Breaking News

ဆောင်းယွန်းလ - "မြေပုံအညွှန်း"


ဆောင်းယွန်းလ - "မြေပုံအညွှန်း"

(မိုးမခ) ဩဂုတ် ၆၊ ၂၀၂၀

ဘာမှအရာမထင်ဘူးလို့ထင်ရင်
ဘာမှမလုပ်ဘဲနေလိုက်တာ အကောင်းဆုံးပေါ့
တခုခုလုပ်ပြီး
တရာလောက်ထင်ချင်လို့တော့ မရဘူးလေ

ရွှေဘ လက်သီးပြင်းသလိုမျိုးတော့
အံ့ကျော်က လက်ဝါးဇောင်းဘယ်ထက်ပါ့မလဲ
ဒါပေမယ့်
သူ့နှုတ်ခမ်းမွှေးနဲ့သူတော့လည်း ခန့်ပါတယ်လေ

တခုခုလုပ်ရင်
တခုခုလောက်တော့ဖြစ်မှာပေါ့
ဘာလုပ်လုပ် ဘာမှအရာမထင်ဘူးထင်ရင်
ကိုယ်ပေါင်ကိုယ်လှန်ထောင်းကြည့်ပါလား
အနဲဆုံးတော့ ပုဆိုးလှန်ရတော့ဦးမှာဘဲ
အများဆုံးက ပေါင်နာတာလောက်တော့အဖတ်တင်မှာပေါ့

အရည်မရအဖတ်မရ ပြောပြောပြီး
အရည်ကိုလည်း စိတ်ဝင်စားသလို
အဖတ်ကိုလည်း မြိုချင်သေးဆိုတော့
ခက်မနေဘူးလား

နားနားပြီးစဉ်းစားရင်း နာနာတွေးနိုင်ရင်
ကိုယ့်အကြောင်း ကိုယ်သိမယ်
ဘာမှမတွေးဘဲနေနိုင်လေ
တခြားအကြောင်းတွေကို ပိုသိနိုင်လေလေဘဲ

ခြံ အပြင်ရောက်နေတာကို
ကမ္ဘာ့အပြင် ရောက်နေတယ်ထင်ရင်
မြေပုံကို ပြန်ထုတ်ကြည့်မှ သေချာမယ်

သူ့ထက်သေချာတတစ်ခုက
သက်တမ်းကုန်ရင် အားလုံးဟာမြေပုံဘဲ။

ဆောင်းယွန်းလ