Breaking News

ဇင်လင်း - ၂၁ ရာစုပင်လုံညီလာခံ၊ လွှတ်တော်နိုင်ငံရေးနှင့် သွေးထွက်သံယို စစ်ပွဲများရပ်စဲရေး



ဇင်လင်း - ၂၁ ရာစုပင်လုံညီလာခံ၊ လွှတ်တော်နိုင်ငံရေးနှင့် သွေးထွက်သံယို စစ်ပွဲများရပ်စဲရေး

(မိုးမခ) ဩဂုတ် ၆၊ ၂၀၂၀

သမိုင်းတင်ရမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရက် ၉၀ ခန့်သာလိုတော့သည်။ ရွေးကောက်ပွဲ ကော်မရှင်က တစ်နိုင်ငံလုံးအတွက် ထုတ်ပြန်ကြေညာထားသော မဲဆန္ဒနယ် စုစုပေါင်း ၁၁၇၁ နေရာဖြစ်သည်။ မဲဆန္ဒနယ် အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိ/မရှိ ယခုအချိန်အထိ ခန့်မှန်းရခက်နေဆဲဖြစ်သည်။ လတ်လော မြန်မာနိုင်ငံ ရင်ဆိုင်နေရသော အဓိက အခက်အခဲနှစ်ခုရှိနေသည်။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပျ့ံနှ့ံဖြစ်ပွားမှု အနယ်မထိုင် သေးခြင်းနှင့် ပြည်တွင်းစစ် ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေခြင်း စသည့် အခက်အခဲများကြောင့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲအပေါ် တစ်စုံတစ်ရာ သက်ရောက်မှု ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

ကိုဗစ်-၁၉ ပြဿနာက ပေါ့ပေါ့ဆဆ လျှော့တွက်၍မရ။ လက်ငင်းအခြေအနေမှာပင် ကုန်ထုတ်လုပ်ရေးနှင့် ကုန်စည် ကူး သန်းရောင်းဝယ်ရေးကို အထိနာစေခဲ့ရုံမက အလုပ်လက်မဲ့ပြဿနာကလည်း ကြီးမားဖြစ်လာခဲ့သည်။ အချိန်ကြာလာလေ အလုပ်မဲ့ပြဿနာကြောင့် စားဝတ်နေရေး ခက်ခဲကျပ်တည်းလာလေဖြစ်ခဲ့ပါက၊ ရာဇဝတ်မှုထူပျောလာကာ တရား ဥပဒေ စိုးမိုးရေးကိုထိခိုက်လာမည်။ လူမှုရေးမကျေနပ်မှုများပေါ်ပေါက်လာခဲ့လျှင် ရွေးကောက်ပွဲကို အနည်းနှင့်အများ ထိခိုက်မည် ဖြစ်သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ပြဿနာကို အလေးထား ကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်၍ ရွေးကောက်ပွဲနေ့ အထိ ရောဂါပျံ့ပွားမှု အကင်းမသေခဲ့လျှင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဆန္ဒမဲ ပေးခြင်း လုပ်ငန်းစဉ်ကို စီမံဆောင်ရွက်ရမည့် အခြေအနေဖြစ်လာနိုင်သည်။

ပြည်တွင်းစစ် ပဋိပက္ခ ငြိမ်းအေးမည့် အရိပ်အရောင်လည်း ယခုအထိ မမြင်ရသေး။ အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ဦး မြို့အနီး၌ မကြာသေးမီက အထိ တိုက်ပွဲများပြင်းထန်လျှက်ရှိသောကြောင့် ဒေသခံများ စိုးရိမ်သောက ရောက်နေကြသည်။ အသွားအလာများ တိတ်ဆိတ်ငြိမ်သက်နေသည့် သတင်းများကြားနေရသည်။ တိုက်ပွဲ မဖြစ်သည့် အချိန်တွင်လည်း တပ်မတော်စစ်ကြောင်းများ ဥဒဟို သွားလာနေကြ၍ ဖမ်းဆီးခံရမည်ကို ကြောက်ရသောကြောင့်လည်းကောင်း၊ အပစ်ခံရ မည် ကြောက်၍ လည်းကောင်း၊ အိမ်အပြင်မထွက်ရဲကြဘဲ ကိုယ့်အိမ်ထဲမှာ ကိုယ်နေကြရသည်ဟု မြောက်ဦး မြို့ခံတို့က ပြောကြောင်း သတင်းများကြားနေရသည်။ မကြာသေးမီက မြောက်ဦးမြို့အနီး တောင်ဖြူဆည် ဝန်းကျင်တွင် ရက္ခိုင့် တပ်တော် AA နှင့် တပ်မတော်တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သောကြောင့်ဒေသခံ အချို့ ထွက်ပြေးခဲ့ရ ကြောင်း RFA သတင်းက ဆိုသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ ဇူလိုင် ရ ရက်နေ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသူဦးရေ ၂၀၀,၀၀၀ ကျော်ရှိ၍ ယင်းအနက် ၁၀၀,၀၀၀ ကျော်မှာ မဲဆန္ဒ ရှင်များ ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ စစ်ဘေးရှောင်ပြည်သူ ၁၀၀,၀၀၀ ကျော် မဲပေးခွင့်ဆုံးရှုံးဖွယ်ရှိသည်ဟု သုံးသပ်မှု များရှိုနေသည်။ တိုက်ပွဲကြောင့် အန္တရာယ်ဖြစ်မည် စိုးရိမ်၍ ခရီးသည်တင်ကားများ အသွားအလာ နည်းပါးနေသည်ဟု သိရသည်။ အဆိုပါ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြောက်ဦးမြို့အနီးအနား ပတ်ဝန်းကျင် တောင်ကြောများအား တပ်မတော်က ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ မြောက်ဦးမြို့သည် ရှေးဟောင်း ယဉ်ကျေးမှုမြို့တော် တစ်ခုဖြစ်၍ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေးအတွက် ကြိုးပမ်းနေကြသဖြင့် ယခုကဲ့သို့ မြို့အနီးအနားတွင် တိုက်ပွဲဖြစ်ပွား ခြင်းကြောင့် ရှေးဟောင်းလက်ရာ အမွေအနှစ်များကို ထိခိုက်မှုရှိသည်ဟု ဒေသခံများက ထောက်ပြပြောဆိုနေကြသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်ပလက်ဝဒေသနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း မြို့နယ်အချို့တွင် တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေဆဲရှိသည်။ ယင်း တိုက်ပွဲများကြောင့် ၂၀၂၀ တွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အချို့တွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပနိုင်မည်မဟုတ်ဟု သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်မည်ဟု ရည်မှန်းထားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းက မီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။ ၂၀၂၀ တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ် ရေးထိုးနိုင်ရေး တပ်မတော်က ရည်မှန်းခဲ့သည်။ သို့သော်လည်း ၂၀၂၀ ပြည့်နှစ် သြဂုတ်လရောက်သည်တိုင် ယခင်က လက်မှတ်ရေးထိုးခဲ့ သော တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့(NCA-S-EAO) ကလွဲ၍ နောက်ထပ် လက်မှတ်ရေးထိုးသည့် EAO အဖွဲ့ မရှိ သေးဟု ဆိုသည်။

မကြာသေးမီက အစိုးရနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် အပါအဝင် COVID-19 ကာကွယ် တားဆီးရေးလုပ်ငန်းနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စတို့ကိုကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် တရုတ်အထူး သံတမန်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု NMG က သတင်း ဖေါ်ပြသည်။ ၂၀၂၀ ဇူလိုင် ၂၅ ရက် နေ့က KIO နှင့် တရုတ် အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန်တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရှိ ရင်ကျန်းမြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ တရုတ် အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်နှင့် တွေ့ဆုံဆွေးနွေးရာတွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် ဗဟိုကော်မတီဝင် ၅ ဦး တက်ရောက် ဆွေးနွေးခဲ့သည်ဟု သိရသည်။

“သူဖက်ကနေ ကျနော်တို့ကို တိုက်ပွဲ အခြေအနေ မေးမြန်းတာမျိုးတွေ နောက်ပြီးတော့ COVID-19 ရောဂါ ကာကွယ် နိုင်နှင်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးတာတွေ ရှိတယ်။ ပြီးတော့ ၂၁ ရာစု ပင်လုံညီလာခံ နဲ့ ပတ်သက်တာတွေ ဆွေးနွေး တယ်။”ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ထို့အပြင် နယ်စပ်ဒေသတွင် တိုက်ပွဲမဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် နယ်စပ်ဒေသ တည်ငြိမ်းအေးချမ်းရေးကို အလေးထား ဆောင်ရွက်ရန် တရုတ်သံတမန်က တိုက်တွန်းခဲ့သည်ဟု ဆိုသည်။ အစိုးရ၏ NRPC အဖွဲ့နှင့် ရပ်တန့်နေ သည့် နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းရန် မစ္စတာ ဆွန်ကော့ရှန် က ထည့်သွင်း ဆွေးနွေး ခဲ့သည်ဟု သိရသည်။

လာမည့် ၂၁-ရာစုပင်လုံညီလာခံသို့ တက်ရောက်ရန် အစိုးရက ဖိတ်ကြားခဲ့ပါက ညီလာခံ တက်ရင်ရောက်သင့်သည်ဟု ဆွန်ကော့ရှန် က KIO အဖွဲ့ကို တွန်းအားပေးမှုရှိသည်ဟု ပြောသည်။ လက်ရှိတွင် KIO အနေဖြင့် ဖိတ်စာ မရသေးဟု ဆို သည်။ ဖိတ်စာရခဲ့လျှင် ဖိတ်စာအပေါ် မူတည်၍ KIO အနေဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း ဆွန်ကော့ရှန်အား ပြန်လည် ဆွေးနွေးခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆိုသည်။ KIO နှင့် တရုတ်အထူး သံတမန် ဆွန်ကော့ရှန် တို့ တွေ့ဆုံသည့် ဆွေးနွေးပွဲတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များလည်း ပါဝင်တက်ရောက်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း သတင်းနှင့် မီဒီယာကွန်ရက် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိဟု ဆိုသည်။ PCG မှ ဦးဆမ်အောင်က မြောက်ပိုင်း အဖွဲ့များနှင့် တွေ့သည်ဟု ကြားသော်လည်း မည်သည့်အဖွဲ့ပါသည်ဟု မသိရကြောင်း ပြောသည်။

ကချင်လွတ်လပ်ရေး အဖွဲ့ KIO သည် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်ဖြစ်ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့တွင် ရက္ခိုင့်တပ် တော် AA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ( MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ပါဝင်သည်။ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့သည် “ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ”(FPNCC) အဖွဲ့ဝင်များလည်း ဖြစ်သည်။ ၂၁ ရာစု ပင်လုံညီလာခံသို့ အစိုးရက ဖိတ်ကြားခဲ့ လျှင် FPNCC အစီစဉ်ဖြင့် ပါဝင်တက်ရောက်မည်ဟု KIO က ဆိုသည်။

“KIO ကို ဖိတ်ကြားခဲ့ရင်တော့ KIO က FPNCC အဖွဲ့အနေနဲ့ သွားမှာဖြစ်တယ်။ ဖိတ်ကြားခဲ့ရင် KIO ဗဟိုကော်မတီ အနေ နဲ့ အဲဒီစာကို အသေးစိတ် စဉ်းစားပြီးမှ သွားမလား မသွားဘူးလား ဆုံးဖြတ်မယ်။ သွားလို့ အဆင်ပြေမလား၊ မပြေဘူးလား လည်း ဆုံးဖြတ်မယ်။” ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က KNG သတင်းသို့ ပြောသည်။

စတုတ္တအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို သြဂုတ်လ ၁၉၊ ၂၀၊၂၁ ရက်နေ့များတွင် ပြောင်းလဲကျင်းပသွားမည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက သြဂုတ် (၁)ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိ NLD အစိုးရလက်ထက်တွင် နောက်ဆုံးအကြိမ်ကျင်းပမည့် စတုတ္တအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ ၁၂၊ ၁၃ နဲ့ ၁၄ ရက်နေ့များတွင် ပြုလုပ်ရန် မူလက စီစဉ်ခဲ့သည်။ သို့သော် အစိုးရနှင့် NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ ဆွေးနွေးပွဲအပြီးတွင် ရက်ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ဦးဇော်ဌေးက သြဂုတ် (၁)ရက် သတင်းစာရှင်လင်းပွဲတွင် ပြောကြားခဲ့သည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သော ကိုးကန့် (MNDAA) ၊ ရက္ခိုင်တပ်တော် (AA)နှင့် တအောန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့က လုံခြုံရေးအာမခံချက်ရှိမည်ဆိုလျှင် ၂၁ ရာစုပင်လုံညီလာခံသို့FPNCC အဖွဲ့၏ ဦးဆောင်မှု လမ်းညွှန်မှု နှင့်အတူ တက်ရောက်မည်ဟု ဇူလိုင် ၂၁ ရက်နေ့က သဘောထားထုတ်ပြန်ထားသည်။ အလားတူ KIO အဖွဲ့ ကလည်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အတိုင်း အစိုးရက ဖိတ်ခေါ်ခဲ့လျှင် FPNCC ၏ လမ်းညွှန်မှု ဖြင့် ညီလာခံတက်မည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ”(၂၁-ရာစုပင်လုံ အစည်း အဝေး) ပထမအကြိမ်ကို ၂၀၁၆ ခုနှစ်၊ ဒုတိယအကြိမ်ကို ၂၀၁၇ နှင့် တတိယအကြိမ် ၂၀၁၈ ခုနှစ်တို့တွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အလွန်အရေးပါမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို လာမည့် နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပတော့မည်ဖြစ်၍ ရက်ပေါင်း ၉၀ ခန့်သာ လိုတော့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ(EAO)နှင့် ဆက်စပ်နေသည့် ဒေသများတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကျင်းပနိုင်ရေး EAO များက ကူညီဆောင်ရွက်ပေးရန် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် မေတ္တာရပ်ခံသည်ကို ကြား လိုက်ရသည်။

“ဝ လက်နက်ကိုင်အဖွဲ့” (UWSA) ထိန်းချုပ်ထားသည့် ဒေသများတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် UWSA ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သော်လည်း တိကျ သေချာသည့် ရလဒ်ပေါ်ထွက်လာခြင်း မရှိပေ။ ဇူလိုင်လ တတိယပတ်အတွင်း အာဏာရပါတီ NLD နှင့် ရှမ်းပြည်နယ် အခြေစိုက် ပါတီများက ကြေညာသော ကိုယ်စားလှယ်လောင်း အမည်စာရင်းတွင် ‘ဝ ဒေသ’ ၄ မြို့နယ်နှင့် မိုင်းလား မဲဆန္ဒ နယ်များ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်း ပါဝင်မှု မရှိဟု ဆိုသည်။ လက်ရှိ သတင်း အချက် အလက်များအရ ‘ဝ ဒေသ’ ၄ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ အလွန်နည်းသည်ဟု ကြားရသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်ချုပ်နယ်မြေအတွင်း၌ ၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်စွာ ကျင်းပနိုင်ကြောင်း TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော် က ပြောသည်။ ဇူလိုင်လ ၂၃ ရက်နေ့က ပထမဦးဆုံး ကျင်းပသည့် ဗိုလ်လောင်း သင်တန်းဆင်းပွဲ အခမ်းအနားတွင် ရွေးကောက်ပွဲကိိစ္စ မေးမြန်းရာတွင် ထိုကဲ့သို့ ဖြေကြားခဲ့ခြင်ဖြစ်သည်ဟု RFA သတင်းက ဆိုသည်။

ရွေးကောက်ပွဲ မဲဆွယ်ခွင့်ပြုခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအရ ဖြစ်ပေါ်လာသော ရွေးကောက်ပွဲကို ထောက်ခံခြင်းမဟုတ်ဘဲ ဒေသအတွင်း လူထု၏ “ဒီမိုကရေစီကျင့်စဉ်နှင့် ဒီမိုကရေစနိုင်ငံရေးယဉ်ကျေးမှု” ကို မဟန့်တားလိုသည့်အတွက် ဗဟို ကော်မတီအစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောသည်။ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရာတွင် လူမျိုးရေးထိခိုက်စေမည့် တစ်ဘက်ကို တစ်ဘက် ပုတ်ခတ်မှုမျိုး မဖြစ်ရန် လိုလားသည်ဟု ဆိုသည်။ TNLA အဖွဲ့လှုပ်ရှားရာ နယ်မြေများမှာ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မိုင်းယော်၊ မိုးမိတ် စသည့် ့မြို့နယ်မျာ ဖြစ်သည်။

“ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်” (SSPP/SSA) ကလည်း ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်မှု လုပ်မည် မဟုတ်ဟု ဆိုသည်။ SSPP/ SSA ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက ဘယ်ပါတီကို မဲထည့်ပါဟု လူထုကို တိုက်တွန်း ခြင်း မရှိသကဲ့သို့ မည်သည့် ပါတီမဆို SSPP/SSA ထိန်းချုပ်ဒေသအတွင်း လွတ်လပ်စွာ မဲဆွယ်ခွင့်ပြုမည် ဆိုသည်။ ၂၀၂၀ တွင် မဲပေးနိုင်သူ စာရင်း (ဇူလိုင် ၂၅ ရက်နေ့အထိ စာရင်းအရ) တပ်မတော်သား မိသားစုဝင်များ အပါအဝင် ၁,၄၀၄,၀၀၀ ရှိကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။ ရှမ်းပြည်မြောက်ပိုင်း မြို့နယ် ပေါင်း ၂၄ မြို့နယ်အနက် UWSA ထိန်းချုပ် သည့် ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမောမြို့နယ်လေးခုနှင့် ကိုးကန့်ဒေသ ကျေးရွာအချို့တွင် မဲပေးနိုင်သူစာရင်း ကောက်ယူနိုင်ခြင်း မရှိသော်လည်း၊ ကျန်မြို့နယ်များ၌ အမည်စာရင်းများကို ကပ်ထားပြီးဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

အနှစ်ချုပ်သုံးသပ်ရလျှင် ယနေ့မြန်မာနိုင်ငံ၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် နိုင်ငံရေး သဘောတူညီမှု ရလဒ်များကို အကောင်အထည် ဖေါ်ရန် နှောင့်နှေးနေရသည်။ နိုင်ငံရေးတန်းတူညီမျှ အခွင့်အရေးကို ရရှိရန် ယခုခေတ် အခါ၌ နိုင်ငံရေးနည်းအရ အဖြေရှာခြင်းသည်သာ သွေးထွက်သံယို နည်းပါးပြီး ရလဒ်ကောင်း ရနိုင်ပေသည်။ ယနေ့တိုင် ငြိမ်းချမ်းရေး အဖြေမထွက်နိုင်ခြင်းမှာ လက်နက်ကိုင်နည်းဖြင့်သာ တစ်စိုုက်မတ်မတ် အဖြေရှာနေကြ၍ ဖြစ်သည်။ ဖက်ဒ ရယ် ဒီမိုကရေစီ ခရီးစဉ် ရှေ့တစ်လှမ်းတက်နိုင်ရန် လက်ရှိ ကြုံကြိုက်နေသော ၂၀၂၀ ရွေးကောက်ပွဲ ကို အကျိုးရှိစွာ အသုံးချသင့်သည်။ ရွေးကောက်ပွဲမှတစ်ဆင့် လွှတ်တော်နိုင်ငံရေး အားကောင်းမောင်းသန်ဖြစ်လာရန် လုပ်ကြရမည်။ လွှတ်တော်စင်မြင့်သည် တစ်နည်းအားဖြင့် နိုင်ငံနှင့် ပြည်သူအတွက် Dialogue နည်းဖြင့် အဖြေထုတ်ရာ နေရာ ဖြစ်သည်။ လွှတ်တော်နိုင်ငံရေး ဆက်လက်ရှင်သန်စေရန် လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲကို လက်ညီတက်ညီ ၀န်းရံ ကြရမည်။

လာမည့် သြဂုတ်လ တတိယသီတင်းပတ်တွင် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံသည် လွှတ်တော်နိုင်ငံရေးကို အားဖြည့် မည့် နိုင်ငံရေးဆွေးနွေးပွဲကြီး(Grand Dialogue) ဖြစ်သည်။ ၂၁ ပင်လုံ ဒုတိယနှင့် တတိယ အစည်းအဝေး နှစ်ရပ်ပေါင်း တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများသည် အခြေခံမူ အချက် ၅၁ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ် (Union Accord) တွင် ထည့်သွင်းချုပ်ဆိုနိုင်ခဲ့သည်။ ယခု စတုတ္ထ အစည်း အဝေးတွင်လည်း Union Accord တွင် ထပ်မံ ထည့်သွင်းနိုင်မည့် သဘောတူညီချက်များ ရရှိလာဦးမည် ဖြစ်သည်။ Dialogue နှင့် လွှတ်တော်နိုင်ငံရေး အားကောင်းလာမှသာ သွေးထွက်သံယို စစ်ပွဲများကို ရပ်စဲနိုင်မည်ဟု သုံးသပ်မိသည်။ ။။။။။။