Breaking News

မောင်ရစ် - ကျနော်တို့ရဲ့ ဘဘကြီး (၂)

U Khin Maung Latt, Maung Yit, Tetkatho Shwe Yi Win, Junior Win, Daw Khin Myo Chit (1981)



မောင်ရစ် - ကျနော်တို့ရဲ့ ဘဘကြီး (၂)

(အတွေးအမြင် မဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၂၀ ထုတ်)
(မိုးမခ) ဩဂုတ် ၃၀၊ ၂၀၂၀

ကျနော်တို့၏ ဘဘကြီး ဆိုတာ ဘဘဦးခင်မောင်လတ်ကို ဆိုလိုပါတယ်။ ကျနော်အဖိုး အင်္ဂလိပ်စာဆရာ ကြီး၊ အဖွား စာရေးဆရာမကြီး ဒေါ်ခင်မျိူးချစ် ခင်ပွန်း။ အခုလို မိတ်ဆက်ပေးနေရတာက သူတို့တွေက မရှိကြတော့ဘူး။ ကွယ်လွန်သွားပါ ပြီ။ နှောင်းလူတွေလည်း သိဖူးကြားဖူးကြမယ် မဟုတ်တော့ဘူး။ သည်တော့ စာဖတ်သူတွေက အော် … သူတို့တွေလား၊ ကြားဖူးသလိုလိုပဲ၊ ဆက်ဖတ်ဦးမှ ဆိုတဲ့ စိတ်ကလေးဖြစ်အောင် ရေးရတာပေါ့။

သူတို့က ၁၉၁၅ မှာ မွေးပါတယ်။ အများသိကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မွေးနှစ်ချင်း တူကြပါတယ်။ သူတို့တွေက ထိုစဉ်တုန်းက ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှုမှာ မိတ်ဆွေတွေအဖြစ် နောက်ကနေ ထမင်းအိုးထမ်း ဟင်းအိုးထမ်း ပါဝင်ပတ်သက်ခဲ့ကြပါတယ်။ နောက်တော့ အဖိုးက ၁၉၉၆ ဩဂုတ်လ ၁ ရက်မှာ ကွယ်လွန်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၁ နှစ် ရှိပါ ပြီ။ အဖွားကတော့ ၁၉၉၉ မှာ ကွယ်လွန်ပါတယ်။ သူတို့ မရှိတော့ပါဘူး။

အဖွားအကြောင်းကိုတော့ ကျနော်တို့ရဲ့ မေမေကြီးဆိုပြီး ရေးဖူးတယ်။ အဲသည်စာကို အတွေးအမြင်ကိုသာ အရင်ပေးဖြစ်ခဲ့ရင် မေမေကြီးမဆုံးခင် ပုံနှိပ်အဖြစ်ပါ ပြီး မေမေကြီး ဖတ်သွားရမှာ။ သို့သော် ကျနော်က အခြားမဂ္ဂဇင်းကို သွားပေးမိတော့ မေမေကြီးကွယ်လွန်မှပဲ စာမူရွေးချယ်ဖော်ပြခံရတယ်။ ဒါနဲ့ နောက်ဆိုရင် စာမူကို အတွေးအမြင်ကိုပဲ ပို့ပါတော့တယ်။ ' ကျနော်တို့ရဲ့ ဘဘကြီး ဆောင်းပါး' ကိုတော့ ဘဘကြီး ကွယ်လွန်ပြီးမှပဲ ရေးပါတယ်။ အတွေးအမြင်မှာ ဖော်ပြခြင်း ခံရတယ် (ထင်ပါတယ်)။ အခုဒီတပုဒ်က ထပ်ရေးတာပါ။

ဘဘကြီးက မေမေကြီးနဲ့ မတူပါဘူး။ စာရေးဆရာမကြီး ဒေါ်ခင်မျိူးချစ်က စွာတယ် ထက်တယ်။ အင်္ဂလိပ်စာဆရာ ကြီး ဦးခင်မောင်လတ်က အေးတယ်၊ ငြိမ်းချမ်းပါတယ်။ ကိုလိုနီခေတ်နဲ့ ဂျပန်ခေတ်မှာတော့ သူတို့တွေ မိတ်ဆွေတွေနဲ့ နိုင်ငံရေးတွေ ဘာတွေ လုပ်ကြပါတယ်။ လွတ်လပ်ရေးရပြီးတော့လည်း တော်လှန်ရေးကောင်စီလက်ထက်မှာ သတင်းစာဆရာတွေ ဘာတွေ လုပ်ပါတယ်။ နောက်တော့ သူတို့အသက် ၅၃ နှစ် ကျော် (၁၉၆၈ ခန့်လောက်ကစပြီး) အဲဒါတွေက အနားယူပြီး စာရေးဆရာ ကျောင်းဆရာပဲ လုပ်ကြတော့တာပဲ။ သို့သော် သူတို့တွေ မဆလခေတ်ဆိုတဲ့ တပါတီအာဏာရှင်အောက်မှာ အနှစ် ၂၀ လောက်ပဲ နားနေခွင့်ရတယ်။ ၁၉၈၈ အရေးတော်ပုံ (သူတို့အသက် ၇၃ နှစ်) မှာ အရေးတော်ပုံကြီးဘက်က ရပ်တည်တဲ့ အဖိုးကြီးအဖွားကြီးတွေ ဖြစ်ပြန်ရတာပဲ။ သည်လိုနဲ့ နောက် ၁၀ နှစ်လောက်မှာ သူတို့တွေ ကွယ်လွန်ကြပါတယ်။

ဒါက သူတို့ဖြတ်သန်းခဲ့တဲ့ ကာလတွေကို အနှစ်ချုပ်တာပါ။ ဘဘကြီးက အသက် ၅၀ ကျော်မှာ အင်္ဂလိပ်စာအတတ်သင် အလွတ်ကျောင်းဆရာအဖြစ် အောင်မြင်နေပါ ပြီ။ မေမေကြီး၏ မြန်မာ ပြည်အကြောင်း အင်္ဂလိပ်ဘာသာ ဖြင့် စာအုပ်တွေကို ထုတ်ဝေ ဖြန့်ချိပါတယ်။ ကိုယ်တိုင်လည်း အစိုးရကျောင်းတွေက စာ ကြည့်တိုက်တွေကို ကိုယ်တိုင်သွားပြီး ရောင်းပါတယ်။ လှည်းတန်းထိပ်က အမှတ် ၅ အောင်ချမ်းသာလမ်းမှာ သွပ်မိုးဓနိကာ ကျုရှင်ကျောင်းလေးမှာ မိတ်ဆွေ စာရေးဆရာ ထင်လင်း၊ တောင်တွင်းကိုကိုကြီးတို့နဲ့ တွဲပြီး စာသင်ပါတယ်။ နောက်တော့ ဘဘဦးထင်လင်းနဲ့ ဘဘကြီးတို့ပဲ စာဆက်သင်ကြပါတယ်။ ကျောင်းလခက သူတို့တလျောက်လုံး တလကို ငွေကျပ် ၁၀ အများဆုံး ယူတာ တွေ့ဖူးပါတယ်။ ဒါနဲ့ပဲ မိသားစုတွေ အဆင်ပြေကြတာပဲ။ ကျနော်တို့ မြေးတွေကြီးပြင်းသည်အထိ စာသင်ပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တယ် လို့ ဆိုနိုင်ပါတယ်။

ဘဘကြီးက အင်္ဂလိပ်စာကျူရှင်မှာ အတန်းစာတွေ သင်တာ မဟုတ်ပါဘူး။ မေမေကြီး စာအုပ်တွေကို ပြန်သင်ပေးတာပါ။ ပြီးတော့ သူကိုယ်တိုင်ပြုစုတဲ့ အီဒီယံအသုံးတွေ အက်ဆေးတွေ အခြားကောက်နုတ်ထားတဲ့ ဆောင်းပါးတွေကို သင်ပေးတာပါ။ စစချင်းတုန်းကတော့ အတန်းစာတွေ သင်ခဲ့သော်လည်း နောက်တော့ အလွတ်စာသင်ကျောင်းပဲ လုပ်ပါတယ်။ တလကို ငွေကျပ် ၁၀ ကျူရှင်ခဆိုတာကလည်း ကျောင်းသားတွေ ပေးမှ ယူတာပါ။ ကျောင်းသားက ကျောင်းတက်ချင်လို့ မှတ်ပုံတင်တဲ့အချိန်မှာ ဘဘကြီးတို့က ပြောထားပြီးသားပါ။ မပေးနိုင်လည်း တက်လို့ရတယ်၊ ပြီးတော့ အပေါက်၀ကနေ လူစာရင်းစစ်နေတာလည်း မရှိပါဘူး။ ကျောင်းသားကဒ်ပြပြီး ဝင်ရတယ်လည်း မရှိပါဘူး။ ကျနော်လည်း အလယ်တန်းကျောင်းသားဘ၀ကတည်းက ဘဘကြီးဆီမှာ ကျူရှင် အားတိုင်း (အခမဲ့) ဝင်တက်ပါတယ်။ ပျော်ပါတယ်။ အလွှာပေါင်းစုံက အရွယ်ပေါင်းစုံ မိတ်ဆွေတွေ တိုးပါတယ်။ ဆယ်ကျော်သက်ကနေ လူကြီးတွေ ဝန်ထမ်းတွေအထိ အတူအတူတက်ကြတာကိုး။

သည်လိုနဲ့ ၈၈ မဖြစ်ခင်မှာ မဆလပါတီက ဥက္ကဌကြီး ဦးနေဝင်း တချက်လွှတ်အမိန့်နဲ့ ကျူရှင်ဥပဒေပြဌာန်းပါတယ်။ မြန်မာ ပြည်မှာက ကျူရှင်တွေ ခေတ်စားတော့ ကျူရှင်လုပ်ငန်းတွေကို နှိပ်ကွပ်တဲ့ ဥပဒေထုတ်ပြန်တာပါ။ နှိပ်ကွပ်တယ်လို့ သုံးရတာက မြန်မာ ပြည်မှာက အတန်းကျောင်းစာတွေမှာ သင်နေတဲ့ ကျောင်းသားတွေမှာ အစိုးရစစ်စာမေးပွဲတွေ အောင်မြင်ဖို့ ကျောင်းသင်နဲ့တင် မလုံလောက်လို့ အပြင်က ကျူရှင်တွေလည်း အားကိုးရပါတယ်။ ဒါကို ကျူရှင်တွေ ကျူရှင်ဆရာတွေက အရင်းရှင်ကြီးတွေလို အမြတ်ထုတ်သူတွေ စီးပွားရေးသောင်းကျန်းသူတွေလို သတ်မှတ်ပြီး ဖိနှိပ် ကန့်သတ်တာတွေ လုပ်တာပါ။ ကျူရှင်လစာကိုလည်း တလ ၁၀ ထက် မပိုရဆိုလား၊ ခမ်းမထဲမှာ လူ ဘယ်လောက်ပဲ ဘယ်လို အကျယ်အဝန်းနဲ့မှ သင်ရမယ် ဆိုလား။ ဆင်းရဲတဲ့ တိုင်းပြည်မှာ ဖြစ်တဲ့နည်းနဲ့ စာသင်နေတာကို ချုပ်ချယ်တာဟာ ကျူရှင်လုပ်ငန်းတွေကို တရားမဝင်ဖြစ်အောင် လုပ်တာ ဖြစ်ပါတယ်။

အဲသည်လို လုပ်လိုက်တော့ ထင်ထင်ပေါ်ပေါ် ကျူရှင်တွေအားလုံး မြေအောက်ထဲ လျိုးကုန်ကြပါတယ်။ အခု ခင်ဗျားတို့ ကြားဖူး သိဖူးတဲ့ ဝိုင်းတွေ စာကျက်ဝိုင်း တဦးချင်း စာကျက်ပေးတဲ့ ဂိုက်တွေ ပေါ်လာပါတော့တယ်။ စျေးတွေကလည်း မှောင်ခိုစျေး ဖြစ်ကုန်တော့ သာမန်ကလေးတွေ အပြင်ကျူရှင်မှာ ပေးနေကျထက် အဆ ရာချီပြီး စျေးတွေ ကြီးမြင့်ကုန်ပါတယ်။ ပေးတဲ့ဆေးဟာ ဘေးဖြစ်ပြီး ပညာရေးအလုပ်တွေ ကမောက်ကမ ဖြစ်ရပါတယ်။

အဲသည်တုန်းက ဘဘကြီးက ဦးနေဝင်းဆီ စာရေးပါတယ်။ ပြည်သူတွေဆီ ကျောင်းဆရာ ကျုရှင်ဆရာတွေဆီလည်း ဖြန့်ချိပါတယ်။ ကျူရှင်ဥပဒေကို ရပ်ဆိုင်းဖို့၊ သက်ညှာစွာ အရေးယူဖို့၊ အထက်က ပြောသလို သဘာ၀မကျတဲ့ အချက်တွေကြောင့် စျေးအဆမတန်ကြီးပြီး လူကုန်တန်တွေပဲ တတ်နိုင်တော့တဲ့ ဝိုင်းကျူရှင်တွေ ပေါ်လာတာကြောင့် အခြေခံလူတန်းစားတွေ သာမန်ကျူရှင်ဆရာတွေ နစ်နာရကြောင်း တင်ပြရေးသားပါတယ်။ သည်လိုနဲ့ ကျူရှင်ဥပဒေက တိုးလို့တန်းလန်း၊ ဝိုင်းတွေ ကြေးတန်းမြင့်ကျူရှင်စီးပွားရေးလုပ်ငန်းတွေကပဲ အသွင်ပြောင်း ကြီးပွားသွားတာပဲ အဖတ်တင်သွားပါတော့တယ်။

ဒါက ဘဘကြီးအကြောင်း ရေးကြတဲ့အခါ ၈၈ အရေးတော်ပုံမှာ သမတဒေါက်တာမောင်မောင်ဆီကို ဘဘကြီးနဲ့ မေမေကြီးက ပေးစာရေးပြီး ဒီမိုကရေစီအရေးတော်ပုံကို တန်ဖိုးထားဖို့ မနှိမ်နင်းဖို့ မေတ္တာရပ်ခံစာရေးခဲ့ကြတာကိုပဲ သမိုင်းမှာ မှတ်တမ်းထုတ်ကြတာ အများစုဖြစ်နေတော့ သည်ကျူရှင်ဥပဒေတုန်းက ဘဘကြီး ကြိုးစားခဲ့တာလေးကို အခု ထည့်သွင်း ဖြည့်စွက်ရတာ ဖြစ်ပါတယ်။

ဘဘကြီးက အရေးအခင်းဖြစ်သည့်အချိန် အသက် ၇၀ ကျော်အထိ မိမိတို့အိမ် ပြည်ရိပ်သာ (လိုင်းပေါက်မှတ်တိုင်) ကနေ လှည်းတန်းကို ဘတ်စကားတမှတ်တိုင်စာ ကိုယ်တိုင် လမ်းလျောက်ပြီး ကျူရှင်အလုပ်ကို သွားပါတယ်။ နောက်ကျမှ ကားငှားပြီး ကျောင်းဆင်းကျောင်းတက်လုပ်တာပါ။ မနက် ၂ ချိန် ည ၂ ချိန် စာသင်ပါတယ်။ ညဆို ၈ နာရီလောက်မှ ပြန်တယ် ထင်ပါတယ်။ ဘဘကြီးကို ကြိုပို့လုပ်တဲ့ တပည့်ကြီးတွေလည်း အမြဲရှိပါတယ်။ ဘဘကြီးက ထီးကောက်ကြီး တဒေါက်ဒေါက်နဲ့ တပည့်တွေရဲ့ ပုခုံးကို လက်တဖက်ကနေ ကိုင်လို့ သွားတာပဲ။ အဲသည်ထဲမှာ အမှတ်အရဆုံးက ဦးမြကြိုင်ပါ။ အခုတော့ ဦးမြကြိုင်လည်း ဘဘကြီးလိုပဲ ဆရာ ကြီး ဦးမြကြိုင် ဖြစ်နေပါ ပြီ။

ဘဘကြီးက လမ်းမှာ တွေ့တဲ့ အားနည်းသူ ချို့တဲ့သူတွေကို မုန့်ဖိုး ပဲဖိုးပေးဖို့ အမြဲတန်း ငွေအကြွေ ကျပ်တန်တွေ အမြဲ တိုက်ပုံထဲမှာ ထည့်သွားလေ့ရှိပါတယ်။ သူသိတဲ့ မှတ်ထားတဲ့သူတိုင်း မုန့်ဖိုးတွေ လမ်းတလျောက် ထုတ်ပေးတာပဲ။ ဘဘကြီးက အမြဲပြုံးပြီး လူတိုင်းကို နှုတ်ဆက်တာပါပဲ။ အဲသည်တုန်းက လှည်းတန်းညနေခင်းတွေဟာ ဘဘကြီးနဲ့အတူ အလွန်ငြိမ်းချမ်း အေးမြတယ်လို့ ကျနော်ကတော့ အမြဲအမှတ်ရမိနေပါတယ်။

ဘဘကြီးက အသက်ကြီးလာတော့ အရေးအခင်းနောက်ပိုင်းမှာ အိမ်မှာပဲ အင်္ဂလိပ်စာသင်ပါတယ်။ ရှိတ်စပီးယားသင်တာ များပါတယ်။ မေမေကြီးနဲ့အတူ သင်ပေးတာပါ။ သင်ယူသူလည်း သိပ်မများတော့ပါ။ တယောက်ကို ငွေကျပ် ၁၀၀ လောက်တော့ ယူတယ် ထင်ပါတယ်။ သိပ်အများကြီးမဟုတ်ပါ။ စနေ တနင်္ဂနွေနေ့တွေ သင်တယ် ထင်ပါတယ်။ နေ့ခင်းဆိုရင်တော့ ဘဘကြီးက တရေးတမော အိပ်ပါတယ်။ ဒါပေမယ့် ဘဘကြီးက ဟိုးတုန်းကတည်း အိပ်ရာမဝင်ခင် မှာနေကျ စကားရှိပါတယ်။ အိမ်ခြံတခါး၀မှာ သူ့ဆီက အကူအညီလိုအပ်လို့ လာတောင်းသူ ရောက်လာရင် သူ့ကို နှိုးပါ … တဲ့။ သူအိပ်နေလို့ အဲသည်လူ ပြန်သွားရမှာကို စိုးပါတယ်။ သူအိပ်ရာက ထပြီး တွေ့မယ်၊ နားထောင်မယ်၊ အကူပေးဖို့ ကြိုးစားမယ်လို့ အမြဲ အဆင်သင့်ဖြစ်နေသူ ဖြစ်ပါတယ်။ တခါတလေတော့လည်း ဘဘကြီးဆီက မုန့်ဖိုးတစုံတရာ လာတောင်းသူမျိုးတွေလည်း ခြံ၀မှာ ရောက်လာလေ့ရှိပါတယ်။ ကျနော်ကတော့ ကလေးသဘာ၀တုန်းက မကြိုက်ပါ။ အဖိုးကိုလည်း နိူးမပေးချင်ပါ။ သို့သော် အသက်ရလာတော့ သူတို့ကိုလည်း နားလည်လာပါတယ်။ ဘဘကြီးကိုလည်း သဘောပေါက်လာပါတယ်။ ကျနော့်ဘ၀မှာ အဲသည်လို ဘဘကြီးလိုမျိုး သူများအတွက် အဆင်သင့်ဖြစ်နေဖို့ အကူအညီပေးဖို့ မလစ်ဟင်းစေဖို့ စေတနာ ဆန္ဒ ထာ၀ရရှိနေ ထက်သန်နေသူမျိုးသာ ဖြစ်ချင်ပါတော့တယ်။

ကျနော်တို့တတွေလည်း တခါတလေမှာ စိတ်ပျက်အားငယ်မှုတွေနဲ့ ရင်ဆိုင်ရပါတယ်။ ဆုံးရှုံးမှုတွေလည်း တွေ့ရပါတယ်။ အဲသည်အခါ ရှေးက လူကြီးတွေအကြောင်းကို ပြန်ပြောင်းစဉ်းစားရပါတယ်။ ခွန်အားဖြစ်အောင် ပြန်မွေးရပါတယ်။ ဘဘကြီးရဲ့ မြေးတယောက် စာသင်သားတပည့်တယောက် ဖြစ်ခွင့်ရတာ အရတော်လိုက်တာ လူဖြစ်ရကျိူး နပ်လိုက်တာလို့ပဲ တွေးမိပါတယ်။ တပည့်သားမြေးတွေအပေါ် ချစ်ခင်မေတ္တာ စေတနာ မပျက်တဲ့ ကျောင်းဆရာတယောက် အဖိုးတယောက်ကို ကြုံဆုံခွင့်ရတဲ့အတွက် နစ်သိမ့် ငြိမ်းချမ်းအေးမြမှုသာ ရပါတယ်။ ပူလောင်မှု တခုမျှ မရရှိခဲ့ပါ။

ဘဘကြီး၏ တပည့်တွေနဲ့ တွေ့ကြုံတိုင်းလည်း စိတ်ချမ်းသာမှုတွေပဲ ရပါတယ်။ မင်းအဖိုးတပည့်ကွ လို့ ပြောတဲ့ လူကြီး လူငယ်တွေဟာ ကျနော်ရဲ့ မိသားစုဝင်တွေလိုပဲ။ သူတို့တွေ ဘဘကြီး၏ မေတ္တာစေတနာကို ခံစားနားလည်ဖူးသူတွေလို့ ကျနော်က သဘောထားပါတယ်။ ဘဘကြီး မေမေကြီး ကျေးဇူးနဲ့ သူ့မိတ်ဆွေ ပရိသတ်တွေ၏ စောင့်ရှောက်ဖေးမမှုကိုလည်း ကျနော်အမြဲရရှိပါတယ်။ ပြည်ပတိုင်းပြည်တွေကို ထွက်လာတော့ ထိုင်းသံရုံးက မြန်မာအရာရှိတဦးက သူဟာ ဘဘကြီးတပည့်ဖြစ်ကြောင်း၊ ဘဘကြီးကို သတိရချစ်ခင်ကြောင်း ပြောပါတယ်။ ကျနော်အတွက် အားဆေးဖြစ်ပါတယ်။ တစိမ်းတွေ အေးစက်သူတွေ အမုန်းတရားကြီးမားသူတွေ မငြိမ်းချမ်းမှုတွေ ရုန်းကန်တိုက်ပွဲတွေနဲ့ ကျနော်တို့မှာ အဲသည်လို ဘဘကြီးအကြောင်းစဉ်းစားလိုက်ရင်း ဘဘကြီးနဲ့ ကြုံဆုံခဲ့သူတွေအကြောင်းပြုလိုက်ရင်း အေးချမ်းတဲ့ အရိပ်အာဝါသကို သတိရခြင်း အောက်မေ့ခြင်းနဲ့အတူ လန်းဆန်း အားတက်ခြင်းတွေ ဖြစ်ရပါတယ်။

ဘဘကြီး မေမေကြီးတို့ မရှိတော့တဲ့နောက်မှာ သူတို့ မိတ်ဆွေတွေရဲ့ စောင့်ရှောက်မှု ဖေးမမှုတွေနဲ့ပဲ ကျနော်လည်း မိုးမခမီဒီယာဆိုတဲ့ စာပေလုပ်ငန်းလေးတခု လုပ်ဖြစ်ခဲ့ပါတယ်။ အဲသည်မှာ ဘဘဦးတင်မိုး၊ ဘဘမောင်စွမ်းရည်၊ အန်တီ မာမာအေး၊ ကြေးမုံဦးသောင်း၊ ဆရာမောင်သာရ၊ ဆရာဦးဝင်းဖေတို့က ကျနော်တို့ကို စောင့်ရှောက်ကြတာ ကျနော့်ကြောင့်မဟုတ်ပါ။ ဘဘကြီး မေမေကြီးတို့၏ မျိူးဆက်လေးကို ချစ်ခင်သောစိတ်ဖြင့် ဖေးမခြင်းဖြစ်တယ်လို့ ခံယူပါတယ်။ သည်အတိုင်းပဲ ကျနော်ကြုံတွေ့ရသော လူကြီးတွေဖြစ်သော ဦးကြည်မောင်၊ သခင်အုန်းမြင့်၊ ဦးမိုးဟိန်း (သားဂျာနယ်ကျော်)၊ ဟံသာ၀တီ ဦးဝင်းတင်၊ အန်ကယ် ဦးဝံသ စသည်တို့၏ အရိပ်အာဝါသကို ခံယူခွင့်ရရှိခြင်းဟာလည်း ဘဘကြီး မေမေကြီးတို့၏ ကျေးဇူးတော်ကြောင့်ဆိုတာကို ခံစားနားလည်မိပါတယ်။

ကျနော်လည်း သူတို့လိုပဲ မိတ်ဆွေကောင်းတွေနဲ့ ကြီးပြင်း ရှင်သန်ရသော ဘ၀မျိုးကို တောင်းတမိပါတယ်။ သူတို့ပေးတဲ့ အမွေတွေကို ကျနော် ရေးပြဖို့က ဒီဆောင်းပါးတခုတည်းနဲ့ လောက်ဦးမည် မဟုတ်ပါ။