Breaking News

ပါလစ္စတိုင်းများကို ထောက်ခံခြင်းနဲ့ ဂျူးများကို ဆန့်ကျင်ခြင်း အတူတူလား



ပါလစ္စတိုင်းများကို ထောက်ခံခြင်းနဲ့ ဂျူးများကို ဆန့်ကျင်ခြင်း အတူတူလား

နိုင်ငံတကာသာဂိ၊ (မိုးမခ) ဧပြီ ၂၅၊ ၂၀၂၄

မိုးမခပြည်တွင်းအယ်ဒီတာက ပြည်ပကစာရေးဆရာတွေ အခု ပါလစ္စတိုင်းအရေး ထောက်ခံဆန္ဒပြပွဲနဲ့အတူတူဖြစ်ပွားနေတဲ့ ဂျူးဆန့်ကျင်မုန်းတီးရေး လှုံဆော်နေကြတာတွေ စာမရေးဘူးလား မေးပါတယ်။ ပြည်တွင်းမှာ ကရင်ပြည်နယ်က မြ၀တီမြို့သိမ်းတိုက်ပွဲမှာ ပြည်သူတွေအားမလို အားမရဖြစ်ပြီး ကရင်လက်နက်ကိုင်အဖွဲ့တွေ၏ အသီးသီးသော ရပ်တည်ချက်တွေအပေါ် ဆန္ဒထုတ်ဖော် ဝေဖန်နေကြတဲ့ဆီမှာ သည်လိုကိုယ်ပိုင်သဘောထားထုတ်ဖော်တာကို ကရင်လူမျိုးဆန့်ကျင်ရေးလို့ ဝါးလုံးနဲ့ရမ်း ဝေဖန်မှုတွေ ဖေ့ဘုတ်က ဟိုထောင့် သည်ထောင့်မှာ ဆူညံနေတော့ ကိုယ်လည်း ကျောတော့ အတွန့်သား။ တလောကတောင် သတင်းတွေမှာ ဘင်္ဂလီလား၊ မူဆလင်လား၊ ရိုဟင်ဂျာလား ဆိုပြီး အသုံးအနှုန်းတွေ ပြောဆိုဆွေးနွေးကြတာတွေ ကြားလိုက်ရပါသေး။ သည်တော့ ကမ္ဘာမှာ ပါလစ်စတိုင်းပြည်သူတွေအရေးကို ထောက်ခံဆန္ဒပြရင်းနဲ့က ဂျူးလူမျိုးတွေကို ဆန့်ကျင်ပုတ်ခတ် ရန်လိုတာတွေပါ တွေ့ကြုံနေရတော့ ဆန္ဒထုတ်ဖော်တာနဲ့ အမုန်းတရားဖြန့်ချိတယ်လို့ တံဆိပ်ကပ်တာက အတော် အရေခွံပါးတာမို့ သတိထားရပါတယ်။

သို့သော် မိုးမခ၏ နွေဦးနေ့စဉ်သတင်းမှတ်တမ်း ရက်စွဲတွေကို ပျက်ရက်မရှိ ရေးနေသူတွေက တောင်းဆိုတာမို့ တခါတလေ ကလောင်ကိုင်ရသူမှာ အလှည့်ကျလို့ မနွဲ့စတမ်း ပါလစ္စတိုင်းအရေးနဲ့ ဂျူးတွေကို ဆန့်ကျင်ရေးက ထပ်တူကျနေသလားဆိုတာကို မိမိမြင်သလောက် ရေးသားပါမယ်။ ရေးတဲ့ဆီမှာလည်းပဲ မိုးမခလိုမျိုး လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ သတင်းဌာနအဖြစ် မှတ်ပုံတင်ထားတဲ့ အမေရိကန်က အကျိုးအမြတ်မရှာတဲ့ အဖွဲ့အစည်းဖြစ်တာမို့ ဘယ်သူ့ဆီကမှ ခွင့်တောင်းပြီး အစိုးရတွေ ငွေပေးသူတွေဆီက ခွင့်ခံစရာမလိုတာကိုလည်း ဝမ်းသာအားရ ထောက်ပြရပါမယ်။

အကယ်၍ ကိုယ်ရေးလိုက်မိတာကို အဖွဲ့အစည်းနဲ့ လူအချို့က တိုင်းပြည်ပျက်အောင် လူမျိုးသုန်းအောင် ကမ္ဘာကြီးမီးလောင်အောင် ရေးတဲ့ စာတွေ ကာတွန်းတွေပါလို့ လာစွပ်စွဲပြီး ပြသနာရှာပြီး ခြိမ်းခြောက်လာရင်လဲ မိမိတို့ဘာသာ လွတ်လပ်စွာ ထုတ်ဖော်ရေးသားတာမို့ ဘယ်သူ့ကိုမှ ကိုယ်စားပြုခြင်းမရှိတဲ့ လွတ်လပ်ခွင့်ကိုပဲ သက်သေပြစရာရှိပါတယ်။ ဒေါ်နယ်ထရန့်တောင် သူ့ဖာသာမဲရှုံးတာကို လက်မခံနီုင်ဘဲ မဲလိမ် မဲခိုးလို့ပါလို့ လွတ်လပ်စွာ သူ့အမြင်ပြောမိလို့ လွှတ်တော်ကြီးကို အစွန်းရောက်တွေ ဝင်စီးတာ သူ့အပြစ်မဟုတ်ပါလို့ ထရန့်က ငြင်းနေတဲ့ ကမ္ဘာဘက်ခြမ်းမှာ နေတဲ့ သာဂိကို နားလည်ကြမယ် ထင်ပါတယ်။ ဟဲဟဲ။

အစ္စရေး ပါလစ္စတိုင်း စစ်ရေးပဋိပက္ခမှာ လက်နက်မဲ့ အရပ်သား ပါလစ္စတိုင်းပြည်သူတွေ ကလေးတွေ မိန်းမတွေ ကိုယ်ဝန်ဆောင်တွေ ၂ သောင်းကျော်နေပါပြီ။ ရက်ပိုင်း လပိုင်းအတွင်း အစ္စရေး၏ စစ်လက်နက်များ သင့်ပြီး သေဆုံးကုန်ကြတာ ဖြစ်ပါတယ်။ စားရေ ရိက္ခာ ပြတ်လတ်နေပါတယ်။ နေစရာအိမ်တွေကနေ ထွက်ပြေးစွန့်ခွာနေရပါတယ်။ ဆေးရုံ ဆေးခန်းတွေ လောင်မီးကျ ဖျက်ဆီးခံထားရလို့ လူနာများစွာ သေဆုံး ပျက်စီးနေပါတယ်။ ဒါကြောင့် လူသားစာနာသူများက ပါလစ္စတိုင်းပြည်သူတွေအတွက် ထောက်ခံဆန္ဒပြပွဲများ ပြုလုပ်ပြီး အပစ်အခတ် ရပ်စဲရေးကို တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ အစ္စရေးစစ်ဆင်ရေးကို ကန့်ကွက် ရှုတ်ချနေကြပါတယ်။ အစ္စရေးအစိုးရကို ဆန့်ကျင်ဆန္ဒပြကြပါတယ်။ အစ္စရေးအစိုးရဘက်က ရပ်တည်နေတဲ့ အမေရိကန်အစိုးရနဲ့တကွ နိုင်ငံတကာက အစိုးရတွေကို ကန့်ကွက် ရှုတ်ချ ဆန့်ကျင် ဆန္ဒပြကြပါတယ်။ ဒါက ပါလစ္စတိုင်းတွေကို ထောက်ခံခြင်းနဲ့ ပတ်သက်ပြီး အခြေခံအချက်အလက်တွေကို ချရေးပြတာပါ။

အဲသည်နေရာမှာ ပါလစ္စတိုင်းကို ထောက်ခံတာ မထောက်ခံတာနဲ့ မသက်ဆိုင်ဘဲ မိမိပတ်ဝန်းကျင် က ဂျုးလူမျိုးတွေ အစ္စရေးနိုင်ငံသားတွေကို သူတို့၏ အသက်ကို ရန်ရှာခြင်း၊ သူတို့လူမျိုးများကို နှိမ်ချခြင်း၊ ပြစ်တင် ရှုတ်ချ ကန့်သတ်ခြင်းတွေ၊ ဆဲဆို ခြင်းတွေ လုပ်လာကြတာကိုပါ တပါတည်း မြင်တွေ့ကြလာရပါတယ်။ သည်တော့ ဂျူးလူမျိုးများကို ဆန့်ကျင်ရေးသည် ပါလစ္စတိုင်းများကို ထောက်ထားညှာတာ ထောက်ခံတာနဲ့ အတူတွဲပါနေတယ်လို့ သတင်းတွေမှာ မြင်တွေ့နေရတာ ဖြစ်ပါတယ်။

ဂျုးတွေကို ဒုတိယကမ္ဘာစစ်မှာ နာဇီတွေက လူမျိုးတုန်း သတ်ဖြတ်ချေမှုန်းခဲ့ပါတယ်။ အဲသည်အတွက် အနောက်နိုင်ငံများနဲ့ ကုလသမဂ္ဂမှာ ဂျုးလူမျိုးများ အရေးကို အထူးအာရုံစိုက်ပြီး အကာအကွယ်ပေးဖို့ သိသာထင်ရှားဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။ အဲသည်အတွက် ဂျူးလူမျိုးများ ဖြစ်တည်မှုကို အန္တာရယ်ပြုလာခြင်းကို Antisemitism လို့ ဝေါဟာရတခုနဲ့ သတ်မှတ်ထားပါတယ်။ အဲသည်အချက်ကို အထူးဂရုစိုက် ဆောင်ရွက်ကြပါတယ်။

အမေရိကန်က နိုင်ငံခြားရေးဝန်ကြီးဌာနက သည်လို သတ်မှတ်ချက် ဖွင့်ဆိုထားပါတယ်။ “Antisemitism ဆိုသည်မှာ ဂျူးများအပေါ် မုန်းတီးခြင်းထုတ်ဖော်မှုအဖြစ် ဂျူးများ၏ ရှုမြင်သုံးသပ်ချက် ဖြစ်သည်။ ဂျူးလူမျိုး သို့မဟုတ် ဂျူးမဟုတ်သူများ အပါအဝင် ၎င်းတို့၏ပိုင်ဆိုင်မှုများ၊ ဂျူးအသိုင်းအဝိုင်းအဖွဲ့အစည်းများနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံများအပေါ် ဂျူးလူမျိုး သို့မဟုတ် ဂျူးမဟုတ်သူများအပေါ် ဆန့်ကျင်ဘက်မှု ထုတ်ဖော်ခြင်း၊ လက်တွေ့အားဖြင့် လုပ်ဆောင်ခြင်းများကို ဆိုလိုသည်။”

ဂျုးလူမျိုးနဲ့ အစ္စရေးနိုင်ငံနဲ့ နိုင်ငံသားတွေအပေါ် အသက် အိုးအိမ် စည်းစိမ် ထိခိုက်အောင် လုပ်ဆောင်တာ ပြောဆိုတာ အစွန်းရောက်လှုံဆော်တာတွေကို Antisemitism လို့ သဘောထားပါတယ်။ အခု အချို့ ပါလစ္စတိုင်းထောက်ခံဆန္ဒပြပွဲတွေမှာ အစ္စရေးနိုင်ငံသားတွေ ဂျုးလူမျိုးတွေကိုပါ တရားခံတွေ အပြစ်ရှိသူတွေလို သဘောထားပြီး စကား ကိုယ်လက် အမူအရာနဲ့ တိုက်ခိုက်လာကြလို့ အခုဆိုရင် ဒါကို အမေရိကန်အစိုးရကိုယ်တိုင်က အဲသည်လူမျိုးရေးအငြင်းပွားမှုအဖြစ် ဦးမတည်အောင် ထိန်းသိမ်းနေပြီး လွှတ်တော်ကိုယ်တိုင်ကလည်း ကြားနာမှုတွေ ပြုလုပ်နေရပါတယ်။

ဘာကြောင့် ပါလစ္စတိုင်းအရေးမှာ ဂျူးမုန်တီးရေးကိုပါ ဆောင်ရွက်နေကြတာလဲ။ ဒါကတော့ ဆန္ဒပြသူတွေ တဦးချင်းဆီကို မေးရမယ့် မေးခွန်းပါ။ အမေရိကန်တွေက တယောက်ယောက်ကို မုန်းတီးနေရမှ နေပျော်တဲ့ လူမျိုးတွေလို့ အရွဲ့တိုက် ပြောရမလား မသိပါဘူး။ အမေရိကန်တွေထဲကအစွန်းရောက်သူတွေက အစ္စလမ်လူမျိုးတွေကို မုန်းတီးပါတယ်။ Isalmphobia လို့ ခေါ်ပါတယ်။ ဒါကလည်း အစ္စလမ်ဖြစ်ခြင်းကို မုန်းတီးခြင်း ဆန့်ကျင်ခြင်းလ်ု့ အဓိပ္ပါယ် ဖွင့်ပါတယ်။ အစွန်းရောက်တွေက အစ္စလမ်တွေ မမုန်းတဲ့အချိန်ဆိုရင် ဂျုးတွေကို မုန်းပါတယ်။ ဂျုးတွေ မမုန်းတဲ့နေ့ဆိုရင် မက္ကစီကိုကနေ နယ်စပ်ဖြတ်ကျော်တဲ့ တရားမဝင်နိုင်ငံသားတွေကို မုန်းကြပါတယ်။ Undocumented Immigrant တွေလို့ သူတို့က စကားလုံးသုံးပါတယ်။ နယ်စပ်ဖြတ်ကျော်တွေ မမုန်းတဲ့နေ့ဆိုရင် သူတို့တွေက အိုးအိမ်မဲ့ လမ်းပေါ်က ကျုးကျော်နေထိုင်သူတွေ (Homeless/ Unhoused People) တွေကို မုန်းပါတယ်။ အမေရိကန်တွေက အမုန်းကို ယပ်ခတ်ပြီး နေတဲ့ အကျင့်ရှိနေတာကို သည်နေရာမှာ ကြုံလို့ ထောက်ပြတာပါ။

သည်လို လူတွေအချင်းချင်း မုန်းတီးနေအောင် နောက်ကွယ်က လှုံဆော်နေသူတွေ အဖွဲ့အစည်းကြီးတွေ အကျိုးအမြတ်ထုတ်နေသူတွေ ရှိနေသလားဆိုတာက နောက် မေးခွန်း ဖြစ်ပါတယ်။ ခုနင်က ပါလစ္စတိုင်းဆန္ဒပြပွဲတွေကို တက်ကြွလှုပ်ရှားသူတွေ ကျောင်းသားလူငယ်တွေက မြို့ကြီးတွေဆီက လမ်းပေါ်ကနေ ဆန္ဒထုတ်ဖော်ကြပါတယ်။ နောက်တော့ တက္ကသိုလ်ကျောင်းတွေအထိ သယ်ဆောင်လာကြတာ ဖြစ်ပါတယ်။ ကျောင်းပုရဝုဏ်တွေအတွင်းမှာ သပိတ်စခန်းတွေ ဖွင့်ပြီး ဆန္ဒပြလာကြပါတယ်။ ပြီးတော့ ဂျုးလူမျိုးတွေ အစ္စရေးနိုင်ငံသားတွေကိုပါ ရန်ရှာတာမျိုးကိုပါ လူအုပ်အားကိုးနဲ့ လုပ်ကြပါတယ်။ ပါလစ္စတိုင်း အစ္စရေး စစ်ပွဲအစပိုင်းမှာ မူဆလင်လူမျိုးတွေ အစ္စလမ်တွေကို အမေရိကန်အချို့က တိုက်ခိုက်ရန်စတာမျိုး လုပ်ခဲ့ကြပြီး အခုတော့ အစ္စရေးတွေကို ဦးတည်လာပါတယ်။ ခုနင်က ပြောခဲ့သလို အစ္စရေးအရေးအဖွဲ့အစည်းတွေနဲ့ ပါလစ္စတိုင်းအရေးအဖွဲ့အစည်းတွေက အဆိုပါ ဘက် ၂ ဘက် ဖြစ်လာတဲ့ လူထု၊ လူငယ် အင်အားစုတွေ နောက်ကနေ အားပေးထောက်ခံကြပါတယ်။ လူထုအုံကြွမှုကို လက်ညိုးထိုးပြီး အမေရိကန်အစိုးရနဲ့ လွှတ်တော်ိကို လောဘီကြ ကင်ပိန်းတွေ လုပ်ကြပါတယ်။

ဒါကြောင့် အစ္စရေးမုန်တီးရေးကို မတားဆီးဘဲနေတယ်ဆိုပြီး အိုင်ဗီလိလို့ ခေါ်တဲ့ ထိပ်တန်းကိုယ်ပိုင်တက္ကသိုလ်ကြီးများက ကျောင်းအုပ်ကြီးတွေကို အမေရိကန်လွှတ်တော်က ဆင့်ခေါ်ပြီး ကြားနာပွဲတွေ ရှင်းလင်းပွဲတွေ လူသိရှင်ကြားလုပ်ပါတယ်။ အစ္စရေးနဲ့ ပါလစ္စတိုင်းအရေးမှာ ပုဂ္ဂလိကထိပ်တန်း တက္ကသိုလ်ကြီးတွေဖြစ်တဲ့ ယူပန်ဆီဗေးနီးယား၊ အမ်အိုင်တီ၊ ဟားဗတ်တို့က ကျောင်းအုပ်ကြီးတွေကို ၂၀၂၃ ဒီဇင်ဘာမှာ လွှတ်တော်ရှေ့ အထောင်းခံကြရပါတယ်။ သူတို့က ဂျူးတွေကို သတ်ပစ်ဖို့ ပြောဆိုတာကို လွတ်လပ်စွာ ပြောဆိုခွင့်ဖြစ်တယ်လို့ ပညာရှင်ဆန်ဆန်ဖြေမိလို့ ဝိုင်းအကြွေးခံရတာ ယူပန်းနဲ့ ဟားဗတ်က ကျောင်းအုပ်ကြီး ၂ ဦး အလုပ်က ထွက်ရပါတယ်။ နောက်ပိုင်းမှာ တက္ကသိုလ်တွေကို ငွေကြေးထောက်ပံ့သူတေ သေဌေးကြီးတွေက အစ္စရေးနဲ့ ဂျူးလူမျိုးတွေကို ခြိမ်းခြောက်မှုတွေ မကာကွယ်နိုင်ရင် ကျောင်းအတွက်အလှူငွေတွေ ရပ်ဆိုင်းပစ်မယ်လို့ သတိပေးတာ ခံရပါတယ်။ တဘက်ကလည်း ပါလစ္စတိုင်းထောက်ခံသူတွေဘက်က ထပ်ပြီး တောင်းဆိုတာက ကျောင်းကြီးတွေ၏ ရင်းနှီးမြုပ်နှံမှုတွေထဲမှာ အစ္စရေး၏ စစ်ရေးအတွက် အားပေးကူညီသူ ကုမ္မဏီကြီးတွေမှာ စတော့ရှယ်ယာတွေနဲ့ ရင်းနှီးမြုတ်နှံထားတာတွေက ရုတ်သိမ်းဖို့ ဆက်တောင်းဆိုနေကြပါတယ်။ အစ္စရေးအစိုးရကို ထောက်ခံသူတွေနဲ့ ပါလစ္စတိုင်းပြည်သူတွေကို ထောက်ခံသူတွေကြားမှာ တင်းမာမှုတွေ ပြင်းထန်လာတယ် ဆိုရမှာပါ။

ဒါနဲ့ အရင်အပတ်က ကိုလံဘီယာယူနီဗာစီတီက ကျောင်းအုပ်ကြီး (president) ကို လွှတ်တော်က ဆင့်ခေါ်ပြီး ထပ်ကြားနာပြန်ပါတယ်။ ကိုလံဘီယာကျောင်းအုပ်ကြီးကတော့ Antisemtiment ကို သီးခံမှာမဟုတ်ဘူး၊ အရေးယူမယ်၊ ကာကွယ်တားဆီးမယ်လို့ အဖြေကောင်းသော်လည်း ကျောင်းသားတွေက မကျေနပ်လို့ ကျောင်းမှာ သပိတ်စခန်းတွေ တိုးပြီး ဆန္ဒပြပွဲတွေ ပြင်းထန်လာတာမို့ ကျောင်းတွေမှာ စာသင်ခန်းတွေ ပိတ်၊ အဝေးသင်နဲ့ပဲ စာသင်မယ်လို့ ကျောင်းက ထုတ်ပြန်ရပါတယ်။ ကျောင်းက လုံခြုံရေးတွေနဲ့ ကျောင်းတွင်းရောက် ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ကြရပါတယ်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ အခြား ပုဂ္ဂလိကတက္ကသိုလ်ကြီးတွေကနေ ပြည်နယ်အစိုးရတွေဖွင့်တဲ့ တက္ကသိုလ်တွေဆီကိုပါ တစတစ ပြန့်နှံလာတယ် ပြောကြတယ်။ ပုဂ္ဂလိကတက္ကသိုလ်ကြီးတွေက ကျောင်းသားတွေက ပါလစ္စတိုင်းထောက်ခံပွဲတွေ ခြိမ့်ခြိမ့်သဲရတာလဲ ဆိုတော့ ကျောင်းကြီးတွေ နောက်မှာက သေဌေးကြီးတွေက ထောက်ပံ့လို့ ကျောင်းတွေက ချမ်းသာတဲ့ကျောင်းကြီးတွေ ဖြစ်နေတာ။ သည်တော့ အစ္စရေးစစ်ပွဲကို ထောက်ခံအားပေး လက်နက်ရောင်းနေတဲ့ လုပ်ငန်းရှင်ကြီးတွေကို ပစ်မှတ်ထားဖို့က သည်လို ပုဂ္ဂလိကကျောင်းကြီးတွေနဲ့ သူတို့ကျောင်းသားတွေကို လှုံဆော် စည်းရုံး ပေးနိုင်မှ ထိရောက်တဲ့ လှုပ်ရှားမှုဖြစ်မှာ မို့ပါပဲ။ အများပြည်သူတွေ အားလုံး၏ အုံကြွမှုကို ပစ်မှတ်ထားတာ မဟုတ်ဘူးဆိုတာကို ထောက်ပြလိုရင်း ဖြစ်ပါတယ်။

သည်တော့ ပါလစ္စတိုင်းများကို ထောက်ခံခြင်းနဲ့ ဂျုးများကို ဆန့်ကျင်ခြင်း အတူတူပဲလားလို့ မေးရင်တော့ - အခြေခံသဘောတရားအားဖြင့် မတူပါ။ အစ္စလမ်ကို မုန်းတီးခြင်း၊ ဂျူးများကို ဆန့်ကျင်ခြင်း ဆိုတဲ့ Islamphobia, Antisemtiment အစွန်းရောက်အမုန်းတရားသည် ပါလစ္စတိုင်းများကို ထောက်ခံခြင်းနဲ့ လုံးလုံးမှ မဆိုင်သင့်ပါ။ ဂျုးများကို ဆန့်ကျင်ခြင်းကို လက်မခံသလို အစ္စလမ်မုန်းတီးရေးကိုလည်း နေရာပေးခြင်း မပြုရပါ။ သည်လို ဖြေရမှာ ဖြစ်ပါတယ်။ လူတဦးချင်းစီ၏ လွတ်လပ်ခွင့် ထုတ်ဖော်ပြောဆိုခွင့်ကို တန်ဖိုးထား လေးစားရမှာ ဖြစ်သလို လူမျိုးတမျိုးလုံးကို သိမ်းကြုံးပြီး ဆန့်ကျင် မုန်တီးရေး ပြောလာတာမျိုးကို အားပေးလို့ မရဘူးဆိုတာ နားလည်ရမှာ ဖြစ်ပါတယ်။ သို့သော် ဘက်လိုက်သူများထဲက အယူအဆပြင်းထန်သူတွေကတော့ တဖက်ဖက်ကို အပြစ်ပုံ လက်ညိူးထိုးပြီး မိမိတို့အရေးကို အလွန်အမင်း ရှေ့တန်းတင်ကြတာတွေ ပြစ်တင်တိုက်ခိုက်ကြတာတွေ လုပ်နေကြတာကိုလည်း သတိထားရမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar