Breaking News

မောင်ရစ် - ဒေါ်နယ်ထရမ့်ကြီး နိုင်တုန်းကပေါ့ ...



မောင်ရစ် -  ဒေါ်နယ်ထရမ့်ကြီး နိုင်တုန်းကပေါ့ ...

(မိုးမခ) ဩဂုတ် ၆၊ ၂၀၂၀

လွန်ခဲ့တဲ့ ၄ နှစ်က (၂၀၁၆ နိုဝင်ဘာ ) တုန်းက ထရန့် အမေရိကန်သမတရွေးကောက်ပွဲ နိုင်ခဲ့တယ်။ နိုင်တဲ့သူကော ရှုံးတဲ့သူတွေပါ ခုချိန်ထိ ပုဒ်မ မချနိုင်သေးဘူး။ ဘာကြောင့် နိုင်ရတာလဲဆိုတာ ကောက်ချက် မချနိုင်ကြသေးဘူး။ အဲသည်တုန်းက အကြိတ်အနယ်ဆိုတော့ ထရန့်ကလည်း သူရှုံးရင် ရွေးကောက်ပွဲရလဒ်ကို လက်ခံမှာ မဟုတ်ဘူးလို့ ကြိုကန်ထားတယ်။ ဟီလာရီကလင်တန်ကလည်း နိုင်မယ်လို့ ကြိမ်းသေ တွက်ထားတယ်။

ဖြစ်ချင်တော့ အောက်တိုဘာမှာ အက်ဖ်ဘီအိုင် ညွှန်ချုပ်က ဒေါ်ကလင်တန်၏ အီးမေးဆာဗာကို စစ်ဆေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကိစ္စများမှာ အနှောက်အယှက်တွေ ရှိမရှိ စစ်ရန်ဖြစ်ကြောင်း သတင်းထုတ်ပြန်တယ်။ အဲသည် အောက်တိုဘာသတင်းဟာ ကလင်တန်အတွက် ပွဲသိမ်းပဲ။ မဲဆန္ဒရှင်တွေထဲက ဟိုလိုလို သည်လိုလိုတွေဟာ ကလင်တန်ကို မဲမပေးဖို့ အလားအလာများသွားသလို၊ ထရန့်ဘက်ကို ယိမ်းဖို့လည်း ပိုသာသွားတယ်။ ဒီလိုနဲ့ ထရန့်နိုင်သွားတယ်။

အောက်တိုဘာဆုံးဖြတ်ချက်လို့ သမိုင်းသမားတွေက ပြောလေ့ရှိတယ်။ ရွေးကောက်ပွဲတွေမှာ မမျော်လင့်တဲ့ အလှည့်အပြောင်းတွေဟာ အောက်တိုဘာမှာ ဖြစ်တတ်တယ်။ အဲသည်မှာ မဲဆန္ဒရှင်တွေ စိတ်ပြောင်းကြတယ်။ တွက်ကိန်းတွေ လွဲစေတဲ့ အောက်တိုဘာဆုံးဖြတ်ချက်ကို အားလုံး ရင်မကြတယ်လို့ ဆိုပါတယ်။ အောက်တိုဘာဖျက်မြင်းလို့ ပြောရင်လည်း ရမယ် ထင်တယ်။

အဲသည်မတိုင်ခင် ရှေ့ကအဖြစ်တွေထဲမှာ ရုရှား၏ သတင်းတုစစ်ဆင်ရေးတွေ၊ ဆိုရှယ်မီဒီယာပေါ်က သွေးထိုးလှုံဆော်မှုတွေ၊ တဖက်နဲ့ တဖက် အသရေပျက်အောင် သိက္ခာချအောက်လုံးထိုးတာတွေ၊ မျိုးချစ်စိတ်အစွန်းရောက် နဲ့ လက်ဝဲယိမ်း ပဋိပက္ခတွေ စသည်ဖြင့် အမျိုးမျိုးသော မဲဆန္ဒရှင်တွေကို ဦးတည်သော အတိုက်အခိုက် အဝေ့အဝိုက်တွေ ရှိပါတယ်။ ကလင်တန်ကို လူထုက မယုံကြည်မှု သံသယတွေလည်း တိုးလာနေသလို ထရန့်အပေါ်မှာလည်း လူတွေက စိတ်ချသက်ဝင်မှု မရှိကြပါဘူး။

အဓိကကတော့ သမတဖြစ်ချင်သူတွေက ကော်ပိုရေးရှင်းကြီးတွေ အရင်းရှင်ကြီးတွေ နိုင်ငံရေးဝါရင့်အံတိုနေသူတွေရဲ့ ကစားပွဲတွေ ပေါ်လစီတွေအောက်ကနေ ရုန်းထွက်နိုင်ခြင်း မရှိသလို၊ လူပြိန်းတွေကလည်း ပေါ်ပြူလာ အညှီအဟောက် အတုအယောင် သည်းထိပ်ရင်ဖို စိတ်ခံစားမှု စိတ်အလိုလိုက်မှုအောက်ကနေ ဖောက်မထွက်နိုင်ကြသေးပါဘူး။ ခေါင်းဆောင်တွေက မပြတ်သားတော့ နောက်လိုက်တွေထဲက လူပြိန်းတွေကလည်း ဝေလေလေဖြစ်နေခဲ့တဲ့ ရုပ်အဆိုးဆုံး ၂၀၁၆ အမေရိကန်သမတရွေးကောက်ပွဲလို့ ဆိုရမယ် ထင်ပါတယ်။

သည်လိုနဲ့ ခုချိန်ထိ ပဟေဠိဖြစ်နေတဲ့ အက်ဖ်ဘီအိုင်ကနေ ကလင်တန်ကို စုံစမ်းမယ်လို့ အောက်တိုဘာသတင်းလည်း ဖြစ်ကော ပွဲသိမ်းတာပဲ။ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အဆုံးအဖြတ်မှာ ထရန့်ကို လူတွေက မဲတင်းကုန်ပြီး ကလင်တန်ကို မဲလျော့သွားစေတယ်လို့ ဆိုချင်ပါတယ်။

တခြား ပညာရှိတွေ သုံးသပ်သူတွေ ကျွမ်းကျင်သူတွေက မီဒီယာကနေ ဆက်ပြီး အာပေါက်အောင် ထောင့်ပေါင်းစုံက ပြောကြ ဟောကြ စိစစ်ကြ ငြင်းခုံကြပါတယ်။ စာအုပ်တွေ ထုတ်ကြ ရောင်းကြ။ လုပ်ကြပါ ဆက်လုပ်ကြ။ ခုလည်း ဆက်လုပ်တုန်းပဲ။ ဘာကြောင့် ထရန့် နိုင်ရတာလဲ ပုဒ်မ မချနိုင်သေးဘူး။ အစိုးရနဲ့ လွှတ်တော်ကြားမှာလည်း စုံစမ်းစစ်ဆေးရေးတွေ ကော်မရှင်တွေ တရားစွဲထားတာတွေ အကျင့်ပျက်ခြစားမှုတွေ ဖော်ထုတ်အရေးယူနေတာတွေ သမတကို ဖြုတ်ချဖို့ လွှတ်တော်တင်တာတွေ စုံလို့ အခုထိ မီးခိုးကြွက်လျောက်နေတုန်း။ ကိုဗစ်ကြီး ကိုက်နေတာတောင် အမှုစုံနေတုန်းပါ။

သို့သော် အဲသည်တုန်းက လက်ငင်းအကြောင်းအရင်းက အောက်တိုဘာဆုံးဖြတ်ချက်ပဲ။ FBI ၏ ဝင်စွက်မှုသည် ကလင်တန်အတွက် ဂိတ်ဆုံးပိတ်ချက်ဖြစ်တယ်လို့ မိမိကတော့ မှတ်ချက်ပေးလိုပါတယ်။

ကဲ အခုလည်း ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲကလည်း မြန်မာပြည်ရွေးကောက်ပွဲလိုပဲ ရက် ၉၀ ကျော်သာ လိုပါတော့တယ်။ တိုင်းပြည်ကံကြမ္မာသည် ပြည်သူတို့၏ မဲလက်မှတ်ပေါ်မှာ တည်နေပါတယ်။ သို့သော် လူတွေစောင့်မျော်နေတာက လူပြိန်းတွေကို စိတ်ပြောင်းသွားစေနိုင်တဲ့ အောက်တိုဘာဆုံးဖြတ်ချက် အလှည့်အပြောင်းပဲ ဖြစ်ပါတယ်။ တစုံတခု ဗြုံးကနဲ ဒိုင်းကနဲ ထဖြစ်မလား ထပေါ်လာမလား။ ဒါဆို လူပြိန်းတွေ စိတ်ပြောင်းကုန်ကြမလား။ ဒါဆိုရင် အချီကြီး ချီထားတာတွေ ဇောက်ထိုးမိုးမျော်ကုန်မလား ဆိုပြီး ပညာရှိတွေက စောင့်ကြည့်နေကြပါသတဲ့။

မြန်မာပြည်ကတော့ ဩဂုတ်လဆန်းကတည်း လှုပ်နေတော့တာပါပဲ။ ယုံလား ယုန်လား ...