Breaking News

မြတ်ဆုမွန် ( ချစ်ပါးလုံး) - နော်ဝေနိုင်ငံအကြောင်း တစေ့တစောင်း

 

နော်ဝေနိုင်ငံက ဆေးရုံကြီးတရုံ 

နော်ဝေနိုင်ငံအကြောင်း တစေ့တစောင်း

မြတ်ဆုမွန် ( ချစ်ပါးလုံး) 

(မိုးမခ) သြဂုတ် ၁၅၊ ၂၀၂၀

နော်ဝေနိုင်ငံဟာ ကမ္ဘာ့အမြင့်ဆုံးအခွန်ဆောင်ရတဲ့ နိုင်ငံတွေထဲမှာပါပါတယ်။ အခွန်မြင့်မားတဲ့တွက် အိမ်နီး ချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်တောင် စျေးအရမ်းကြီးပါတယ်။ လူတယောက်အခွန်ဘယ်လောက်ဆောင်ရမယ်ဆိုတာကိုတော့ မသတ်မှတ်ထားပါဘူး။ လစာပေါ်မူတည်ပြီး အခွန်က ပိုများလာတာမျိုးပါ။

နော်ဝေနိုင်ငံရဲ့ ဒီမိုကရေစီဟာ ဆိုရှယ် ဒီမိုကရက်တစ်ပါ။ သဘောက ဝိုင်းလုပ်ဝိုင်းစား စနစ်ပေါ့။ များများဝင် ငွေရှိတဲ့သူက များများဝင်ငွေဆောင်ရပါတယ်။ လင်မယားဆိုရင်တော့ တယောက်တည်းသတ်မှတ်ပါတယ်။ ဥပမာ ကျမအမျိုးသားဆိုရင် ၄၆ ရာခိုင်နှုန်း အခွန်ပေးရပါတယ်။ ထက်ဝက်နီးပါးက အခွန်ထဲသွားတာပါ။ တချို့ ကုမဏီပိုင်ရှင်တွေဆိုရင် အမြတ်အစွန်းရဲ့ (၆၀) ရာခိုင်နှုန်းထိကို ဆောင်ကြရပါတယ်။

အခွန်ရှောင်တာဟာ လူသတ်တဲ့ပြစ်မှုနီးပါး အပြစ်ကြီးပါတယ်၊ ရှက်စရာ ရွံစရာ ကိစ္စသဖွယ်ကို အစိုးရကျောင်းတွေမှာ ငယ်ငယ်တည်းက ကလေးတွေကို သေချာသင်ပြထားပါတယ်။ ဝင်ငွေနည်းတဲ့သူတွက်တော့ အခွန်သိပ်နည်းပါတယ် အားလုံးက ဘဏ်ကနေပဲ လစာရတယ်၊ အဲ့ကနေပဲ သွားတာဖြစ်တဲ့တွက် ဒီဇင်ဘာလကုန်ကစပြီး ပြီးခဲ့တဲ့ ၂၀၁၉ စရင်းကို အစိုးရက လူတယောက်ချင်းစီရဲ့ဝင်ငွေထွက်ငွေကို တနှစ်စာ ပြန်စစ်ပါတယ်။ ဝင်ငွေဘယ်လောက်ဆို ဘယ်လောက်ပေးရမယ် သူ့သတ်မှတ်ချက်အတိုင်းကို စစ်ပါတယ်။

အကယ်၍ ဝင်ငွေက နည်းပြီး ဆောင်ထားတဲ့အခွန်က များနေရင် ခြောက်လပိုင်းမှာ ပြန်ပေးပါတယ်။ အဲ့အချိန်က အားလုံး နွေရာသီအားလပ်ရက်ခွင့် ယူကြတဲ့တွက်ပါ။ အကယ်၍ ဝင်ငွေကများပြီး အခွန်ဆောင်ထားတာနည်းနေရင်လည်း လိုတဲ့ငွေကို အစိုးရကို ပြန်လျော်ရပါတယ်။ အဲ့အချိန်က တတိုင်းပြည်လုံး တွက် ရင်ခုန်စရာအချိန်ဆိုလည်းမမှားပါဘူး။ ဟိုတနှစ်ကဆို ကျမ ပြန်ရတာ 7 kr (၇ ခရိုနာ) အဲ့လို တကျပ်တပြားကအစ ပိုရင်ပြန်ရသလို လိုရင်ပြန်ပေးရပါတယ်။ တချို့ဆို သောင်းနဲ့ချီရတာတွေလည်း ရှိပါတယ်။

အဲ့တော့ အဲ့ငွေတွေ ကို အစိုးရဘယ်မှာပြန်သုံးလည်းဆိုတာ မေးခွန်းထုတ်စရာပါ။ နည်းတဲ့ငွေမဟုတ်ပါဘူး။ ဥပမာ ပေးရမယ်ဆိုရင် ကျမအမျိုးသားဝင်ငွေက အခွန် ၄၆ ရာခိုင်နှုန်းဖြတ်အပြီးကို ခရိုနာ ၃ သောင်းခွဲကနေ လေးသောင်းနှစ်ထောင်လောက်ကျန်ပါတယ်။ သဘောက အခွန်ကို တလကို လေးသောင်းနီးပါး ဆောင်ရပါတယ်။ ပုံမှန်လူတယောက်ဝင်ငွေက ၁၄၀၀၀ နဲ့ ၁၆၀၀၀ ကြားပါ။ အခွန်ဖြတ်အပြီးပါ။ အဲ့လိုပုံမှန်လူတယောက်ရဲ့ အခွန်က ၃၀၀၀ ကနေ ၆၀၀၀ နီးပါးရှိပါတယ်။အစိုးရဆီ ဝင်တဲ့အခွန်ဝင်ငွေက တနှစ်တနှစ်မနည်းလှပါဘူး။ လူတိုင်းကမညီးကြပါဘူ။း ဘာလို့လဲဆိုတော့ ကိုယ့်လုပ်အားနဲ့ တိုင်းပြည်ကို တည်ဆောက်နေကြရတဲ့တွက်ပါ။

ဘာတွက်သုံးလဲဆိုတော့ ကျန်းမာရေး ပညာရေးကို အဓိက သုံးပါတယ်။ ကျန်းမာရေးမှာဆိုရင် လူတယောက်ဟာ တနှစ်ကို ခရိုနာ ၁၇၈၀ ဖိုးသုံးပြီးပြီဆိုရင် ဖရီးကဒ်ရပါတယ်။ ကိုယ်သုံးထားသမျှ မိသားစုဆရာဝန်ဆီသွားတာသော်လည်းကောင်၊း ဆေးဝယ်တာသော်လည်းကောင်၊း ဆေးစစ်တာသော်လည်းကောင်း၊ အကုန်လုံးကို အစိုးရက စာရင်း လုပ်ထားပါတယ်။ အကယ်၍ ကိုယ်ကျန်းမာရေးတွက် သုံးထားတဲ့ငွေဟာ တနှစ်မှာ ၁၇၈၀ ကျော်သွားတယ်ဆိုရင် တစ်ကျပ်ကအစ ကိုယ့်ဘဏ်အကောင့်ထဲကို ပြန်ထည့်ပေးပါတယ်။ ခွဲစိတ်ကုသတာကအစ ပါရာဝယ်တာအဆုံး အကုန်ဖရီးပါ။  ဆေးခန်းသွားဖို့ တက်စီစီးရရင်တောင် အစိုးရက တက်စီဖိုး ပြန်ပေးပါတယ်။

နောက်တခုက လူတယောက်ကိုဆေးပေးပြီဆို အင်တာနက်ကနေပဲ ချိန်ပေးထားတာဖြစ်တဲ့တွက် ကိုယ့်မှတ် ပုံတင်ယူပြီး ဆေးဆိုင်တိုင်းမှာ မှတ်ပုံတင်ပြ ဝယ်ရုံပါပဲ။ ဆေးဆိုင်မှာ ဆေးရောင်းရတဲ့သူတွေဟာ ဆေးဝါးကျွမ်းကျင်နဲ့ တက္ကသိုလ်ပြီးပြီးသားသူတွေသာ လုပ်လို့ရပါတယ်။ အဲ့လိုလူတွေကသာ ဆေးပေးပိုင်ခွင့်ရှိပါတယ်။ အဲ့လိုပေးတဲ့နေရာမှာလည်း တယောက်တည်းက ပေးပိုင်ခွင့်မရှိပါဘူး။ ဆေးပေးလိုက်တဲ့သူက သေချာစစ်ဆေး တံဆိပ်ကပ် ပေးပြီးရင် နောက်တယောက်က ထပ်စစ်ရပါတယ်။ နှစ်ယောက်လုံးက လက်မှတ်ထိုးပေးရပါတယ်။ ပြီးရင် ဆေးသွားဝယ်တဲ့လူနာက လာထုတ်သွားကြောင်း လက်မှတ်ထိုးရပါတယ်။ အဲ့တော့မှသာ ဆေးရပါတယ်။

အကယ်၍ လူနာက နေမကောင်းမထနိုင်လို့ မိသားစုထဲကဆေးသွားဝယ်ပေးမယ်ဆိုရင်တော့ အိမ်မှာတည်းက ဖောင်ဖြည့် ဒီလူကိုဝယ်ခွင့်ပေးကြောင်း လက်မှတ်ထိုးခိုင်းရပါတယ်။ ဥပမာ သွားဝယ်မယ့်သူဟာခင်ပွန်းဖြစ်ကြောင်း၊ ဆေးပေးလိုက်နိုင်ကြောင်း၊ လူနာရဲ့မှတ်ပုံတင်ရော သွားဝယ်ပေးမယ့်သူရဲ့မှတ်ပုံတင်ပါ ပြရပါတယ်။ မဟုတ်လို့ကတော့ ဆေးလုံးဝမထုတ်ပေးပါဘူး။

သို့သော် အဲ့လိုကျန်းမာရေးထဲမှာ ၁၈ နှစ်အထက်အတွက် သွားနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးဖိုးမပါပါဘူး။ လူနာက ကျသလောက် ကိုယ့်ဟာကိုယ်ပေးရပါတယ်။ မျက်မှန်လုပ်ဖို့တွက် အစိုးရတာဝန်မယူပါဘူး။ ကိုယ့်ဟာကိုကျသလောက်ပေးရပါတယ်။ မျက်စိခွဲစိတ်တာမျိုးဆိုရင်တော့ ဒါဟာ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်တယ်၊ မဖြစ်မနေလုပ်မှကိုရမှာဖြစ်တဲ့တွက် အစိုးရက တာဝန်ယူဖြေရှင်းပေးပါတယ်၊ (မသန်စွမ်းကလေးတွေနဲ့ ပတ်သတ်တဲ့စောင့်ရှောက်မှုကိုနောက် ရေးမယ့်စာတွေမှာ ပြောပြပါ့မယ်)

အကယ်၍ လူနာဟာ နေမကောင်းဖြစ်နေတယ် ကင်ဆာသော်လည်းကောင်း၊ ခွဲကိုခွဲစိတ်ဖို့လိုအပ်တယ်ဆိုရင် လူနာက မခွဲစိတ်ဘူး ရက်ချိန်းကို မသွားဘူးဆိုရင် အစိုးရက အဲ့လူနာကို ကိုယ့်ကိုကိုယ်ညှဉ်းပန်းနှိပ်စက်မှုနဲ့တရားစွဲလို့ရပါတယ်။ ဆေးရုံတက်နေတဲ့အချိန်မှာ အိမ်က သွားလည်လို့ရပေမယ့် သွားစောင့်ပိုင်ခွင့် ညအိပ်ပိုင်ခွင့်မရှိပါဘူး။ လူနာကို ဆေးရုံက အပြည့်ဝတာဝန်ယူပါတယ်။ အစားအသောက်ဆိုရင်လည်း ဆေးရုံက လူနာတွက် အကောင်းဆုံး အသန့်ရှင်းဆုံးချက်ကျွေးပါတယ်။ ဗိုက်ဆာတယ်ဆိုလည်း နပ်စ်တွေက ချက်ချင်းစီစဉ်ပေးပါတယ်။ ရေပူရေအေးလိုသမျှ ဘဲလ်နှိပ်တာနဲ့ ရောက်လာတာပါ။ စပါယ်ရှယ်နပ်စ်ဆိုတာမရှိပါဘူး။ ငှားစရာလည်းမလိုပါဘူး။ အစိုးရက လူတိုင်းတွက် စီစဉ်ထားပေးပါတယ်။

လွန်ခဲ့တဲ့ဆယ်နှစ်လောက်က မှတ်မိသေးတယ်၊ အဖေအူကင်ဆာနဲ့ခွဲရမယ်ဆိုတော့ အဖေက ဆေးရုံကိုမသွားချင်ဘူး၊ ကျမကလည်း တခြားမြို့မှာ စာမေးပွဲနဲ့ဆိုတော့ ချက်ချင်းပြန်မရဘူး။ အဖေ့ကို ဆေးရုံမှာ နပ်စ်တွေစောင့်နေလိမ့်မယ် သွားဆိုပြီး အတင်းသွားခိုင်းတယ်။ ဟိုရောက်တော့ အဖေက နပ်စ်တွေမတွေ့ဘူးဆိုပြီး ပြန်ဖို့လုပ်တယ်။ကိုယ်က စာမေးပွဲခန်းထဲကနေ ဆရာမတွေကိုခွင့်တောင်းပြီး ဆေးရုံကို ဖုန်းဆက်တယ်။ အဖေပြန်တော့မယ်.. လိုက်ဖမ်းကြပါဆိုပြီး အဲ့တော့မှ ဘတ်စ်ကားဂိတ်ရောက်နေတဲ့အဖေ့ကို တခါတည်း လိုက်ဖမ်းပြီး ဆေးရုံတန်းတင်လိုက်တယ်။ နောက်တခေါက် ပြန်မလာမှာစိုးတဲ့တွက် ပြန်မလွှတ်တော့ဘူး။ နောက်နှစ်ရက်နေတော့ ခွဲစိတ်လိုက်ကြတယ်။

အဖေ့ကို လိုက်စောင့်ခွင့်မပေးဘူး၊ ခွဲစိတ်ခန်းထဲ မဝင်ခင်တော့လိုက်ပို့ရတယ်။ ပြီးပြန်တော့ နောက်ရက်မှပြန်လာဆိုပြီး ပြန်လွှတ်တာ၊ ကိုယ့်မှာ ဘယ်နားလ်ုက်လို့လိုက်ရမယ်မသိ မျက်ရည်နဲ့မျက်ခွက် ခွဲစိတ်ပြီးအရေးပေါ်ခန်းထဲ ၂၄ နာရီထားပြီးမှ ရိုးရိုး ခန်းကိုလွှတ်ပေးမှ တွေ့ခွင့်ရတယ်။ ခွဲစိတ်ခန်းထဲ ဝင်ခါနီး လက်မှတ်ထိုးခိုင်းတာမျိုး တခုခုဖြစ်ရင် နင်တို့ခွဲခိုင်းလို့့ဆိုတာမျိုး မထိုးရဘူး။ သေချာကျွမ်းကျင်လို့ ဘာမှမဖြစ်နိုင်လို့သာခွဲတာများပါတယ်။ အကယ်၍ တခုခုသူတို့ကြောင့့်ဖြစ်ခဲ့ရင် လူနာရှင်ကို ဆရာဝန်က လာဝန်ခံပါတယ်၊ ငါမှားသွားပါတယ်၊ တရားစွဲချင်ပါသလားဆိုတဲ့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ဆရာဝန်တွေက ရင်ဆိုင်ကြပါတယ်။

နောက်တခုက ကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်သုံးလကစပြီး အစိုးရကအဲ့ကလေးကို ဆယ့်ရှစ်နှစ်ထိ တာဝန်ယူပါတယ်။ ဥပမာ ကိုယ်ဝန်စရှိပြီဆိုတည်းက  ကိုယ်ဝန်သည်ဟာ တပြားတချပ်မှ ပိုက်ဆံမပေးရပါဘူး။ ဆေးခန်းပြသမျှအကုန် ဖရီးပါ။ ကိုယ်ဝန်ကို နှစ်ပတ်တခါ မိသားစုဆရာဝန်တလှည့် အိုဂျီတလှည့်စစ်ပါတယ်။ ကလေး ကိုယ်လက်အင်္ဂါစုံမစုံ၊ ရောဂါပါမပါကို ကိုယ်ဝန် ၄ လမှာ ဆေးရုံမှာ ဓာတ်မှန်ရိုက် ပေးပါတယ်။ အားလုံးဖရီးပါ။ ကိုယ်ဝန်သည်ဟာ အလုပ်ရှိတဲ့သူဖြစ်တယ်ဆိုရင် ကိုယ်ဝန်သည် နောက်ဆုံးအလုပ်လုပ်ခဲ့တဲ့ သုံးလစာကိုကြည့်ပါတယ်။ တစ်လကို သုံးသောင်းရထားသလား၊ တသောင်းရထားသလား...အဲ့ဝင်ငွေအတိုင်း အစိုးရက ကလေးမွေးပြီးကနေ ကလေး (၁) နှစ်ထိ မိခင်ရဲ့ဘဏ်ထဲကို (၁) လတခါ  ထည့်ပေးပါတယ်။ 

ကလေးကို တိုင်းပြည်ရဲ့ရင်ဝယ်သား အနာဂတ်လို့ သတ်မှတ်တာပါ။ အဲ့တွက်ကလေးကြောင့် ဝင်ငွေမရှိဘူးဆိုတာမျိုး မဖြစ်ရလေအောင်ပါ။ အကယ်၍ မိခင်ဟာ ကလေးကို (၁)နှစ်မှာ မူကြိုမပို့ချင်ဘူးဆိုရင် ကလေးထိန်းခအနေနဲ့ မိခင်ကို အစိုးရက တလ ၇၅၀၀ ပေးပါတယ်။ ကလေး (၂) နှစ်ထိ ကိုယ့်ကလေး ကိုယ်ထိန်းခပါ။ အကယ်၍ မိခင်က အခုနကပြောသလို အလုပ်မရှိဘူး ဝင်ငွေမရှိပဲ ကိုယ်ဝန်ရှိတာမျိုးဆို အခုနကလို (၃)လစာကိုစစ်ပြီး ပေးမရတဲ့တွက် ကလေးလိုရာဝယ်ဖို့ဆိုပြီး ၈ သောင်းပေးပါတယ်။ ဒါကတော့ တနှစ်တနှစ် စျေးတက်လာပါ။ ကျမသမီးကိုမွေးတဲ့နှစ်က ၄၆၀၀၀ ပဲရပါတယ်။ (၃) နှစ်အတွင်း တက်လာတဲ့စျေးပါ။

သို့သော် ကလေးမွေးပြီးမှ တခုခုဖြစ်သွားတယ်၊ ကလေးအဖတ်မတင်တာမျိုးဆိုရင်တော့ အဲ့ပိုက်ဆံအစိုးရကို ပြန်ပေးရပါတယ်။ နောက်ကလေးမွေးပြီးတာနဲ့ ကလေးမုန့်ဖိုး အစိုးရက (၁)လကို ၁၀၄၀ မိခင်ရဲ့ဘဏ်အကောင့်ထဲ ထည့်ပေးပါတယ်။ ကလေးသွားနဲ့ပတ်သတ်ပြီးလည်း အစိုးရက ၁၈ နှစ်ထိ တာဝန်ယူပါတယ်၊ ခေါ်စစ်ပါတယ် ပြုပြင်ပေးပါတယ်။ ဘာလို့လဲဆိုတော့ လူတယောက်ရဲ့ကျန်းမာရေးဟာ သွားနဲ့ အရမ်းဆိုင်ပါတယ်။ သွားမသန့်စင်ခြင်းဟာ ခန္ဓာကိုယ်ထဲက ကလီစာတွေကို ပျက်စီးစေပါတယ်။ သွားထဲက ဘက်တီးရီးယားတွေဟာ အဲ့လောက်ကြောက်ဖို့ကောင်းပါတယ်။ သွားကြောင့် အသက်တိုကြရတာ ထိတ်လန့်စရာပါ။ အဲ့တွက်အစိုးရဟာ ကလေးတွေရဲ့သွားပြဿနာကို တာဝန်ယူ စစ်ဆေးကုသပေးခြင်းဖြစ်ပါတယ်။

နော်ဝေနိုင်ငံက တက္ကသိုလ်တခု

ဒါကတော့ ကျမ သတိရသလောက် ကျန်းမာရေး စောင့်ရှောက်မှုပါ။ ပညာရေးမှာဆိုရင် မူကြိုလစာကို မိဘက ကိုယ့်ဟာကိုယ် ပေးရပါတယ်။ မူကြိုမှာ (၃) နပ်ကျွေးပါတယ်။ ကျမသမီးရဲ့ မူကြို လခက တလကို ၃၄၉၀ ပေးရပါတယ်။ အစိုးရကျောင်းကတော့ ၂၀၀ လောက်ပိုသက်သာပါတယ်။ သိပ်မကွာပါဘူး။ မူကြိုကို ကလေးမွေးပြီးတာနဲ့ ဘယ်ချိန်တက်ချင်ပါတယ်ဆိုတာ တန်းလျှောက်ရပါတယ်။ မဟုတ်ရင်နေရာမရတာများပါတယ်။ အိမ်နဲ့ဝေးတဲ့နေရာတွေရောက်သွားရင် မိဘတွက်အဆင်မပြေနိုင်ပါဘူး။

သို့သော် တတန်းကနေ အထက်တန်းလွန်ထိ ကလေးတွက် တပြားမှမပေးရပါဘူး။ အထက်တန်းလွန်ထိ မတက်မနေရ ကလေးတိုင်းကျောင်းတက်ရပါတယ်။ စာအုပ်ဖိုး ကအစ ခဲတံခဲဖျက်အဆုံး လိုရင်လိုသလို ကျောင်းက အကုန်ထုတ်ပေးပါတယ်။ သို့သော် ကလေးကျောင်းတွေက မနက် ၈ နာရီကနေ နေ့ လည် ၁ နာရီဆို ဆင်းပါပြီ။  ပြဿနာက မိဘတွေ အလုပ်မပြီးသေးကြပါ။ အဲ့တော့ SFO ဆိုတာ ထားရပါတယ်။

ကျောင်းဆင်းရင် ကလေးတွေကို ဆက်စောင်ရှောက်ပေးတာပါ။ စာမသင်ပါ ဆော့တာကို စောင့်ပေးတာပါ။ အဲ့ဒါတွက် အစိုးရက တာဝန်မယူပါဘူး။ မိဘက ပိုက်ဆံပေးရပါတယ်. တလကို ၃၉၀၀ ဝန်းကျင်ပေးရပါတယ်။

ပညာရေးမှာတော့ ကောလိပ်ကစပြီး ကျောင်းလခ ဖရီးဖြစ်သော်ငြား စာအုပ် ဝယ်ရပါတယ်။ စျေးအရမ်းကိုကြီးပါတယ်။ စာအုပ်တအုပ်ကို ၉၀၀ ဝန်းကျင်ပေးရပါတယ်။အဲ့တွက် အစိုးရကို ကျောင်းသားတွေ ဆန္ဒပြကြပါတယ်။ ကျမကောလိပ်မတက် ခင်နှစ်နှစ်ဆက်တိုက်လောက် ကျောင်းသားတွေ ဆန္ဒပြတဲ့ တွက် ကျမကောလိပ်စတက်တဲ့နှစ်မှာ စာအုပ်မဝယ်ရတော့ပါဘူး။ အစိုးရက လိုအပ်တဲ့စာအုပ်တွေကို ကျောင်းသားတွေကို ငှားပေးပါတယ်။ ရိုရိုသေသေကိုင်ရပါတယ်။ ခြစ်လို့မရပါဘူး။ စာအုပ်မထုတ်ခင် လက်မှတ်ထိုးရပါတယ်။ နှစ်ကုန်ရင် စာအုပ်တွေကို ပြန်အပ်ရပါတယ်စုတ်တယ်။ ပျောက်တယ်ဆိုရင် စာအုပ်တန်ကြေးအတိုင်း အစိုးရကို ကျောင်းသားက ပြန်လျော်ရပါတယ်။

သို့သော် တက္ကသိုလ်မှာတော့ ကိုယ့်ဟာကိုဝယ်သုံးရပါတယ်။ ကြုံတုန်း အစိုးရပညာရေး စနစ်လေးပါ နည်းနည်းပြောပြပါရစေ။

နော်ဝေနိုင်ငံမှာ ဆယ်တန်းပြီးရင် အထက်တန်းလွန်နှစ်နှစ်တက်ရပါတယ်။ အဲ့ဒါပြီးမှသာ ကောလိပ် ( Videre- gående) တက်ရပါတယ်။ ကောလိပ်မှာ နှစ်မျိုးနှစ်စားရှိပါတယ်။ တချို့က စာမလုပ်ချင်ဘူး၊ အသက်မွေးဝမ်း ကျောင်းနဲ့ အလုပ်ကိုတန်းသွားချင်သူတွေရှိပါတယ်။ အဲ့လိုလူတွေက ကောလိပ်ကို (၄)နှစ် တက်ရပါတယ်။

နှစ်နှစ်က စာတွေ့မသင်မနေရ ဘာသာတွေဖြစ်တဲ့ နော်ဝေ၊ လွယ်ကူတဲ့သချင်္ာ၊ အင်္ဂလိပ် ပထဝီ သမိုင်းလိုဟာမျိုးတွေသင်ရပါတယ်၊ အဲ့ဒီကောလိပ်မှာပဲ တခါတည်း ဘာသာရွေးရတာပါ၊ နပ်စ်လိုင်းလား ကားပြင်တဲ့လိုင်းလား လက်သမားလား စသဖြင့်ပါ။ အဲ့ကနေမှ နောက်ထပ်နှစ်နှစ်က အလုပ်သင်သွားရပါတယ်။ အဲ့ဒါပြီးမှ သူတို့ ထမင်းစားလက်မှတ်စရပါတယ်။ အလုပ်ကိုကျွမ်းကျင်အလုပ်သမားအဖြစ်နဲ့ (၁၀၀) ရာခိုင်နှုန်းအလုပ်ရကြပါတယ်။ 

နောက်တမျိုးကတော့ စာလိုင်းပါ။ တက္ကသိုလ်ဆက်သွားမယ် မာစတာဆက်ယူမယ့်လိုင်းပါ။ ကျမယူခဲ့တာ အဲ့လိုင်းပါ။ အဲ့လိုင်းကတော့ သုံးနှစ်တက်ရပါတယ်။ စာကို ပိုးစိုးပက်စက် လုပ်ရပါတယ်။ အဲ့လိုင်းမှာ အင်ဂျင်နီယာလုပ်မယ့်သူကလည်း အင်ဂျင်နီယာနဲ့ပတ်သတ်တဲ့ ဘာသာရပ်တွေ၊ ဆရာဝန်လုပ်မယ့်သူက ဆရာဝန်နဲ့ပတ်သတ်တဲ့ဘာသာရပ်တွေ... ဆရာ ဆရာမဆို ဆရာ ဆရာမ ယူကြရပါတယ်။ မယူမဖြစ်ယူရတဲ့ဘာသာရပ်တွေကတော့ နော်ဝေဘာ သာ၊ သမိုင်း၊ အစိုးရဖွဲ့စည်းပုံ၊ ပထဝီ၊ ဥပဒေအကြမ်းဖျင်းဘာသာရပ်၊ ဘာသာစကားတခုခု (နော်ဝေစကားနဲ့ အဂ်လိပ်စကားအပြင် နောက်ထပ် ဘာသာစကားတမျိုး ) ယူကိုယူရပါတယ်။ ကျမတော့ ဂျာမန်ဘာသာစကားယူခဲ့ပါတယ်။ ဂျာမန် သဒ္ဒါက မြန်မာသဒ္ဒါနဲ့ အတော်တူတဲ့တွက်ပါ။ အဲ့သုံးနှစ်ပြီး အမှတ်မီပြီဆိုမှသာ တက္ကသိုလ်ဆက်တက်ခွင့်ရပါတယ်။ ဒီလောက်ဆို နော်ဝေအကြောင်း အတော်လေးစုံသလောက်ရှိပြီထင်ပါတယ်။

အခုရေးခဲ့တာတွေကို ဖတ်ပြီး ငါတို့နိုင်ငံကတော့လို့ တွေးနေကြမှာအမှန်ပါ။ တကယ်တော့ ဆန်ပေးလို့ ဆေးရခြင်းပါ။ လာဘ်ပေးလာဘ်ယူမရှိတဲ့တွက် ရသမျှအခွန်ငွေတွေကို တိုင်းပြည်တွက်အရေးကြီးတဲ့နေရာတွေမှာသုံးခြင်းပါ။ နော်ဝေနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလာတာ အခုဆို ၂၀၅ နှစ်ရှိပါပြီ။ အမေရိကန်ကတော့ ၂၂၅ နှစ် ရှိပါပြီ။ ဒီလိုပဲ လိုအပ်ချက်တွေကို ပြည်သူက တင်ပြလိုက်၊ အစိုးရက အကောင်းဆုံးစဉ်းစားပြီးဖာထေးလိုက်နဲ့ လူနေမှုစနစ်မြင့်မားလာခြင်းပါ။

ကျမဟာ မြန်မာနိုင်ငံသားဖြစ်ရခြင်းကို ကျေနပ်သလို ဂုဏ်ယူပါတယ်။ ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီလမ်းစဉ်ကိုသွားနေခြင်းဟာ အခုမှ ငါးနှစ်မပြည့်သေးပါဘူး။ နော်ဝေနိုင်ငံနဲ့နှစ် နှစ်ရာလောက်ကွာပါတယ်။ သို့သော် ဒီငါးနှစ်အတွင်းမှာ ကျမတို့ အစိုးရက ကြိုးစားသလို ကျမတို့ ပြည်သူတွေဟာ သိပ်ကိုစည်းလုံးတယ်လို့ ကျမမြင်ပါတယ်။

ဥပမာ အားဖြင့် YBS စနစ် သိပ်မပြည့်စုံသေးပါဘူး။ မှန်ပါတယ်။ သို့သော် အရင်ကားတွေထက်အများကြီးသာလာတာ သတိထားမိမှာပါ။ အဲ့ YBS စလုပ်တုန်းကများ ကားပိုင်ရှင်တွေ အပြင်ထွက်ပြီး အလကားမောင်းပို့ကြတယ်။ တဦးကိုတဦးကြောက်ခမန်းလိလိ ကူညီကြတယ်။ စည်းလုံးကြတယ်။ အရွေ့တခုတွက် ပြိုင်တူတွန်းကြတာဟာ ဝမ်းသာစရာပါ။

နောက်ထပ်ဆယ်နှစ်လောက်သာ အစိုးရကောင်းနဲ့ ဆက်ပြီးသွားရမယ်ဆိုရင် ကျမတို့နိုင်ငံ အဲ့ဒီနှစ် ၂၀၀ ကျော် ကျောနေတဲ့ နိုင်ငံကို မီလာမယ်လို့ ကျမယုံကြည်ပါတယ်။ ဘာလို့ဆို မြန်မာလူမျိုးများရဲ့ မူရင်းအခြေခံဟာ သိပ်စာနာတတ်၊ ကူညီတတ်၊ ရိုင်းပင်းတတ်၊ သနားတတ် အလှူရေစက်လက်နဲ့မကွာကြလို့ပါ။ ဒါဟာကျမတို့တွက်အမြတ်ပါ။ အစိုးရကို အခွန်သေချာဆောင်မယ်။ အစိုးရကလည်း အခွန်ကို စနစ်တကျသုံးမယ်ဆိုရင် အကောင်းဆုံးအရွေ့ကို လျောက်လှမ်းနိုင်မယ်လို့ ကျမယုံကြည်ပါတယ်။

အားလုံး တက်ညီလက်ညီနဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို အရောက်လှမ်းကြပါစို့လို့ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ ...။

မြတ်ဆုမွန် ( ချစ်ပါးလုံး) 

ခေတ္တနော်ဝေ