Breaking News

ခင်မျိုးချစ် - စိတ်အပြောင်းအလဲ




ခင်မျိုးချစ် - စိတ်အပြောင်းအလဲ

(မိုးမခ) ဩဂုတ် ၂၈၊ ၂၀၂၀
(အတွေးအမြင်မဂ္ဂဇင်း ကနေ ကူးယူဖော်ပြပါတယ်)


ကိုလတ်နှင့် သားလေး ခင်မောင်ဝင်းတို့သည် ဘုန်းကြီးကျောင်းတွင် ကိုရင်ဝတ်ခဲ့ပြီး အိမ်သို့ ပြန်လာကြပြီ ဖြစ်ပါသည်။ ယခု ကျွန်မတို့အတွက် ဘဝသစ် ထူထောင်ဖို့ အစပျိုးရပြန်ပါပြီ။ တက္ကသိုလ်မှ အလုပ်ထွက်ခဲ့ပြီး အလုပ်လုပ်ခဲ့သည့်အတွက် ဆုကြေးငွေဖြင့် တင်ခဲ့သော အကြွေးများကို ဆပ်နိုင်ခဲ့သည်။ အကြွေးများကို ဆပ်ခဲ့ပြီး အကြွေးမကျန်သကဲ့သို့ အိတ်ထဲတွင်လည်း ဘာမျှ မကျန်တော့ပါ။ နေစရာ အိမ်ကလေး ရှိနေသဖြင့် နေစရာအတွက် မပူရပါ။ လှည်းတန်းထိပ်ရှိ နေစရာ အိမ်ကလေးသည် အေးရိပ်သာ၏ အစဉ်အလာအတိုင်း ခေါင်က မိုးမလုံပါ။ ဒါကလည်း မဆန်းပါ။ အေးရိပ်သာမှ အမိုးကို လှည်းတန်း အိမ်အပေါ်မိုး ပြောင်းလိုက်ခြင်း ဖြစ်သောကြောင့် ဖြစ်ပါသည်။ ကျွန်မတို့အတွက် နေစရာတော့ မပူရပါ။ စားစရာအတွက်လည်း မပူရအောင် ရှာနိုင်မည်ဟု မျှော်လင့်ပါသည်။

လှည်းတန်းအိမ်တွင် ကျူရှင်ပေးရန် အခန်းလေးတခန်း တိုးချဲ့လိုက်ပြီး နောက်ဆုံးတွင် ငွေကျပ် တထောင် ကျန်သည်။ နောင်မသေချာသော အနာဂတ်အတွက် ဒါသည် အချမ်းသာဆုံး ဖြစ်ပါသည်။ ဒီအချမ်းသာဆုံးကို ဘာလုပ်လျှင် အကောင်းဆုံးဖြစ်မည်ကို စဉ်းစားသောအခါ အကောင်းဆုံးတခုကိုပဲ စဉ်းစားမိသည်။ ဤသည်ကား ဒါနပြုလုပ်ခြင်းပင် ဖြစ်သည်။ ကိုယ့်အတွက် လိုအပ်တာတွေ ဖြည့်နေလျှင် ဖြည့်လို့ပင် လောက်နိုင်မည်၊ ဆုံးနိုင်မည် မဟုတ်ပါ။

ဘောက်ထော်၊ စွန်းလွန်းဘုန်းကြီးကျောင်းတွင် ဆောက်လုပ်နေဆဲ ဓမ္မာရုံကို တွေ့ထားခဲ့သည်။ ထိုဓမ္မာရုံသည် ဆောက်လုပ်ဆဲ ဆိုသည့်အတိုင်း အလှူငွေများ ပြတ်သွား၍ ဆက်မဆောက်နိုင်သေးဘဲ ရပ်ထားရပါသည်။ ဘုန်းကြီးကျောင်းတွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်သည့်အခါတိုင်းတွင် ဓမ္မာရုံတွင် ပြုလုပ်ရခြင်းဖြစ်ရာ ၎င်းသည် အရေးကြီးဆုံးသော အဆောက်အအုံဟု ဆိုနိုင်ပါသည်။ ထိုဆောက်လုပ်၍ မပြီးသေးသော ဓမ္မာရုံတွင် ဘုန်းတော်ကြီးများသည် လုပ်ရမည့် တာဝန်များကို ထမ်းဆောင်နေကြသည်ကို ဖူးတွေ့ရပါသည်။ ဤကဲ့သို့သော အခြေအနေများကြားတွင် ဘုန်းတော်ကြီးများသည် ဒါနနှင့်ပတ်သက်သော တရားများကို ဟောကြားလေ့မရှိပါ။ သူတို့သည် တရားထိုင်ခြင်း၊ တရားကိုသာ အလေးပေး၍ ဟောကြားကြပါသည်။ ဘုန်းတော်ကြီးများက ဟောကြားသည်မှာ တရားအားထုတ်ခြင်းနှင့် ဒါနကုသိုလ် နှိုင်းယှဉ်လိုက်လျှင် တရားအားထုတ်၍ ရရှိသော ဝိပဿနာကုသိုလ်သည် စိန်၊ ရွှေ၊ ကျောက်သံပတ္တမြားများနှင့် တူ၏။ ဒါနကုသိုလ်သည် မြေမှုန့်လောက်သာ တန်ဖိုးရှိသည်ဟူ၍။

ဘုန်းတော်ကြီးများ ဟောကြားသော တရားအလိုအရ ကျွန်မတို့သည် စိန်၊ ရွှေ၊ ရတနာများကို မမက်မောဘဲ မြေမှုန့်ကလေးများကိုသာ မက်မောသောကြောင့် ဆရာတော်၏ ခြေရင်းတွင် ရှိစုမဲ့စု ငွေကျပ်တထောင်ကို ကပ်လှူပြီး ယခု ရပ်တန့်နေသည့် ဆောက်လုပ်ဆဲ ဓမ္မာရုံအတွက် သုံးရန် တောင်းပန်ခဲ့လေသည်။ ကျွန်မတို့သည် ကျွန်မတို့၏ အလှူငွေများကြောင့် ဓမ္မာရုံ ဆောက်လုပ်ခြင်းလုပ်ငန်းကို နေ့ချင်းညချင်း ဆက်လက်ခြင်းကို မြင်ရတော့မည့်ပမာ ခံစားမိပါသည်။ သို့သော် ဤသို့ မဟုတ်ပါ။ ကျွန်မတို့ လှူခဲ့ပြီး အတန်ကြာသောအခါတွင် နောက်ထပ် အလှူရှင်တဦးသည် ငွေကျပ် လေးသောင်း ထပ်မံ၍ လှူဒါန်းလိုက်သော အခါကျမှ ဓမ္မာရုံသည် အကောင်အထည်ပေါ်လာပါတော့သည်။ (ထိုအဖြစ်အပျက်သည် ၁၉၅၆ ခုနှစ်လောက်က ဖြစ်ခဲ့ခြင်းဖြစ်သည်ဟူသည်ကို စာဖတ်သူများအား သိစေလိုပါသည်။ ဘာသာပြန်သူ)

ဤဒါနကုသိုလ်သည် ကျွန်မတို့၏ ဘဝတွင် ကြီးကျယ်သော အပြောင်းအလဲကြီးတခု ဖြစ်ခဲ့ပါသည်။ ယင်း ကြီးကျယ်သော အပြောင်းအလဲကြီးမှာကား ရုပ်ဝတ္ထုအားဖြင့် မဟုတ်ဘဲ စိတ်ဓာတ်အားဖြင့် ဖြစ်ခဲ့ပါသည်။ ဤတကြိမ်တွင် ဒါနပြုလုပ်ခြင်းသည် တာဝန်အရ၊ လုပ်ရမည့် ဝတ္တရားအရ ဓလေ့ထုံးစံကို လိုက်၍ ပြုလုပ်ခြင်း မဟုတ်ပါ။ ဤဒါနသည် နှလုံးသားထဲမှ ပြုလုပ်ရန် လှုံ့ဆော်မှုကြောင့် ဖြစ်ပါသည်။ ကျွန်မတို့သည် ရှေးအခါက ပြောခဲ့ဖူးသည်မှာ ကျောင်း၊ ဇရပ် စသည်တို့ကို လှူဒါန်းခြင်းသည် ဂုဏ်အတွက်၊ ရှိုးအတွက်သက်သက် ဖြစ်သည်။ ဤကဲ့သို့ ပြောခဲ့သောသူများသည် ရှိစုမဲ့စုအားလုံးကို ပုံ၍ ကိုယ့်စိတ်အလိုကျ လှူခဲ့လေသည်။ ကျွန်မတို့၏ အလှူဒါနကို လက်ခံသော ဆရာတော် ဟောကြားသော တရားသည် ယခုထက်တိုင် မမေ့နိုင်သော တရား ဖြစ်ပါသည်။ ဆရာတော် အမိန့်ရှိသည်မှာ-

“လှူတဲ့အခါမှာ လူတွေ အချီးမွမ်းခံချင်လို့ မလှူနဲ့၊ သူများတွေက တိုက်တွန်းလို့လည်း လှူစရာ မလိုဘူး။ နောက်ပြီး တခုခု ပြန်လိုချင်လို့လည်း မလှူနဲ့၊ ဒီဘဝမှာပဲဖြစ်ြဖစ်၊ နောင်ဘဝမှာပဲဖြစ်ဖြစ် တခုခု ပြန်ရဖို့အတွက် မလှူနဲ့၊ အလှူဒါနကို ပြုလုပ်နေတဲ့အခါမှာ ဒီအလုပ်ကို လုပ်ခဲ့တဲ့အတွက် ကိုယ်ဟာ မြင့်မြတ်လိုက်တာ စသည်ဖြင့် မစဉ်းစားနဲ့။ မင်း လုပ်တဲ့ ကောင်းမှုကုသိုလ်တွေအတွက် ကိုယ့်ကိုယ်ကိုယ် အထင်မကြီးနဲ့။ ဒီကောင်းမှုကုသိုလ်တွေကြောင့် ဘယ်လို ချီးမွမ်းခံရမယ်၊ ဘယ်လို ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေ ရမှာပဲ ဆိုတာလည်း မတွေးနဲ့။ စိတ်ကို ပစ္စုပ္ပန်မှာပဲ ထားပါ။ ပစ္စုပ္ပန်တည့်တည့်ထားပါ။ အတိတ်ကိုလည်း မပြန်စေနဲ့။ အနာဂတ်ကိုလည်း မသွားနဲ့။ ပစ္စုပ္ပန်မှာပဲ ထားပါ။ ပစ္စုပ္ပန်တည့်အောင် စိတ်ကို ဘယ်လို ထားမလဲ။ လှူတဲ့အခါမှာ လှူဖွယ်ပစ္စည်းနဲ့ လက်နဲ့ ထိလိမ့်မယ်။ ထိတဲ့ခ့စားမှုအပေါ်မှ သိလိမ့်မယ်။ အဲဒီသိစိတ်အပေါ်မှာ သတိထား။ လောကီချမ်းသာ အကျိုးစီးပွားတွေကို မလိုချင်နဲ့။ လိုချင်ရမှာက အမှန်တရားကို သိဖို့၊ အမှန်တရားကို သိနိုင်တဲ့အဆင့်ကို ရောက်ဖို့၊ အဲဒါပဲ”

ကျွန်မသည် ဤကဲ့သို့သော တရားမျိုးကို မနာခဲ့ဖူးပါ။ ကျွန်မသည် နောင်ဘဝတွင် ချမ်းသာမည့် အကျိုးကျေးဇူး များကို ရရှိစေရန်အတွက် ယခုဘဝတွင် ဒါနကုသိုလ် စတာတွေကို လုပ်ရမည်ဆိုတဲ့ တရားမျိုးတွေကို ကြားရတာ တော်တော်ငြီးငွေ့လာပါပြီ။

စွန်းလွန်းကျောင်းက ဆရာတော်ကြီးသည် လည်းကောင်း၊ ကျွန်မတို့၏ မိတ်ဆွေ ဘုန်းကြီးနှစ်ပါး၊ ဦးပဉ္စင်း ဦးဝိနယနှင့် ဦးပဉ္စင်း သာသနဝိသုဒ္ဓိတို့သည် လည်းကောင်း ရှေးဘဝအကြောင်းနှင့် နောင်လာမည့် ဘဝတို့အကြောင်းကို လုံးဝ မပြောကြချေ။ သူတို့က စိတ်ကို ပစ္စုပ္ပန်တည့်တည့်ထားဖို့ကိုသာ ဟောကြားကြသည်။ သူတို့က ဟောကြားသည်မှာ—

“အခုဘဝ၊ အခုပစ္စုပ္ပန်မှာပဲ အမှန်တရားကို သိအောင်၊ မြင်အောင် ကြိုးစားအားထုတ်ပါ။ အားထုတ်တဲ့နည်း ကတော့ တရားပြတဲ့ ဆရာသမား ပြောတဲ့အတိုင်း တသဝေမတိမ်း လုပ်ဖို့ပဲ။ တိုတိုနဲ့ လိုရင်း ပြောရရင် ရှု၊ ဝေဒနာလိုက် ဒါပါပဲ။ ဒါက ရိုးရိုးလေး၊ ရှင်းရှင်းလေး မကွေ့မကောက် တည့်တည့်ပဲ”

အားထုတ်တဲ့နည်းကတော့ ဒါပါပဲ။ ကိုယ်က လုပ်ဖို့ပဲ လိုတာပါ။

ကျွန်မတို့သည် လမ်းမှန်ပေါ် ရောက်ပြီဟု ယုံကြည်လျှင် ယုံကြည်သည့်အတိုင်း ဆက်လျှောက်ရန်သာ ရှိတော့သည်။ နောက်ဆုံး လိုရာပန်းတိုင်ကို ရောက်အောင် ဆက်လျှောက်သောနည်းမှာ ဘုန်းကြီးကျောင်းတွင် အားထုတ်သည့်အတိုင်း အိမ်တွင်လည်း အားထုတ်ရန် ဖြစ်သည်။ သားလေး ခင်မောင်ဝင်းက သူ တရားထိုင်သည့်အတွက် စာကျက်ရာတွင် ပို၍ စိတ်ငြိမ်၍ သမာဓိရလာသည်ဟု ဆိုသည်။ ကျွန်မအနေနှင့် သိသာထင်ရှားလာသည်မှာ ကျန်းမာရေးသည် များစွာ တိုးတက်လာသည်ဟု ဆိုနိုင်ပါသည်။ ကျွန်မတို့က စဉ်းစားသည်။ ဒါဆိုရင် တရားထိုင်ဖို့အတွက် ဘုန်းကြီးကျောင်းကို သွားဖို့ လိုသေးသလား၊ အိမ်မှာ ထိုင်လို့ မရနိုင်ဘူးလား။ တရားပြသော ဘုန်းကြီးများက ဘုန်းကြီးကျောင်းကို လာမှ ဖြစ်မည်ဟူ၍ မဆိုကြပါ။ အိမ်မှာလည်း ထိုင်နိုင်သည့်သဘော နားလည်ပါသည်။ ထို့ကြောင့် ကျွန်မတို့သည် အိမ်မှာနေရင်း တရားထိုင်ရန် ကြိုးပမ်းကြပါသည်။

ဘုန်းကြီးကျောင်းသို့ မသွားဘဲ အိမ်မှာ တရားထိုင်ခြင်းကြောင့် တစ်ခုတော့ သိရပါသည်။ သိရသောအရာမှာ ကျွန်မတို့အဖို့ ကိုယ့်ကိုယ်ကိုယ် အထင်သေးစရာ ဖြစ်ပါသည်။ ကျွန်မတို့သည် ဟန်ဆောင်တတ်သူများ၊ ကိုယ့်ကိုယ်ကိုယ် လိမ်ညာတတ်သူများ ဖြစ်သည်ကို ထင်ထင်ရှားရှား တွေ့ရပါသည်။ ကျွန်မတို့သည် တရားစောင့်သောပုဂ္ဂိုလ် မရှိသည့်အတွက် ဝင်သက် ထွက်သက်၊ ရှူသွင်း ရှူထုတ်သော အလုပ်ကိုပင် ကောင်းကောင်းမလုပ်နိုင်ကြပါ။ တစ်နေ့လျှင် ဆယ်မိနစ်ပင်လျှင် ရအောင် မထိုင်နိုင်ကြပါ။ ကျွန်မတို့၏ စိတ်ထဲတွင် ဒါထက်တော့ ပို၍ ထိုင်နိုင်ရမည်ဟု ခံစားမိပါသည်။

ကျွန်မတို့ ငယ်စဉ်အခါက ဘုန်းတော်ကြီးများက ဥပုသ်နေ့များတွင် ဥပုသ်စောင့်ခြင်းနှင့် အခြား ကုသိုလ်ကောင်းမှုများကို လုပ်ရန် တိုက်တွန်းကြသည်။ ထိုအခါတွင် ကျွန်မတို့အနေဖြင့် ဤကဲ့သို့ ပြုလုပ်ခြင်းသည် ကျွန်မတို့အတွက် အကျိုးရှိသည်ဟု မယုံချင်သော်လည်း ယုံသကဲ့သို့ ပြုကျင့်ခဲ့ရပါသည်။ ယခုအခါတွင် တရားထိုင်သောအလုပ်ကို မှန်မှန်လုပ်ရန် ဤကဲ့သို့ မှန်မှန်လုပ်ခြင်းသည် ကျွန်မတို့၏ အကျိုးအတွက်ဟူ၍ ဆိုကြသည်။ ဒီအကြိမ်တွင် ငယ်စဉ်ကနှင့် မတူသည်မှာ ယခု တရားထိုင်သည့်အလုပ်သည် ကျွန်မတို့အကျိုးအတွက် ဖြစ်ခြင်းကို လက်တွေ့အားဖြင့် မယုံမနေ ယုံရပါသည်။ တရားထိုင်သည့်အချိန်နှင့် တရားမထိုင်သည့်အချိန်များသည် ကိုယ် စိတ် နှလုံးတို့အားဖြင့် ကွာြခားမှုမှာ သိသာထင်ရှားပါသည်။ အလုပ်လုပ်သည့်အခါတွင်လည်း တရားမှန်မှန်ထိုင်နေသည့်အချိန်နှင့် တရားမှန်မှန် မထိုင်သောအချိန်တို့တွင် များစွာ ကွာခြားပါသည်။ ဤကဲ့သို့သော လက်တွေ့ဘဝတွင် ဖြစ်နေသော်ငြားလည်း ကျွန်မတို့သည် တရားမှန်မှန် ထိုင်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းမလုပ်နိုင်ပါ။ တရားထိုင်သည့်အချိန်များတွင် ညောင်း မပြင်နဲ့၊ ယား မကုတ်နဲ့၊ ငြိမ်ငြိမ်နေ၊ မျက်စိဖွင့်မကြည့်နဲ့ ဟူသော စည်းကမ်းများကိုလည်း လိုက်နာရန် ပျက်ကွက်ပါသည်။ သို့သော် ကျွန်မတို့သည် နှစ်ဦးသဘောတူ တခုကိုတော့ ဆုံးဖြတ်ချက်ချနိုင်ပါသည်။ ၎င်းမှာ တပတ်လျှင် တရက် ဘုန်းကြီးကျောင်းသို့ မပျက်မကွက်သွားရန် ဖြစ်ပါသည်။

ဤသည်ကား ကျွန်မတို့၏ဘဝတွင် အခန်းသစ်တခုကို စတင်လိုက်ခြင်း ဖြစ်သည်။ ယခုသည် ကျွန်မတို့၏ ငြိမ်းချမ်းရေးရှာပုံတော်ခရီးကို စတင်ခြင်း ဖြစ်သည်။ ထိုအချိန်မှစတင်၍ ကျွန်မသည် တနေ့ပြီး တနေ့ ရုပ်ဝတ္ထုအားဖြင့် လည်းကောင်း၊ စိတ်အားဖြင့် လည်းကောင်း ရုန်းကန်မှုတို့ကို တနေ့ တမျိုး ကြုံရပါသည်။ ဤကဲ့သို့ ရုန်းကန်ရသည့်အဆုံးတွင် ငြိမ်းချမ်းရေးကို ရလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် တရားကို ကြိုးစားအားထုတ်နေခြင်း ဖြစ်ပါသည်။

ကိုလတ်သည် သူ၏ ကိုယ်ပိုင်သင်တန်းများကို တပတ်လျှင် တရက် အားလပ်အောင် စီစဉ်ပေးသည်။ ထိုနေ့မှာ တနင်္လာနေ့တိုင်း ဖြစ်ပါသည်။ ထို့ကြောင့် တနင်္လာနေ့ကို ဘုန်းကြီးကျောင်းသို့ တရားသွားထိုင်သည့်နေ့ဟု သတ်မှတ်နိုင်ပါသည်။ အစပိုင်းတွင် တရား တချိန် ထိုင်ကြပါသည်။ နောက်ပိုင်းတွင် တနင်္လာနေ့တိုင်း အိမ်မှ စောစောထွက်ခြင်းဖြင့် တရား နှစ်ချိန် ထိုင်နိုင်ကြပါသည်။ ထို့ကြောင့် တနင်္လာနေ့တိုင်း ဘုန်းကြီးကျောင်းတွင် တနေ့လုံးနီးပါး နေဖြစ်သွားပါသည်။

ဤကဲ့သို့ တနင်္လာနေ့တိုင်း ဘုန်းကြီးကျောင်းသို့ တရားသွားထိုင်ခြင်း၏ ကျေးဇူးကြောင့် ထိုနေ့အဖို့ အခြားသော လောကီကိစ္စများကို ဖြတ်ထားနိုင်ပါသည်။ ဤနည်းသည် ဆရာဝန်က ပြဋ္ဌာန်းသည့်အတိုင်း လုံးဝဥဿုံ အနားယူခြင်းနှင့်လည်း ကိုက်ညီနေပါသည်။ ကျွန်မတို့သည် တပတ်လုံး ပင်ပန်းထားသည့်အခါ တနင်္လာနေ့ကိုပင် မျှော်လျက်ရှိကြပါသည်။ တနင်္လာနေ့တွင် ဘုန်းကြီးကျောင်းတွင် တစ်ရက် တရားအားထုတ်ပြီးတိုင်း နောက်တပတ်အတွင်း အရာရာကို ရင်ဆိုင်ရန် အင်အားများ အပြည့်ဖြင့် အိမ်သို့ ပြန်လာနိုင်ပါသည်။


(ဒေါ်ခင်မျိုးချစ်၏ QUEST FOR PEACE မှ A CHANGE OF HEART ကို ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)က ဘာသာပြန်သည်။)