Breaking News

ဧရာ(မန္တလေး) - အသွင်ပြောင်းလာတဲ့ ကိုဗစ်-၁၉



ဧရာ(မန္တလေး) - အသွင်ပြောင်းလာတဲ့ ကိုဗစ်-၁၉

(မိုးမခ) ဩဂုတ် ၃၀၊ ၂၀၂၀

ကိုဗစ်-၁၉ ရောဂါပိုးက D-614 ကနေ သူ့ထက်ပိုပြီး ကူးစက်မြန်တဲ့ G-614 ကို မျိုးဗီဇ အသွင်ပြောင်းသွားပြီ ဆိုတဲ့ သတင်းတွေ ခပ်စိပ်စိပ် ကြားလာရသလို၊ မြန်မာပြည်မှာလည်း locally transmit စဖြစ်နေတဲ့ သဘောတွေ့ ရပါတယ်။

Richard Dawkins က Selfish Gene ဆိုတဲ့ စာအုပ် ရေးဖူးတယ်။ လူတွေ တိရစ္ဆာန်တွေ အပါအဝင် ရောဂါပိုးတွေရဲ့ မျိုးရိုးဗီဇတွေက သူတို့ကို သူတို့ ပြန့်ပွားအောင် နယ်ချဲ့ပြီး ရှင်သန်ရပ်တည်နိုင်အောင် ကြိုးပမ်းကြတာကို ‘Selfish’ လို့ တင်စားထားတာပါ။

‘Selfish’ လို့ ပြောပေမယ့် ရောဂါပိုးတွေက အချို့လူတွေလို အတ္တကြီးပြီး စိတ်ယုတ်မာ ရှိနေကြတာတော့ မဟုတ်ပါဘူး။ လူတွေက ချောင်းတွေ ဆိုးကြ, နှာတွေချေကြတယ် ဆိုတာက လူတွေဖက်က ကြည့်ရင် ရောဂါလက္ခဏာလို့ ဆိုရပေမယ့်၊ ရောဂါပိုးတွေ ဖက်ကကြည့်ရင်တော့ မျိုးဆက်ပြန့်ပွားနိုင်ဖို့ အတွက် ကြိုးပမ်းမှုပါ။ ဒါကြောင့် ရောဂါပိုးတွေက လူတွေကို ဖျားနာအောင် လုပ်ကြပါတယ်။ ဒါပေမယ့် သူမှီခိုနေရတဲ့ လူသေသွားရင်တော့ သူတို့ မျိုးဆက်ပြန့်ပွားနိုင်မယ့် အခွင့်အလမ်း ဆုံးရှုံးသွားပါလိမ့်မယ်။ ကူးစက်ဖို့ ခက်ခဲပြီး လူနာကို အမြန်သေစေနိုင်တဲ့ ရောဂါပိုးတွေက မျိုးတုန်း သွားနိုင်ပါတယ်။ ကူးစက်ဖို့ လွယ်ကူပြီး လူနာကို အသက်အန္တရာယ် မပေးတဲ့ (ရာသီတုတ်ကွေးလို) ပိုးတွေက ရည်ရှည်ဆက်ပြီး မျိုးပွားနေနိုင်မှာပါ။ Richard Dawkins ရဲ့ စကားနဲ့ ပြောရင် ပိုးတွေကလည်း အခြား မျိုးဗီဇတွေလိုပဲ Evolutionarily Stable Strategy (ESS) ကို သုံးပါတယ်။ ပိုးတွေက လူတွေနဲ့ အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို လိုလားကြပါတယ်။

အခုကိုဗစ်က D-614 ကနေ G-614 ကို ပြောင်းသွားတာဟာ ဒီသဘောမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် (အချို့ပြောနေသလို) ဒါဟာ သတင်းကောင်းလို့တော့ တထစ်ချ မဆိုချင်သေးပါဘူး။

ဒါဟာ မျိုးဗီဇ အသွင်ပြောင်းလဲမှု မဖြစ်ခင်မှာ ကာကွယ်ဆေး ရအောင်ထုတ်ပြီး တစ်ကမ္ဘာ အတိုင်းအတာနဲ့ ထိန်းချုပ်မှု မလုပ်နိုင်ခဲ့ဘူး ဆိုတဲ့ သဘောပါ။ မျိုးဗီဇ အသွင်ပြောင်းလဲသွားတဲ့ အတွက် ကာကွယ်ဆေး ထုတ်လုပ်မှုမှာ ကြံ့ကြာသွားနိုင်ပါတယ်။ ကူးစက်မြန်လာတဲ့ အတွက် ထိန်းချုပ်ဖို့ ပိုခက်သွားနိုင်ပါတယ်။ ဒီတော့ ဒီကပ်ဘေးက အချိန်ပိုပြီး ကြာသွားနိုင်ပါတယ်။ စီးပွားရေး, ပညာရေးနဲ့ လူနေမှုပုံစံတွေကို ပိုပြီး ထိခိုက်လာနိုင်ပါတယ်။

နောက် ... အခုမြန်မာပြည် စစ်ထွေဖက်မှာ ကူးစက်နေတာက D-614 လား... G-614 လား ဆိုတာလည်း မသဲကွဲသေးပါဘူး။ G-614 ရဲ့ ရောဂါပြင်းအားကိုလည်း သေခြာ မသိကြသေးသလို ... D-614 မရှိတော့ဘူးလို့လည်း မဆိုနိုင်သေးပါဘူး။

ဒီတော့ ဂရုစိုက်ပြီး နေကြရဦးမှာပါ။

ကမ္ဘာကြီး ကပ်ရောဂါဘေးက အမြန်ကင်းဝေးပါစေ ...

စာကြွင်း

မြန်မာပြည်မှာ ကိုဗစ် ဒုတိယလှိုင်း ဝင်နေပြီဆိုတဲ့ သတင်းတွေကြားရင်း Jared Diamond ရေးတဲ့ “Guns, Germs, and Steel: The fate of Human Society” ဆိုတဲ့ စာအုပ်ထဲက (အောက်မှာ ရေးထားတဲ့) စာသားတချို့ကို ဖတ်မိရင်း ရေးလိုက်တာပါ။ အခြားနိုင်ငံတွေက ဒုတိယလှိုင်းကို ပြောနေချိန်မှာ U.S ကတော့ ပထမလှိုင်းကိုတောင် ကောင်းကောင်း မကျော်နိုင်သေးပါဘူး... 

Thus from our point of view, genital sores, diarrhea, and coughing are “symptoms of disease”. From a germ’s point of view, they’re clever evolutionary strategies to broadcast the germ. That’s why it’s in the germ’s interests to “make us sick”. But why would a germ evolve the apparently self-defeating strategy of killing its host?
(Jared Diamond, Guns, Germs, and Steel: The fate of Human Society)

Image Credit: from article: Tracking Changes in SARS-CoV-2 Spike: Evidence that D614G Increases Infectivity of the COVID-19 Virus