Breaking News

မောင်စွမ်းရည် - အင်္ဂလန်က မြန်မာပညာရှိ ဦးလှသိန်း လို့ခေါ်တဲ့ ဂျွန်အိုကယ်

Photo from Kyaw Yin Myint's article


မောင်စွမ်းရည် - အင်္ဂလန်က မြန်မာပညာရှိ ဦးလှသိန်း လို့ခေါ်တဲ့ ဂျွန်အိုကယ်

(မိုးမခ) ဩဂုတ် ၁၅၊ ၂၀၂၀  

မြန်မာပြည် လွတ်လပ်ရေးရပြီး တည်တည်ငြိမ်ငြိမ်နဲ့ စီးပွားရေး၊ ပညာရေးတို့ စတင်တည်ထောင်ဖို့ ပြင်ဆင်နေချိန်မှာ ဗိုလ်နေဝင်းစစ်တပ်က နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်လိုက်ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ စီးပွားရေး၊ ပညာရေးတို့နဲ့အတူ နိုင်ငံတကာ ဆက်ဆံရေးကိစ္စတွေလည်း အရှိန်ပျက်ခဲ့ရပါတယ်။ ၁၀ နှစ်လောက်ကြာမှ နိုင်ငံတကာဆက်ဆံရေးကိစ္စတွေ နည်းနည်းပါးပါး ပြန်လည်လမ်းပွင့်လာတဲ့အခါ ပြည်တွင်းက ပြည်ပကို ပညာသင်တွေ ပို့ပေးဖို့ကိစ္စမှာ ထိုင်းမှိုင်းနေဆဲ ဖြစ်ခဲ့ပေမဲ့ ပြည်ပက ပညာသင်များ စတင်ဝင်ရောက်လာတာကတော့ သိသာလာခဲ့ပါတယ်။

ကျွန်တော်တို့တတွေ တက္ကသိုလ်ကျောင်းသားကြီးတွေအဖြစ်နဲ့ ကျောင်းသားအရေးနဲ့ စာရေး ပေရေး ကိစ္စတွေမှာ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားနေချိန်၊ ၁၉၆၀ လောက်မှာ နိုင်ငံခြားပညာသင်တွေ စတင် ဝင်ရောက်နေပါပြီ။ မန္တလေးတက္ကသိုလ်မှာရော ရန်ကုန်တက္ကသိုလ်မှာရော နိုင်ငံတကာက ကျောင်းသားတွေ ဝင်လာကြရာမှာ မြန်မာ့ယဉ်ကျေးမှု မြန်မာဘာသာစကား ပြောဆိုသုံးစွဲမှုမှာ အချက်အချာ ဖြစ်နေတဲ့ ရတနာပုံ မြို့တော်ဟောင်း မန္တလေးကို အထူးစိတ်ဝင်တစား လာရောက်လေ့လာကြပါတယ်။ နှစ်ပေါင်း ၅၀ ကျော်၊ ၆၀ လောက်ကဆိုတော့ နိုင်ငံခြားသား ကျောင်းသားတချို့ရဲ့ အမည်တွေကို မေ့သလိုလို ဖြစ်နေပါတယ်။

အင်္ဂလန်က လာတာက ဂျွန်အိုကယ်နဲ့ အန္နာအဲလော့။ ဂျပန်က လာတာက အိုးနိုးတိုးရုနဲ့ ဖိဒိုးရီမီနန်မီဒါတဲ့။ ချက်ကိုစလိုဗက်ကီးယားကတော့ သူတို့နာမည်ရင်းတွေ မေ့နေပြီ။ ဗမာလိုတော့ ခင်မောင်အေးနဲ့ မသီတာတဲ့။ ဂျာမနီနဲ့ ရုရှားက လာကြတဲ့ ကျောင်းသားတွေလည်း သူတို့မှာ ဗမာနာမည်တွေ ရှိကြပါတယ်။ ကျွန်တော်က မေ့ကုန်လို့ပါ။ လူချင်း ခင်ကြပါတယ်။ သူတို့ စိတ်ပျက်တာက ဗမာကျောင်းသားတွေက အင်္ဂလိပ်လို ပြောချင်ကြတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ သူတို့ဟာ ဗမာစာသင်ဖို့ လာကြတာဆိုတော့ ဗမာလိုပဲ အလိုက်တသိ ပြောပေးတဲ့အပြင် အထူးသုံး ဗန်းစကားတွေ၊ အရပ်စကား ဇာတ်စကားတွေပါ ပြောပေးပါတယ်။ ကောက်စိုက်သီချင်း၊ လွန်သီချင်း စတဲ့ ကျေးလက်ရိုးရာတေးများကို ကျွန်တော်တို့က ပေးတော့ သူတို့ အထူးဝမ်းသာကြရပါတယ်။

ကျွန်တော်တို့ဆီက မြန်မာစာဆရာတွေ ဘာသာသိပ္ပံကို မတတ်သိကြသူ များပါတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေကို မြန်မာစာသင်ပေးရင် ရိုးရာစနစ်အတိုင်း သင်ပုန်းကြီးသင်နည်းနဲ့ သင်ပေးကြလေ့ ရှိပါတယ်။ ကျွန်တော်တို့ဆီက ကိုသန်းနိုင်။ ဘာသာသိပ္ပံ အတန်အသင့် လေ့လာထားတော့ နိုင်ငံခြားသားကို ဘာသာစကားအကြောင်း ပြောပြရာမှာ အထာပေါက်တယ်လို့ ဆိုနိုင်ပါတယ်။ ဂျွန်အိုကယ်ကတော့ ဈေးတန်းထဲ ဝင်ပြီး အသံဖမ်းစက်နဲ့ ဖမ်းယူ လေ့လာပါတယ်။ ဇာတ်သဘင်အဖွဲ့တွေနဲ့လည်း လိုက်ပါပြီး လေ့လာပါတယ်။ တခါတရံ ဇာတ်ထဲကိုဝင်ပြီး သရုပ်ဆောင်လိုက်သေးသတဲ့။ ကျွန်တော်ကိုယ်တိုင်တော့ သရုပ်ဆောင်တာတွေ မမြင်ရဖူးပါ။ ဒါပေမဲ့ ဒီလိုသတင်းတွေ ကြားရတော့ ဘာသာစကား လေ့လာသင်ယူရာမှာ စာသင်ခန်းထဲကို စာအုပ်ကိုင်ဝင်ရုံနဲ့ မပြီးပါလားလို့ သဘောပေါက်ရပါတယ်။ ကျွန်တော်တို့က အင်္ဂလိပ်ဘာသာစကားကို သင်ယူရာမှာ အင်္ဂလိပ်စကားကို မကြားဖူး၊ မပြောဖူးဘဲ သင်ယူခဲ့ကြတာပါ။ ‘ရေး’၊ ‘ဖတ်’၊ ‘ပြော’၊ ‘ကြား’ လေးပါး ကျွမ်းကျင်မှုရရှိအောင် မသင်ယူခဲ့ကြရပါ။

ဂျွန်အိုကယ်ဟာ ကျွန်တော်တို့ ရန်ကုန်ရောက်တော့လည်း ကျွန်တော်တို့ရဲ့ စနေစာပေဝိုင်းကို (ဘီအိုစီကောလိပ် လက်ဖက်ရည်ဆိုင်) ရောက်လာပြီး ရောနှောပြောဆိုပါတယ်။ သူက မေးစရာရှိရင် ‘ခင်ဗျားက အင်္ဂလိပ်ပညာရှိဆိုတော့ မေးရဦးမယ်’လို့ နိဒါန်းခံပြီး ကိုသာနိုးကို စာမေးလေ့ရှိပါတယ္။ ကိုသာနိုးကလည်း သူ့ကို ‘ခင်ဗျားက မြန်မာပညာရှိ ဆိုတော့ မေးရဦးမယ်’လို့ စကားခံပြီး မေးစရာရှိတာ မေးကြ၊ ပြောကြလေ့ရှိပါတယ်။

ဂျွန်အိုကယ်ရဲ့ မူလမြန်မာစာဆရာက အောက်စဖို့ဒ်တက္ကသိုလ်မှာ ကမ္ဘာစစ်မတိုင်မီက ရောက်ရှိပြီး မြန်မာစာ ဆရာ လုပ်နေတဲ့ ဆရာကြီးဒေါက်တာလှဖေ ဖြစ်ပါတယ်။ ခေတ်စမ်းကျောင်းထွက်တဦးပါ။ သူနဲ့ အန္နာဘဲလော့ ဆိုတဲ့ အမျိုးသမီးတို့ အတူတကွ မြန်မာစာသင်ယူခဲ့ကြပြီး အတန်အသင့် တတ်ကျွမ်းတဲ့အခါ ဗမာတွေကြားမှာ ဗမာစကား ပြောကြား နာယူရအောင် ဗမာပြည်ကို လာခဲ့ကြတာပါ။ ဂျွန်အိုကယ်က ဗမာနာမည် ကိုလှသိန်း တဲ့။ အန္နာအဲလော့က ခင်ခင်ချော တဲ့။ ကျွန်တော်တို့ စနေစာပေဝိုင်းမှာတော့ ကိုလှသိန်းလို့ မခေါ်ဘဲ ကိုသာနိုးနဲ့ တင်မိုးက ကိုအုတ်ခဲလို့ ‘အိုကဲလ်’ကို မြန်မာမှုပြုပြီး ခေါ်ကြပါတယ်။ သူကလည်း ဗမာရည်လည်တာကြောင့် ‘ဘုရားဖြစ်မယ့် အုတ်ခဲ’ ဆိုပြီး သဘောကျ လက်ခံပါတယ်။ သူက ဗမာပြည်ကို မကြာခဏ ပြန်လာပါတယ်။

ကိုအုတ်ခဲဟာ မြန်မာစာဆရာ ဖြစ်လာတဲ့အခါ မြန်မာသဒ္ဒါကျမ်းတစောင်ကိုလည်း ပြုစုလိုက်ပါတယ်။ နိုင်ငံခြားသားထဲက ဗမာသဒ္ဒါကျမ်းကို ပထမ ပြုစုခဲ့သူက ဂျဒ်ဆင်ပါ။ အမေရိကန်လူမျိုး ခရစ်ယာန် သာသနာပြုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်က ဘကြီးတော်လက်ထက်မှာ ရောက်ရှိ သာသနာပြုရင်း ခရစ်ယာန် သမ္မာကျမ်းစာကိုလည်း ဘာသာပြန်ခဲ့သူပါ။ ဗမာလူမျိုးထဲက သဒ္ဒါကျမ်းပြုစုသူက ဆရာကြီးဦးဖေမောင်တင်ပါ။ အစဉ်အလာအရ သဒ္ဒတ်မတာ စတ်မတာ၊ သဒ္ဒါမတတ် စာမတတ်’လို့ ဆိုရိုးရှိခဲ့ပေမဲ့ ဗမာတတ်တဲ့ သဒ္ဒါက ပါဠိသဒ္ဒါပ။ ဗမာသဒ္ဒါကျမ်းကို မရေးခဲ့ဖူးကြပါ။ ဦးဖေမောင်တင်က မရေး မဖြစ်လို့ ကျောင်းသားကိုင်သဒ္ဒါစာအုပ်တွေကို ရေးခဲ့တဲ့အခါ ဗိုလ်နေဝင်းက ပိတ်ပင်ပြီး ဘုန်းကြီးလူထွက် တယောက်ကို ရေးခိုင်းတော့ ပါဠိသဒ္ဒါကို မှီးတာဖြစ်လို့ မအောင်မြင်ခဲ့ပါ။

ကိုအုတ်ခဲရဲ့ သဒ္ဒါကတော့ ဗိုလ်နေဝင်းခေတ်မှာ ပြုစုခဲ့ပြီးတာဖြစ်လို့ လူကြားသူကြား မရောက်လာခဲ့ပါ။ ခုအခါ ဗမာပြည်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါပြီ။

ကိုအုတ်ခဲဟာ ဒီလထဲမှာပဲ ဆုံးသွားခဲ့ရှာပါပြီ။ အန္နာအဲလော့ ခေါ် ဒေါ်ခင်ခင်ချောမှာ အသက် ၉၀ အရွယ်၊ ကျန်းမာလျက်ရှိကြောင်း လန်ဒန်ရှိ ဘိုဘိုလန်းစင်(လူထု)က သတင်းပေးပါကြောင်း။

မောင်စွမ်းရည်