Breaking News

လက်နက်တိုက်ပွဲတွေနဲ့ ဒေသခံလူထုရဲ့ ပေးဆပ်ရမှုတွေ



မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၄ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၂၂

လက်နက်တိုက်ပွဲတွေနဲ့ ဒေသခံလူထုရဲ့ ပေးဆပ်ရမှုတွေ 

လက်နက်ကိုင် တိုက်ပွဲတွေ မြန်မာနိုင်ငံနေရာ အနှံ့လို့ပြောရလောက်အောင် တောင်ပိုင်း၊ မြောက်ပိုင်း အနောက်နဲ့ အလယ်ပိုင်း ဒေသတွေမှာ ဖြစ်ပွားနေကြတာပါ။ နေ့စဥ်သတင်းတွေထဲ စစ်ကိုင်းတိုင်းက တိုက်ပွဲသတင်း၊ ကရင်ပြည်နယ်က တိုက်ပွဲ၊ ကယားပြည်နယ်က တိုက်ပွဲသတင်း ၊ ရခိုင်ပြည်နယ်က တိုက်ပွဲသတင်းနဲ့ မကွေးတိုင်း အထက်ဘက် နဲ့ ချင်းပြည်နယ်တို့က တိုက်ပွဲသတင်းတွေ က နေ့စဥ် သတင်းစာမျက်နှာတွေမှာ နေရာယူထားကြတာ ဖြစ်ပါတယ်။ တိုက်ပွဲသတင်းတွေကို ဖတ်ရှုရာမှာတော့ သေဆုံးတာ၊ ဒဏ်ရာရတာ၊ နေအိမ်တွေမီးလောင်တာ ၊ ဒဏ်ရာရတာ ၊ ပိုင်ဆိုင်မှုတွေ ယူဆောင်သွားတာ၊ ဖျက်ဆီးခံရတာတွေက နေ့စဥ်သတင်းတွေရဲ့ အကြောင်းအရာတွေ ဖြစ်နေကြပြီး ဖတ်ရှုသူတွေအဖို့ မထူးဆန်းသလို ဖြစ်လာလို့တောင် နေပါတယ်။ မထူးဆန်းဘူးလို့ ထင်ရတယ်လို့ ဆိုပေမယ့် တကယ်ခံစားကြုံတွေ့ရသူတွေအဖို့က တဘဝလုံးအတွက် မေ့ပျောက်ဖို့ မလွယ်တဲ့အတွေ့အကြုံ  အစားပြန်မရတော့တဲ့ ဆုံးရှုံးမှုတွေ စိတ်ဒဏ်ရာတွေ ဖြစ်ပါတယ်။ 

ငတ်မွတ်ဘေး၊ ရောဂါဘေးက နောက်ဆက်တွဲလာမယ့် သဘောလည်းဖြစ်နေပါတယ်။

ဒီနေ့သတင်းတွေထဲမှာလည်း စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ်ထဲက ကျေးရွာ တတိယအကြိမ် မီးရှို့ခံရတဲ့ သတင်း၊ ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ် သပိတ်တောင်ရွာကို စစ်ကောင်စီတပ်က ဝင်ပြီး မီးရှို့တာ ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတဲ့ သတင်းတွေနဲ့ အတူ ကယားပြည်နယ် မိုးဗြဲဒေသက တိုက်ပွဲဖြစ်ပွားတဲ သတင်းတွေ ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ စစ်ကိုင်းတိုင်းထဲက ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ပုလဲ၊ ယင်းမာပင်၊ ဝက်လက် မြို့နယ်တွေထဲက ကျေးရွာတွေ ရဲ့ စစ်ကောင်စီ ဝင်ရောက်မီးရှို့တာ စစ်ကြောင်းဝင်တာ လေကြောင်းတိုက်ခိုက်တာ ကျေးရွာသားတွေ သေဆုံးရတဲ့ သတင်းမပါရှိတဲ့ နေ့မရှိလောက်အောင် တနေရာပြီးတနေရာ ဖြစ်ပျက်နေတာတွေ့ရပါတယ်။ ဒီဒေသတွေမှာ လှုပ်ရှားနေတဲ့ ပီဒီအက်ဖ် အဖွဲ့တွေအနေနဲ့ ကျေးရွာတွေကို ကာကွယ်နိုင်တဲ့ အခြေအနေ ခုချိန်ထိ မရောက်သေးတာလည်း တွေ့ရပါတယ်။ ကျေးရွာတွေ မီးရှို့မခံရအောင် အရပ်သားတွေ သတ်ဖြတ်မခံရအောင် ဘယ်လိုတားဆီးကြမလဲ ဘယ်လို ကာကွယ်ကြမလဲဆိုတာ အဓိကမေးခွန်းတခုဖြစ်လာနေပါတယ်။ 

ဒီဒေသတွေက တိုက်ပွဲတွေ လအတန်ကြာဖြစ်ပွားခဲ့ပြီး ဖြစ်သလို ကျေးရွာပေါင်းများစွာက နေအိမ်ပေါင်း သောင်းဂဏန်း၊ ရိက္ခာ စပါး၊ ပဲ၊ နှမ်း တင်းပေါင်းထောင်ချီတဲ့ပမာဏအထိ မီးလောင်ကျွမ်း ဖျက်ဆီးခံရပြီး ဖြစ်ပါတယ်။ ပိုင်ဆိုင်တဲဲ့ ပစ္စည်းနဲ့ အဝတ်အစား ဆုံးရှုံးခဲ့ကြရတဲ့ဒဏ် မိသားစုဝင်တွေ ဆုံးရှုံးကြရတဲ့ ဒဏ်ရာတွေ တခုပေါ် တခုထပ်ဆင့် နေပြီလို့ဆိုရမယ်ထင်ပါတယ်။ 

 စစ်ဘေးကြုံနေကြရတဲ့ ဒေသတွေက သူတွေရဲ့ သေရေးရှင်ရေး အခက်အခဲက ဒေသခံအချင်းချင်း ကူညီနိုင်တဲ့အခြေအနေ ရှိရင် လက်ခံရယူနိုင်တဲ့အနေအထားဖြစ်ပြီး အခြားသော သဘာဝဘေးအန္တရာယ်ကျရောက်မှုတွေလို နိုင်ငံတွင်းက တနေရာနဲ့တနေရာ အကူအညီပေးနိုင်တဲ့အနေအထား ပေးခွင့်ရတဲ့အနေအထားမဟုတ်ပါဘူး။ ဆေးဝါး ရိက္ခာ သယ်ယူမှုတွေကို ကန့်သတ်ထား ပိတ်ဆို့ထားတာကြောင့် အခုလို စစ်ကိုင်းတိုင်း ကရင်နီဒေသ မကွေးတိုင်း မြောက်ပိုင်းတို့မှာ ကျေးရွာနေလူထုတွေ ရိက္ခာ ဆေးဝါး အခက်အခဲဖြစ်တာ သိပေမယ့်လည်း ကူညီနိုင်တဲ့အနေအထားမျိုး မဟုတ်ကြပါ။ 

စစ်ဘေးဒုက္ခကို လျော့ပါးစေဖို့က အဲဒီဒေသရဲ့ ဒေသအလိုက်ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့တွေက ကျေးရွာနေလူထုကို စစ်အင်အားနဲ့ အကာအကွယ်ပေးနိုင်တဲ့ နည်းလမ်း နဲ့ သို့မဟုတ်ရင် ကျေးရွာတွေ မှာအခြေမစိုက်ပဲ သတ်သတ်မှတ်မှတ် လက်နက်ကိုင် အခြေစိုက်နယ်မြေ ထူထောင်ပြီး လှုပ်ရှားကြဖို့ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲဖော်ဆောင်ရာမှာ ကျေးရွာတွေမှာ အခြေခံဒေသအဖြစ်ထားပြီး ဖော်ဆောင်တာကို စစ်ကောင်စီဘက်က လူထုကိုပါ ထောက်ခံတဲ့အတွက် သို့မဟုတ် လက်ခံတဲ့အတွက် သိမ်းကျုံးပြစ်ဒဏ်ခတ်ပြီး လက်နက်ကိုင်နဲ့ ကျေးရွာလူထုကို ခွဲထုတ်မယ့် နည်းဗျူဟာကို ကိုင်စွဲပြီး လုပ်ဆောင်နေတယ်လို့လည်း ကောက်ချက်ချနိုင်ပါတယ်။ 

တနေ့ ကျေးရွာလူထုက စားနပ်ရိက္ခာ ပြတ်လပ်လာတဲ့အခါ အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်တဲ့ စိုက်ပျိုးရေး မလုပ်ကိုင်နိုင်တော့တဲ့အခါ လက်နက်ကိုင် တိုက်ခိုက်နေတဲ့အဖွဲ့တွေကိုလည်း မကူညီနိုင်တော့တဲ့ သဘောမျိုး လက်နက်ကိုင် ခုခံမှုကို စွန့်လွှတ်ကြလိမ့်မယ်လို့ စစ်ကောင်စီဘက်က မှန်းဆထားတာ ဖြစ်ပါတယ်။ 

ဖိနှိပ်တဲ့ အာဏာရှင် အစိုးရတွေက လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေကို ဖြိုခွဲချေမှုန်းရာမှာ အခုလို ပြည်သူလူထုကို လက်နက်ကိုင် ခုခံမှုကနေ ကင်းရှင်းအောင် ဓားစာခံလုပ်ပြီး ချေမှုန်းလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံက စစ်အာဏာရှင်လည်း ဒီလိုနည်းပရိယာယ်ကို သုံးပြီး လုပ်ဆောင်နေတာလို့ ကောက်ချက်ချနိုင်တာပါ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဆယ်စုနှစ်များစွာ လက်နက်ကိုင် ခုခံတိုက်ခိုက်လာတဲ့ အတွေ့အကြုံအရ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားရင် ၄င်းတို့ရဲ့ လူမျိုး ဒေသခံလူထုအပေါ် သက်ရောက်မယ့် အကျိုးဆက်တွေကို တွက်ဆပြီး တိုက်ပွဲတွေကို ဖော်ဆောင်ကြရတာ စစ်ရေး အခြေစိုက်တဲ့ ဒေသကို အိမ်နီးချင်းနိုင်ငံနယ်စပ်တွေမှာ အခြေစိုက်တာမျိုးတွေ နဲ့ ဆယ်စုနှစ်များစွာ ရပ်တည်လာကြတာ ဖြစ်ပါတယ်။ 

ခု ၂၀၂၁ ခု စစ်အာဏာသိမ်းမှု အပြီးမှာတော့ တိုင်းရင်းသားတွေတင်မကပဲ ဗမာလူမျိုးတွေ အများစု နေထိုင်ရာ ဒေသတွေ ဖြစ်တဲ့ မကွေးတိုင်းလို စစ်ကိုင်းတိုင်းလိုဒေသတွေမှာလည်း လက်နက်ကိုင်အဖွဲ့တွေ ထွက်ပေါ်လာပြီး စစ်အာဏာရှင် တပ်တွေကို တိုက်ခိုက်လာကြတာ ဖြစ်ပါတယ်။ 

တိုက်ခိုက်မှုတွေက တခုနဲ့တခု ချိန်ကိုက် လှုပ်ရှားနိုင်တာမျိုးတော့ မတွေ့ရသေးဘဲ ဒေသတခုချင်းစီအလိုက် ခုခံတာ ကြားဖြတ်တိုက်ခိုက်တာ အလစ်အငိုက် တိုက်ခိုက်တာမျိုးက အများစုဖြစ်နေသေးတာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဒေသတခုနဲ့တခုအကြား တဖွဲ့နဲ့တဖွဲ့အကြား စုပေါင်းလှုပ်ရှားမှု မလုပ်နိုင်ကြသေးတာလည်း တွေ့ရပါတယ်။ လက်နက်နဲ့ ရိက္ခာ ထောက်ပံ့မှုကို ဗဟိုအဖွဲ့အစည်းတခုက မထောက်ပံ့နိုင်သေးတဲ့အချက်ကလည်း စုစည်းတဲ့ လှုပ်ရှားမှု အမိန့်ပေးနိုင်မှု မရနိုင်တဲ့အကြောင်း တချက်လည်း ဖြစ်နိုင်သလို ဒေသအလိုက် ရှိနှင့်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ၄င်းတို့ နိုင်ငံရေး စစ်ရေး သုံးသပ်ချက် အကဲဖြတ်မှုနဲ့ မဟာဗျူဟာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

ဒီလို မဟာဗျူဟာအရ ပြန်လည်သုံးသပ်အကဲဖြတ်ပြီး ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ခုခံမှု တိုက်ခိုက်မှုတွေနဲ့ လူထုအပေါ်  ထိခိုက်မှု ဘယ်လိုလျှော့ချနိုင်မလဲဆိုတဲ့ အချက်တွေကိုလည်း အလေးထား ထည့်သွင်းစဥ်းစားကြဖို့ လိုအပ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar