မာ့မီဒီယာဖွံ့ဖြိုးမှု သမင်လည်ပြန် ကြည့်ခြင်း(၂)



မြင့်ကျော် -  မြန်မာ့မီဒီယာဖွံ့ဖြိုးမှု သမင်လည်ပြန် ကြည့်ခြင်း(၂)

(မိုးမခ) ဩဂုတ် ၂၈၊ ၂၀၂၀

မြန်မာ့မီဒီယာဖွံဖြိုးမှု နဲ့ပတ်သက်လို့ ကျနော်ကြုံတွေ့သိရှိရသမျှ ၊မြင်တွေ့မိသမျှကို တို့တိတို့တိနဲ့ ပထမ အပိုင်းကို စရေးမိပြီဆိုတော့ နောက်ဆက်တွဲ ရေးဖို့ ဝတ္တရားရှိလာပါပြီ။

ကျနော်အနေနဲ့ ရုံးရောက်ရင် ရုံးအလုပ်၊ ကောင်စီ မှာ အစည်းအဝေးရှိလို့ ဖိတ်ရင်ကောင်စီကိုပြေးရ ၊ အခြားသော အဖွဲ့အစည်းဆိုင်ရာ ကိစ္စတွေမှာလည်း တခါတရံပါဝင်ပေးရတာ၊ အိမ်ရောက်ပြန်ရင် အိမ်က ဝေယျာဝစ္စ နဲ့ အားချိန်မရှိသလောက် မို့ အားလျင် ဆက်ရေးပါဦးမည်လို့ ရေးခဲ့တာလည်း ဖြစ်ပါတယ်၊ သို့ပေမယ့် ဒီအကြောင်းတွေနဲ့ပတ်သက်လို့ မီဒီယာနယ်ပယ်က သိချင်ကြသူတွေ ၊ ဖတ်ချင်ကြသူတွေလည်း အတော်အတန်ရှိကြတာတွေ့ရလို့ နောက်တပိုင်းကို ဆက်ရေးဖြစ်ပါတယ်။

အရင် ပို့စ်မှာ ကျနော်ရေးခဲ့သလိုပဲ သတင်းမီဒီယာဖွံ့ဖြိုးမှုဆိုတဲ့ ခေါင်းစဥ်ကြီးအောက်မှာ သတင်းလွတ်လပ်ခွင့် ဆိုတာလည်း အဓိကကျတဲ့ အပိုင်းတပိုင်းအဖြစ် ပါဝင်ပါတယ်။

သတင်းလွတ်လပ်ခွင့်ရဖို့ ကျနော်တို့ ၂၀၁၂ နောက်ပိုင်း သတင်းသမားအသင်းအဖွဲ့တွေ ပေါ်ထွက်လာတာ ၂၀၁၁ ခုနှစ်မှာ မြန်မာဂျာနယ်လစ်ကွန်ရက်၊ အဲဒီနောက် မြန်မာနိုင်ငံသတင်းစာဆရာအသင်း တဖန် မြန်မာစာနယ်ဇင်းသမဂ္ဂတို့ဖြစ်ပါတယ်။

နှစ်ပေါင်း ၄၀၊ ၅၀ အတွင်း သတင်းသမားအဖွဲ့အစည်းတွေ ပထမဆုံးအကြိမ်ပြည်တွင်းမှာ ဖွဲ့စည်းခွင့်ရခဲ့တာ ဖြစ်လည်းဖြစ်ပါတယ်၊ အဲဒီအချိန်က အရပ်ဝတ်အစိုးရလို့ခေါ်ခေါ် စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဦးသိန်းစိန် အစိုးရအနေနဲ့ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဥ်ဟာ အစစ်အမှန်ဖြစ်ကြောင်း နိုင်ငံတကာကိုရော ပြည်တွင်းမှာပါ သက်သေပြချင်တာကြောင့် သတင်းလွတ်လပ်ခွင့် သတင်းမီဒီယာဖြေလျော့မှုတွေကို ၂၀၁၁ အကုန်ပိုင်းက စတင်လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ 

ဒီအခွင့်အရေးကို အသုံးပြုပြီး သတင်းသမားအဖွဲ့တွေ တခုပြီးတခုဆိုသလို ပေါ်ထွက်လာပြီး သတင်းသမား စွမ်းရည်မြှင့်တင်ရေး၊ သတင်းသမားအချင်းချင်း အကူအညီပေးရေးကတဆင့် သတင်းလွတ်လပ်ခွင့်တွေ အတွက်ပါ တောင်းဆိုလာကြတဲ့သဘောဖြစ်ပါတယ်။

အမှန်တကယ် မြန်မာဂျာနယ်လစ်ကွန်ရက် စတင်တည်ထောင်ကြစဥ်က ကျနော်မပါဝင်သေးပါဘူး။ ကျနော့်အမျိုးသမီး မအိမ့်က စည်းရုံးဖွဲ့စည်းတဲ့ အဲဒီသတင်းသမားလူငယ်တွေထဲမှာ ပါဝင်နေတာကြောင့် တခါတရံ ကျနော်တို့ အဲဒီအချိန်က နေထိုင်တဲ့ ဘိုကလေးစျေးလမ်းအိမ်မှာ အစည်းအဝေးလုပ်တဲ့အခါ ကြားသိနေရတာတွေလည်း ရှိပါတယ်။

မှတ်မှတ်ရရ ၂၀၁၂ ဧပြီ သိုမဟုတ် မေလအစောပိုင်းဖြစ်မယ်လို့ထင်ပါတယ် အဲဒီနေ့ အစည်းအဝေးက ဘာကိစ္စလဲဆို အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ အခမ်းအနားတခုမှာ အစားစားနေချိန် ဒေါ်အောင်ဆန်းစုကြည်ကို သတင်းဓါတ်ပုံရိုက်တဲ့ သတင်းထောက်ကို အနီးကပ်လုံခြုံရေးတဦးဖြစ်တဲ့ ကိုဘောကြီးက ရေအိမ်အဝင်မှာ ထိုးမယ့်ကြိတ်မယ်ရွယ်ပြီး အကျီစဆွဲတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ သတင်းသမားတွေဘက်က ဘယ်လို တုံ့ပြန်မလဲ စတဲ့ အကြောင်းအရာကို ဆွေးနွေးကြတဲ့ပွဲ ဖြစ်ပါတယ်။

ကျနော်တို့အိမ်မှာ လုပ်တဲ့အစည်းအဝေးမှာ ကျနော်ကတော့ ကွန်ရက်ဝင်လည်း မဟုတ်သေးတော့အဖြစ်အပျက်အားလုံးကို နားထောင်ရုံပဲ နားထောင်ခဲ့တာပါ။

ဒီအဖြစ်အပျက်တွေကို ပြန်တွေးကြည့်တဲ့အခါ ဆယ်စုနှစ်များစွာ ပိတ်ပင်ထားခဲ့တဲ့ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ မတူတဲ့အမြင်တွေ ၊ အပြန်အလှန်ဆွေးနွေးငြင်းခုံကြတဲ့ debate ယဥ်ကျေးမှု၊ မိမိတို့အခွင့်အရေးကို မိမိတို့တောင်းဆိုရမယ်။ တချို့သောအခွင့်အရေးတွက တောင်းယူနေရုံသက်သက်မဟုတ်ပဲ ကိုယ့်ရဲ့ ရပိုင်ခွင့်အခွင့်အရေးဖြစ်တဲ့အတွက် မိမိတို့ကိုယ်တိုင်စတင်ကျင့်သုံးရတဲ့ အပိုင်းတွေရှိတယ်ဆိုတာလည်း အဖွဲ့အစည်းမှာ သတင်းလွတ်လပ်ခွင့်အတွက် ပါဝင်လုပ်ကိုင်ရင်း နားလည်လာခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၂ စက်တင်ဘာလမှာတော့ ကျနော်က ကွန်ရက်ဝင်ဖြစ်ခဲ့ပြီး ကွန်ရက်ရဲ့ အတွင်းရေးမှူး တာဝန်ကို မဲနဲ့ရွေးချယ် တာဝန်ပေးရာမှာ ကျနော့်က တာဝန်ပေးအပ်ခြင်းခံရပါတယ်။ အဲဒီလို တာဝန်ယူပြီးမကြာခင်မှာပဲ စာနယ်ဇင်း ကေောင်စီ (ယာယီ) ဖွဲ့စည်းဖို့အတွက် သတင်းသမားအဖွဲ့အစည်းတွေကို ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်က သိမ်ဖြူလမ်းရုံးခန်းမှာ ဖိတ်ခေါ်တွေ့ဆုံပြီး စာနယ်ဇင်းကောင်စီ ဖွဲ့မယ့်အကြောင်း နဲ့ ကောင်စီရဲ့ တာဝန်နဲ့ ဝတ္တရားများ ပါဝင်မယ့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ စာရင်းကို ပြသပြီး ဖွဲ့စည်းမယ့် စာနယ်ဇင်းကောင်စီမှာ မြန်မာဂျာနယ်လစ်အနေနဲ့ ပါဝင်ဖို့ ကမ်းလှမ်းပါတယ်။

 ဦးအောင်ကြည်က ယာယီကောင်စီမှာ ဖိတ်ခေါ် ဖို့ လျာထားတဲ့အဖွဲ့နဲ့ လူစာရင်း၊ ကောင်စီရဲ့ တာဝန်နဲ့ဝတ္တရားများပါတဲ့ စာရွက် ၂ ရွက်ကို ပေးပြီးကျနော်တို့ ကွန်ရက်အနေနဲ့ ကန့်ကွက်ရန်ရှိသလား ဘာများညှိနှိုင်းဖို့ လိုပါသလဲဆိုတာကို မေးပါတယ်။ သိမ်ဖြူလမ်းက ပြန်ကြားရေးရုံးခန်းမှာပါ။ ဦးအောင်ကြည်က စကားပြောရာမှာ ညင်ညင်သာသာနဲ့ အေးအေးဆေးဆေး တန်းတူသဘောမျိုး ဆက်ဆံပြောဆိုတာကို သတိပြုမိပါယ်။

အဲဒီတွေ့ဆုံအသိပေးတဲ့ပွဲကို တက်ရောက်ပြီးနောက် ကွန်ရက်အနေနဲ့ ကောင်စီမှာ ပါဝင်ဖို့ သဘောတူတဲ့အကြောင်း ကွန်ရက်မှာ ဆုံးဖြတ်ကြပြီး ကောင်စီဖွဲ့ရင် ကိုယ်စားပြုပါဝင်ဖို့ ကျနော်နဲ့ မတင်ဇာဇော် ကို တာဝန်ပေးအပ်ကြပါတယ်။

ကျနော့်ပင်ကိုယ်သဘာဝ အရဆိုရင် အဖွဲ့အစည်းတွေ အသင်းအပင်းတွေမှာ ဒီလောက် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ဖူးသူမဟုတ်ပါဘူး။ အဖွဲ့အစည်းအသင်းအပင်းတွေမှာ တော်တဲ့ စည်းရုံးရေးသမားတဦးလည်း မဟုတ်ဘူးလို့ မိမိကိုယ်ကို အကဲဖြတ်ထားပြီး ကူညီတဲ့နောက်က ရပ်တည်လုပ်ဆောင်ပေးတဲ့ နေရာမျိုးမှာပဲ နေဖို့စဥ်းစားထားသူပါ။ သို့ပေမယ့် ဝင်ရောက်လုပ်ကိုင်ရင်းနဲ့ တာဝန်ပေးတဲ့အခါ မငြင်းသာပဲ ရှေ့ကို ရောက်မှန်းမသိရောက်သွားပြီး ကွန်ရက်ကိုကိုယ်စားပြုကာ စာနယ်ဇင်းကောင်စီ ယာယီမှာ ပါဝင်ခဲ့တာ ၃ နှစ်တိုင်တိုင်ဖြစ်ပါတယ်။

အဲဒီ ၃ နှစ်တာ ကာလမှာ သတင်းမီဒီယာကိစ္စရပ်တွေနဲ့. ပတ်သက်လို့ ကောင်စီဝင်အဖြစ် ပါဝင်ခဲ့ရတာတွေရှိသလို မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး အဖြစ်နဲ့ သတင်းသမားတွေ အဖမ်းခံရတဲ့ ကိစ္စ၊ တရားစွဲခံရတဲ့ ကိစ္စ ဆန္ဒပြပွဲမှာ သတင်းယူရင်း ရဲကဆန္ဒပြသူတွေကိုနှိမ်နှင်းဖြိုခွဲရာမှာ သတင်းသမားတွေကိုပါ ရိုက်နှက်တဲ့ကိစ္စတွေကို ကွန်ရက်အနေနဲ့ ကန့်ကွက်တာ၊ ဆန္ဒပြတာ ၊ မီဒီယာဥပဒေကြမ်းပြုစုရာမှာ တောင်းဆိုချက်တွေ လိုက်လျောဖို့ ဝန်ကြီးဌာနနဲ့ လွှတ်တော်ကို ကမ်ပိန်းလုပ်ခဲ့ရတာတွေ ရှိပါတယ်။

သတင်းလွတ်လပ်ခွင့်အတွက် ကောင်စီဝင်တယောက်အနေနဲ့ ရော ကွန်ရက်မှာ တာဝန်ယူထားသူ အနေနဲ့ပါ လုပ်ဆောင်ခဲ့ရတဲ့ အဖြစ်အပျက်တွေ ဆက်ရေးပြပါဦးမယ်။

x