Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၄ ရက် မြောက်နေ့ မြင်ကွင်း

Artist - MaHmwe


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၄ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေလ ၁၄၊ ၂၀၂၁

ပြည်သူတွေက ပြတ်သားနေချိန် လမ်းခုလတ် ရက် ၁၀၀

ဒီနေ့ သတင်းတွေမှာ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲသတင်းတွေက စိတ်ဝင်စားခံရဆုံး သတင်းတွေ ဖြစ်နေဆဲ ဖြစ်ပါတယ်။ တနေ့က ကျောက်ထုက နေ လက်နက်ကြီးနဲ့ မင်းတပ်မြို့ဘက် လှမ်းပစ်နေပြီး မနေ့နဲ့ ဒီနေ့မှာတော့ ရဟတ်ယာဥ်သုံးပြီး ကျောက်ထု၊ မင်းတပ်နဲ့ အနီးတဝိုက်မှာ စစ်သား၊ လက်နက် သယ်ယူနေတဲ့ လက္ခဏာရှိပြီး စစ်ကောင်စီတပ်တွေ အင်အားဖြည့်ဆည်းနေတယ်လို့ ခန့်မှန်းရပါတယ်။ မြို့အဝင်ဘက်နဲ့ အထွက်ဘက်မှာလည်း ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ ရရာလက်နက်နဲ့ ရက်ရှည် ခုခံကြတဲ့ ပထမဆုံး အစပြုတာက ချင်းပြည်နယ် အဝင်ဝ စစ်ကိုင်းတိုင်းထဲ ထည့်သွင်းထားတဲ့ ကလေးမြို့ဖြစ်ပါတယ်။ ကလေးမြို့မှာ အများစုက ချင်းတောင်ပေါ်က မြောက်ပိုင်း၊ အလယ်ပိုင်းက မျိုးနွယ်စု အသီးသီးနေထိုင်ကြတဲ့ မြို့ဖြစ်ပါတယ်။

ချင်းလူမျိုးတွေက နကိုကတည်းက တူးမီးသေနတ်ကို ရိုးရာအမဲလိုက်တဲ့ အတွက် အသုံးပြုခဲ့ကြလို့ ရင်းနှီးကျွမ်းဝင်ပြီး ြဖစ်ပါတယ်။

အခုလို စစ်ကောင်စီတပ်တွေက လက်နက်အားကိုးနဲ့ ဆန္ဒပြမှုကို ရက်စက်စွာ ၊ အညှာအတာမဲ့စွာ ဖြိုခွဲခဲ့ရာက ရှိတဲ့ အမဲလိုက်လက်နက်နဲ့ ခုခံ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ခုလို ကာကွယ်ရေးတပ်ဖွဲ့ဖွဲ့ပြီး ခုခံတာ ချင်းပြည်နယ်သားတွေက စတင်တယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ မင်းတပ်မြို့ကတော့ ခုလက်ရှိမှာ ပထဝီ မြေအနေအထား အရ ကလေးမြိုံထက် ခံစစ်အတွက် အခြေအနေ အခွင့်သာတဲ့ သဘောလည်း ဖြစ်ပါတယ်။

လက်နက်ကိုင်တိုက်ပွဲ၊ စစ်ပွဲတွေ ဖြစ်လာတာဟာ မြန်မာ့နိုင်ငံရေးအတွက် ကောင်းတဲ့ လက္ခဏာမဟုတ်သော်လည်း စစ်ကောင်စီရဲ့ အာဏာသိမ်းမှု၊ ရွေးကောက်ပွဲ ပြန်ကျင်းပမယ်ဆိုတဲ့ ကတိကဝတ်အပေါ်မယုံကြည်မှု၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွဲ၊ ကားနဲ့တိုက်ဖမ်းဆီးတာ၊ အညှာအတာမဲ့စွာ ရိုက်နှက်တာတွေက နာကျည်းမှု ၊ လက်နက်နဲ့ ပြန်ခုခံမှုတွေကို လှုံ့ဆော်ခဲ့တာလို့ဆိုရင် မမှားပါ။ ပဒေသရာဇ်ခေတ် အပြီး မြန်မာနိုင်ငံသမိုင်းမှာ လက်နက်နဲ့ ခုခံတော်လှန်ခဲ့ကြတာ အကြိမ်ကြိမ် ရှိခဲ့သလို လက်ရှိ စစ်အာဏာမသိမ်းခင်မှာလည်း လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးအရ ဆွေးနွေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ၈နှစ် ၉ နှစ်နီးနီး လုပ်ဆောင်ခဲ့ကြတာပါ။ ခုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ရှေ့မရောက်တဲ့အပြင် လက်နက်ကိုင် အဖွဲ့အစည်းတွေ အင်အားတွေ ပိုတိုးပွားလာမယ့် အလားအလာ လက္ခဏာတွေ မြင်နေရပါပြီ။

အခုလို ပြည်တွင်းစစ် ရဲ့ နွံထဲကနေ မြန်မာနိုင်ငံကို ဆွဲတင်ဖို့ ကြိုးစားနေရင်းနဲ့ ခုတော့ ပိုနစ်ဖို့ ဖြစ်လာနေတဲ့ သဘောပါ။ “ကျရှုံးနေတဲ့နိုင်ငံ”လို့ မြန်မာလို ဘာသာပြန်တဲ့ failed state အဖြစ် ရောက်နေပြီလား၊ အဲဒီဘက်ကို ဦးတည်နေလားလို့ ဆိုရင် ကျရှုံးနုိင်ငံဆိုတဲ့ အဓိပ္ပါယ်ကို ဘယ်အတိုင်းအတာ နဲ့ သတ်မှတ်ကြသလဲ ကျရှုံးနိုင်ငံ အဆင့်တွေ ကို ဘယ်လိုသတ်မှတ်ကြသလဲ ဆိုတဲ့အပေါ်မူတည်မယ် ထင်ပါတယ်။ ယေဘုယျ သတ်မှတ်ချက်ကတော့ အချုပ်အချာအာဏာကို မထိန်းသိမ်းနိုင်၊ နယ်နိမိတ်အတွင်း ရှိတဲ့ နေရာတွေကို ထိန်းချုပ်ထားခြင်း မပြုနိုင်တဲ့ အနေအထားကို failed state လို့ ယေဘုယျ သတ်မှတ်ထားကြပြီး လက်ရှိ ကမ္ဘာမှာတော့ အဆိုးဆုံး ဥပမာပြတဲ့ နိုင်ငံအနေနဲ့ဆို ယီမင် နုိင်ငံဖြစ်ပြီး တောင်ဆူဒန်၊ဆိုမားလီးယားနဲ့ ဆီးရီးယားတို့ကို ကျရှုံးနိုင်ငံအဖြစ် စာရင်းထဲ ထည့်ထားကြတာဖြစ်ပါတယ်။

အခုလို ပြည်သူလူထုက ရရာလက်နက်စွဲကိုင်ပြီး တွန်းလှန်တိုက်ခိုက်နေကြချိန်မှာ၊ ပြည်သူ့တို့ထောက်ခံတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီခေါင်းဆောင်တွေက လွတ်မြောက်နယ်မြေတွေမှာ ခြေကုပ်ယူပြီး တော်လှန်ရေးစစ်ပြင်နေချိန်မှာ - ခုချိန်ထိ စစ်ကောင်စီနဲ့ ဆက်ဆံရေးမပျက်အောင် ထိန်းသိမ်းထူထောင်နေဆဲဖြစ်တဲ့ အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်ကလည်း စိတ်ဝင်စားမှတ်သားစရာပဲ ဖြစ်ပါတယ်။

ရခိုင်ပြည်က စစ်တပ်နဲ့အပစ်ရပ်ထားတဲ့ ရခိုင်တိုင်းရင်းသားပါတီတွေ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက NCA စာချုပ်ကို ကိုင်စွဲထားတဲ့သဘောရပ်တည်ထားသလို ကရင်ပြည်နယ်ထဲက တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းနဲ့ KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးဆေးဖောတို့က အပစ်အခတ်ရပ်စဲထားရေးနဲ့ စစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေးရေးကိုပဲ လိုင်းတင်ကြောင်း ထုတ်ပြန်ပါတယ်။ အဲသည်အချိန်မှာပဲ NCA လက်မှတ်ထိုး PPST အပစ်ရပ်အဖွဲ့ဝင်တွေဆီက ခုချိန်ထိ NUG အစိုးရနဲ့ ပတ်သက်ပြီး ထင်ရှှှှားတဲ့ ရပ်တည်ချက် တုန့်ပြန်ဆောင်ရွက်ချက်တွေလည်း မထွက်သေးပါဘူး။ ဧပြီလ ၂၆ ထုတ်ပြန်ချက်နဲ့ စစ်အာဏာသိမ်းမှု အကျိုးဆက်တွေဟာ စစ်ကောင်စီတာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ထားပြီးနောက် ငြိမ်သက်နေပါတယ်။ အဲသည်ထဲက ကျောင်းသားတပ် ABSDF ကလည်း သိးခြားတရားဝင်ထုတ်ပြန်ချက် မရှိဘဲ သူတို့နဲ့ NUG CRPH PDF နောက်ကွယ်ဆက်ဆံရေးတွေကို လူထုက စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။ သူတို့တွေက ရခိုင်တို့ ၀ပြည်တို့က ရပ်တည်ချက်လိုမျိုးနဲ့ ဆက်သွားနေသလား ပိုင်းကြည့်ရမှာ ဖြစ်ပါတယ်။ အစကတော့ NUG ခေါင်းဆောင်တွေ မပြတ်လို့ဆိုပြီး သူတို့ကပြောကြပါတယ်။ အခုကတော့ သူတို့ အဖြေပေးရမယ့်အချိန် ဖြစ်ပါတယ်။

သည်နေရာမှာ တော်လှန်ရေး ရက်ပေါင်း ၁၀၀ နောက် စဉ်းစားရမှာက အချိန်ဆွဲပြီး အားပျော့သွားအောင် အားနည်းသွားအောင် ဘယ်ဘက်က လုပ်ဆောင်နေတာလဲ။ ထိုးစစ်မဆင်ခင် ခံစစ်နဲ့ နောက်တန်းအင်အားတွေ တောင့်တင်းခိုင်မာအောင် ဘယ်သူတွေက ပြင်ဆင်နေပြီလဲ။ မဟာမိတ်ဆိုသူတွေက တော်လှန်ရေးခေါင်းဆောင်တွေကို အပျော့ဆွဲ အချိုသတ်နည်းလမ်းတွေသုံးပြီး အားနည်း တွေဝေအောင် လုပ်နေသလား ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ တိုက်ပွဲဝင်ပြည်သူတွေက အားနည်း ပျော့ညံ့တွေဝေခြင်း လုံး၀မရှိဘဲ လှေခွက်ချည်းကျန် အလံမလှဲ ရပ်တည် တိုက်ပွဲဝင်နေကြတာ သေချာပါတယ်။ ဒါပေမယ့် အာဆီယံနဲ့ တရုတ်တို့ကတော့ အာဏာသိမ်းစစ်ကောင်စီကို အလေးသာတဲ့ ရပ်တည်ချက်တွေပဲ ထားရှိသလို ဒီမိုကရေစီကို ထောက်ခံပါတယ် ဘယ်လိုပဲ ပြောနေပြောနေ နောက်ကွယ်က ဘယ်လိုပဲကူညီနေပါတယ်ပြောပြော အနောက်အုပ်စု ဒီမိုကရေစီနိုင်ငံတော်တွေကိုယ်တိုင်ကလည်း စစ်ကောင်စီနဲ့ NUGတို့ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်လွှဲနိုင်ဖို့ ဦးစားပေးနေကြတာ သိသာနေပါပြီ။

နိုင်ငံရေးဇာတ်ခုံမှာ ပြည်သူတွေနဲ့ သူရဲကောင်းတွေက နယ်ရုပ်ကလေးတွေ ဖြစ်ပြီး failed state ဖြစ်အောင်လုပ်တဲ့ တရားခံ စစ်ကောင်စီနဲ့ မင်းအောင်လှိုင်တို့ကို အရှေ့ အနောက် နိုင်ငံကြီးတွေက ဇာတ်မနာအောင်ဆင်ခြေတွေ (ဆီရီးယားတွေ ယီမင်တွေစတဲ့) သမိုင်းသင်ခန်းစာတွေထုတ်ထုတ်ပြပြီး ထွက်ပေါက်ပေးနေတာဆိုရင်တော့ မြန်မာပြည်သူတွေက သည်အချိန်မှာ လက်ခံမှာ မဟုတ်ပါဘူး။ failed state ဖြစ်ရုံတင်မက ဒေသတွင်း ရေရှယ်မတည်ငြိမ်ဆုတ်ယုတ်မှုတွေ ဆက်ဖြစ်စေမယ့် အကျိုးဆက်တွေ သမိုင်းတရားခံက စစ်ကောင်စီနဲ့ မင်းအောင်လှိုင်ပဲ ဖြစ်တယ်ဆိုတာ မင်းတပ်က ချင်းပြည်နယ်က ကချင်ပြည်နယ်က ပြည်သူတွေ တိုက်ပွဲဝင်တိုင်းရင်းသားတွေ ပြတ်သားသလိုမျိုး လူတိုင်း နီု်င်ငံတိုင်းက ပြတ်သားဖို့ လိုအပ်ပါကြောင်း။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar