Breaking News

ဒေါက်တာသိန်းလွင် - ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကျနော်နဲ့


ဒေါက်တာသိန်းလွင် - ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကျနော်နဲ့ 

(မိုးမခ) ဩဂုတ် ၂၁၊ ၂၀၂၀

မိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရေးသောစာ အပိုင်း (၅)

ကျနော် ရေးသားခဲ့သည့် အပိုင်း (၁) နှင့် အပိုင်း (၂) တွင် ဗမာပြည်ကွန်မြူနစ်ပါတီသို့ သွားရန် ကြိုးပမ်းမှုနှင့် အောင်မြင်မှုမရှိခဲ့ကြောင်း ပါဝင်ပါတယ်။ မိတ်ဆွေနှစ်ဦးက ကျနော့်ရဲ့ လိုအပ်ချက်ကို ဝေဖန်ထောက်ပြပါတယ်။

ကျနော်၏အတွေ့အကြုံများကို စာရေးရန် အကြံပြုခဲ့သည့် ဖားအံတက္ကသိုလ် ဘူမိဗေဒဌာနမှ ဆရာခွန်ကျော်ဇောဝေက ကျနော်၏စာတွင် ကွန်မြူနစ်တွေနဲ့တွေ့ဖို့ ကျနော်ဘာကြောင့် ကြိုးပမ်းခဲ့တယ်ဆိုတာ ဖြည့်ရေးပေးဖို့ အကြံပြုပါတယ်။

မန္တလေးဘုရားကြီးတိုက် မဲဖလန်ဘက ကျောင်းက ဆရာကိုကျော်ခိုင်မှုးကလည်း ကျနော့်ကို ဘာကြောင့် ကွန်မြူနစ်ပါတီကို သွားချင်တာလဲလို့ မေးပါတယ်။ ကိုကျော်ခိုင်မှုးက ကျနော့်ရဲ့ critical thinking သင်တန်းတွေတက်ဖူးသူမို့ ရင်းနှီးပါတယ်။

ဖြည့်စွက်ချက်

ကျနော်ကျောင်းသားအရေးအခင်းတွေမှာ ပါခဲ့သမို့ ကျောင်းထုတ်ခံရတယ်ဆိုတာ သိကြပြီးပါပြီ။ အဲ့ဒီအချိန်အထိ နိုင်ငံရေးစာပေတွေ မလေ့လာခဲ့ဖူးပါဘူး။ နိုင်ငံရေးဝါဒတွေလည်း မသိပါဘူး။ ကျောင်းစာနဲ့ အချစ်ဝတ္ထုတွေသာ ဖတ်ခဲ့တာပါ။

ကျနော့်ပင်ကိုယ်ဗီဇကတော့ မတရားဘူးဆိုရင် မကြိုက်ပါဘူး။ ကျနော်ကျောင်းထုတ်ခံရတဲ့အကြောင်းရင်းကလည်း အဲ့ဒီစိတ်ကြောင့်ပါပဲ။ ကျနော်စက်မှုတက္ကသိုလ်မှာတက်တုန်းက တတိယနှစ်အထိ သမိုင်းဝင်းက ကျောင်းဆောင်တွေမှာ နေရပါတယ်။ စဉ့်ကူဆောင်နဲ့ ဒူးယားဆောင်တွေမှာပါ။ ၁၉၇၄ ဇွန်လမှာ သမိုင်းချည်စက်က အလုပ်သမားတွေဆန္ဒပြတော့ အဆောင်နဲ့ နီးသမို့ သွားကြည့်ပါတယ်။ အလုပ်သမားတွေ ပစ်သတ်ခံရတာ ကျနော့်မျက်စိနဲ့ မြင်ခဲ့ပါတယ်။

အလုပ်သမားတွေဆန္ဒပြပြီး တနှစ်အကြာ ၁၉၇၅ ဇွန်လမှာ ရန်ကုန်စက်မှုတက္ကသိုလ်ကို ပညာရေးဝန်ကြီး ဒေါက်တာလှဟန်နဲ့ မဆလလူကြီးတွေလာပြီး Assembly Hall မှာ ကျောင်းသားတွေကို ဟောပြောပါတယ်။ “တိုင်းပြည်စီးပွားရေးကျတာ အလုပ်သမားတွေအလုပ်မလုပ်ဘဲ ဆူဆူပူပူလုပ်ကြလို့ဖြစ်တယ်။ လယ်သမားတွေ တာဝန်ကျေစပါး မရောင်းလို့ ဆန်ရှားတယ်” ဆိုပြီး ပြောပါတယ်။ ကျနော့်စိတ်ထဲမှာ ထောင်းထောင်း ထောင်းထောင်း ဖြစ်လာပါတယ်။

ကျောင်းသားတွေပြောတဲ့အလှည့်ရောက်တော့ ကျောင်းသားတစ်ယောက် နှစ်ယောက်က အဆောင်မှာ ဘဲဥဟင်း ခဏခဏကျွေးတာ မကျေနပ်ကြောင်း၊ ရေကူးကန်ဆောက်ပေးဖို့အကြောင်းတွေ ပြောပါတယ်။ သူတို့လည်း စကားဆုံးရော ကျနော်ချက်ချင်းထ မိုက်ခွက်ရှေ့ သွားရပ်ပြီး “ခုန ဝန်ကြီးတို့ပြောတာ အလုပ်သမားတွေ အလုပ်မလုပ်ဘဲ ဆူပူလို့ တိုင်းပြည်စီးပွားရေး ကျတာလို့ ပြောတယ်။ အလုပ်သမားတွေက ထမင်းမဝလို့ ဆန်တောင်းတာ ခင်ဗျားတို့က ကျည်ဆံတွေပဲပေးခဲ့တာ”။ “လယ်သမားတွေ စပါးမရောင်းလို့ ဆန်ရှားတယ်လို့ ပြောတယ်၊ ကျနော့်ဘကြီးတွေ တာဝန်ကျေစပါးရောင်းရလို့ ဝမ်းစာတောင်မကျန်ဘူး”။ “မတရားတာ ခင်ဗျားတို့ပဲ”။ လက်ခုပ်သံတွေ ဆူညံသွားပါတယ်။ အဲ့ဒါနဲ့ ကျနော်လည်း ကျောင်းထုတ် ခံရပါတယ်။ (ပညာရေးဝန် ကြီးတွေကိုခံပြောတဲ့ ကျနော့်ရဲ့ ရာဇဝင်က အဲ့ဒီထဲက စပါတယ်။)

ကျောင်းထုတ်တာခံရပြီးမှသာ နိုင်ငံရေးကို ကျနော်စိတ်ဝင်စားလာတာပါ။ ကျောင်းစာလည်း မဖတ်ရတော့ နိုင်ငံရေးစာအုပ်တွေ ရှာဖတ်ပါတယ်။ ပန်းဆိုးတန်းစာအုပ်ဟောင်းဆိုင်တွေမှာ သွားသွားရှာပါတယ်။ ဖတ်တာသာဖတ်တယ် နားမလည်လှပါဘူး။ အနုပဋိလောမ ရုပ်ဝါဒဆိုတာ ဘာကိုဆိုလိုမှန်း သေချာသိပါဘူး။ ကားလမတ်(စ်)ရဲ့ အရင်းကျမ်းဆိုရင် ဘာမှကို နားမလည်ပါဘူး။ ခေါင်းပုံဖြတ်တယ်ဆိုတာ အရပ်စကားနဲ့သာ သိပေမဲ့ စီးပွားရေးသဘောတရားတွေ နားမလည်ပါဘူး။ ဝတ္ထုဆန်ဆန်ရေးထားတဲ့ နိုင်ငံရေးနောက်ခံ ဇာတ်လမ်းတွေတော့ ကြိုက်ပါတယ်။ ဂေါ်ကီရဲ့ “အမေ” ဝတ္ထုဆိုရင် အရမ်းကြိုက်ပါတယ်။ ဖတ်နေရင်း ကျနော့်အမေက မျက်စိအာရုံထဲမှာ ပေါ်လာပါတယ်။ ကျနော်က တိုက်တာ ခိုက်တာတွေ၊ သဘောတရားရေးရာတွေထက် လူသားဆန်တာကို ပိုကြိုက်ပါတယ်။

တရုတ်သံရုံးက စာအုပ်တွေပေးတယ်ကြားတော့ သွားတောင်းပါတယ်။ တစ်ပတ် တစ်ခါလောက် သွားပါတယ်။ အစပိုင်းမှာ Peking Review နဲ့ မော်စီတုန်းအတွေးအခေါ်စာအုပ် ပါးပါးလေးတွေ ပေးပါတယ်။ ငှက်နှစ်ကောင် စကားပြောခန်း၊ ယင်အန်းစာပေဆွေးနွေးပွဲ စတာတွေ ပေးပါတယ်။ နောက်ပိုင်းမှာ မော်စီတုန်းရဲ့ ပဋိပက္ခကျမ်း ပေးပါတယ်။ ပဋိပက္ခကျမ်း ဖတ်ပြီးတော့ စစ်ရေး (၆) စောင် စာအုပ်ပေးပါတယ်။ တော်တော်ကြာလာတော့မှ မော်စီတုန်းလက်ရွေးစင်ကျမ်း စာအုပ် (၄) တွဲ ပေးပါတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ခရီးရှည်ချီတက်ပွဲကို အတော်သဘောကျခဲ့ပါတယ်။

လူပုဂ္ဂိုလ်တွေအနေနဲ့ပြောရရင် ကျနော့်သူငယ်သူငယ်ချင်းတွေထဲမှာ လက်ဝဲဆန်သူတွေ ရှိပါတယ်။ သူတို့နဲ့ပေါင်းရတာ ကျေနပ်စရာကောင်းပါတယ်။ မတရားမလုပ်ကြဘူး။ ကူညီတတ်တယ်။ ကိုယ့်ကိုကိုယ် နှိမ့်ချတယ်။ ဟိတ်ကြီးဟန်ကြီးလုပ်တာ၊ မောက်မာတာ မရှိကြဘူး။ ဒါကြောင့် လက်ဝဲသူငယ်ချင်းတွေကို ကျနော် ယုံကြည် ခင်မင်တယ်။

ကျနော့်ဆွေမျိုးထဲမှာတော့ နိုင်ငံရေးလုပ်တဲ့သူ မရှိပါဘူး။ အဖေနဲ့အမေက ရပ်ရေးရွာရေးတွေမှာ ဦးဆောင်လုပ်ကြပေမဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာတော့ မပါဝင်ကြပါဘူး။

ကျနော်တို့ပဲခူးက လွင်မဆလာမိသားစုက ကျနော့်ငယ်သူငယ်ချင်း ခင်ဦးလွင်ဆီက ကွန်မြူနစ်ပါတီအကြောင်း တစ်စွန်းတစ်စ သိရပါတယ်။ သူတို့အဖေက ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်ဇင်ပါ။ ၁၉၇၅ ခုနှစ်က ပဲခူးရိုးမချေမှုန်းခံရပြီး ဥက္ကဋ္ဌ သခင်ဇင်နဲ့ အတွင်းရေးမှုး သခင်ချစ်တို့ ကျဆုံးပါတယ်။ သူတို့နှစ်ဦးကို အစိုးရစစ်တပ်က ဝိုင်းထားစဉ်မှာ ပြန်လည်ခုခံရင်း ကျဆုံးသွားတာပါ။ လက်နက်မချဘဲ ယုံကြည်ချက်အတွက် အသက်ပေးသွားကြသူတွေပါ။ ဒါမျိုးကို ကျနော်ကြိုက်တာပါ။ ကိုယ်ကျိုးစွန့်အနစ်နာခံသူတွေဟာ ယုံကြည်ထိုက်သူတွေပါ။

ကျနော်ဝရမ်းပြေးဖြစ်တော့ ကွန်မြူနစ်တွေဆီသွားချင်တာ အဲ့ဒါတွေကြောင့်ပါ။ ကျနော့်ကိုဖွက်(ဝှက်)ပေးထားတဲ့သူတွေကို အားလည်းနာတယ်။ စိုးလည်း စိုးရိမ်တယ်။ ကျနော့်ကိုတွေ့သွားလို့လာဖမ်းရင် သူတို့ပါအဖမ်းခံကြရမှာ။ ဒါကြောင့် တော်လှန်ရေးနယ်မြေကို သွားချင်တာပါ။ တော်လှန်ရေးအဖွဲ့တွေ အများကြီးရှိတဲ့ထဲက ကွန်မြူ နစ်တွေဆီသွားချင်တာကတော့ သူတို့ကို ပိုပြီး စိတ်ချယုံကြည်လို့ပါ။

ကွန်မြူနစ်ပါတီကို သွားချင်ပေမဲ့ ကွန်မြူနစ်ပါတီ တာဝန်ရှိသူတွေနဲ့ အဆက်အသွယ် မရှိခဲ့ပါဘူး။ ဘယ်သူတွေ ဆိုတာလည်း မသိပါဘူး။ ဒါကြောင့် ကွန်မြူနစ်ပါတီကို ရှာရင်း တဝဲလယ်လယ် ဖြစ်ခဲ့တာပါ။

ကျနော့်စာ အရေးအသားလိုအပ်ချက်တွေကို ဝေဖန်ထောက်ပြပေးသော ခွန်ကျော်ဇောဝေနဲ့ ကိုကျော်ခိုင်မှုးတို့ကို ကျေးဇူးတင်ပါတယ်။ ဖတ်ရှုအားပေးသူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

ဒေါက်တာသိန်းလွင်
၂၀၂၀ ဩဂုတ်လ ၂၀ ရက်။